သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိုးရ ဘာတွေလုပ်

ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးစိုးသူရထွန်း

Your browser doesn’t support HTML5

သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး

သဘာဝသယံဇာတ ပေါကြွယ်တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ သဘာဝဝန်းကျင်အတွက် လက်ရှိ NLD အစိုးရ ဘာတွေလုပ်ဆောင်နေပါသလဲ။ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်း ကို ဒေါ်ခင်မျိုးသက် က ရန်ကုန်မြို့ VOA Studio မှာ မေးမြန်းထားပါတယ်။

မေး ။ ။ အခုလို VOA ကို လာရောက်ပြီးတော့ ဖြေကြားပေးတဲ့အတွက် ဦးစိုးသူရထွန်းကို အများကြီးကျေးဇူးတင်ပါတယ်။ ဦးစိုးသူရထွန်းက သယံဇာတနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မလာခင်၊ သယံဇာတနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ဒီအစိုးရသက်တမ်းအတွင်းမှာ လုပ်နေလဲ။ အခုဆို အစိုးရသက်တမ်းလည်း ကုန်ဆုံးတော့မယ်။ လေးနှစ်တာကာလအတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့သလဲဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ လွှတ်တော်အနေနဲ့ကတော့ နှစ်ပိုင်းပေါ့။ တဘက်က ကျနော်တို့က စောင့်ကြည့်ထိန်းမတ်ခြင်း - Oversight လုပ်ရတဲ့ တာဝန်ရှိပါတယ်။ နောက်တခုကတော့ အဓိကတာဝန်ဖြစ်တဲ့ legislative ဥပဒေပြုရေး တာဝန်ပါ။ သယံဇာတကဏ္ဍဆိုရင်တော့ သိသိသာသာ ထင်ထင်ရှားရှာဆိုရင်တော့ သတ္တုတွင်းနည်းဥပဒေကို ပြန်ပြီးတော့ ပြင်ဆင်ပြီးတော့ အတည်ပြုပေးနိုင်ခဲ့တာ ရှိပါတယ်။ နောက်တခါ မြန်မာ့ကျောက်မျက်ရတနာဥပဒေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြန်လည်ပြင်ဆင်ပြီးတော့ ရေးဆွဲထားတာ ရှိပါတယ်။ နောက်တကဏ္ဍအနေနဲ့ သစ်တောဥပဒေကိုလည်း အသစ်ပြင်ဆင်ပြီးတော့ ပြဌာန်းခဲ့တာလည်း ရှိပါတယ်။ ဒါကတော့ ဥပဒေပြုရေးကဏ္ဍဘက်က ကျနော်တို့ လုပ်နိုင်ခဲ့တာပါ။

နောက်တခါ စောင့်ကြည့်ထိန်းမတ်တဲ့အပိုင်းကတော့ နည်းနည်းများပါတယ်။ ဒါကတော့ ပြည်သူလူထုကနေ ဖြစ်ပေါ်လာတဲ့ တိုင်စာတွေ၊ အကြံပြုစာတွေပေါ်မှာ ကြည့်ပြီးတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ ဒါကို တည့်မတ်ပေးခဲ့ရတာတွေလည်း ရှိပါတယ်။ နောက်တခါ တခြားသတင်းမီဒီယာတွေကအစ ကျန်တဲ့နေရာတွေ sectors တွေကနေ ရရှိလာတဲ့ အချက်အလက်တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို - ဥပမာ ကျနော်တို့နဲ့ တိုက်ရိုက်ဆိုင်တာကတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနပါ။

ဒါပေမဲ့လဲ တခြားဌာနတွေရဲ့ အကူအညီကိုလည်း ရယူပြီးတော့၊ ဆိုပါတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကနေ ဒီရေအရင်းအမြစ်တွေ၊ မြစ်ချောင်းတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရတာတွေလည်း ရှိတယ်။ နောက်တခါ တချို့နေရာတွေကြရင် ကာကွယ်ရေးတို့၊ ပြည်ထဲရေးတို့ရဲ့ အကူအညီကိုပါယူပြီးတော့ ပြည်သူလူထု မထိခိုက်အောင် သယံဇာတထုတ်ဖော်ရေးကြောင့် တခြားပြဿနာတွေ မဖြစ်လာအောင်ဆိုတာမျိုးတွေကို ထိန်းကြောင်းရတာတွေ ရှိပါတယ်။

မေး ။ ။ အားလုံးဆက်နွှယ်နေတာပေါ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကတော့ နည်းနည်းတော့ ကျယ်ပြန့်ပေမယ့် အခု လုပ်နိုင်တဲ့ အတိုင်းအတာ ဘယ်လောက်ထိများ လုပ်နိုင်ပါသလဲ။

ဖြေ ။ ။ နှစ်မျိုးပါပဲ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ မူရင်း ကမ္ဘာကြီးပူနွေးလာတာနဲ့ ပတ်သက်ပြီးတော့ Global Climate Change ကို ကျနော်တို့ စဉ်းစားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ဘက်က Party Commitment လည်းရှိတဲ့အခါမှာ သဘာဝထိန်းသိမ်းရေး နယ်မြေတွေကို တိုးချဲ့ပြီး တည်ထောင်တဲ့အခါမှာ အရင်တုန်းက ရှိခဲ့တဲ့ နယ်မြေတွေကို တချိန်တုန်းကတော့ ဥပမာဆိုပါတော့ နမူနာပြောရရင် ခါကာဘိုရာဇီ သဘာဝထိန်းသိမ်းရေးနယ်မြေဆိုရင် အဲဒီခေတ်၊ အဲဒီအခါအရ တည်ထောင်သာ တည်ထောင်ခဲ့တယ် ဒေသခံပြည်သူတွေအတွက်ကို သူတို့သိပ်မစဉ်းစားနိုင်ခဲ့ဘူး။ ပြည်သူတွေမှာ အကျပ်အတည်း၊ အခက်အခဲတွေ တွေ့ရတယ်။ သူတို့မှာ တသက်လုံးနေခဲ့တဲ့ တောတောင်တွေမှာ သွားလို့မရဘူးဆိုတာမျိုး ပြဿနာတွေ ရှိပါတယ်။

ကျနော်တို့အလှည့်မှာ ဒါကို ဥပဒေပြု ပြန်လည်ပြဌာန်းတဲ့အခါမှာ အရင်တုန်းက သဘာဝနယ်မြေများ ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို ဇီဝမျိုးစုံမျိုးကွဲများနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအနေနဲ့ ပြဌာန်းလိုက်တဲ့အခါမှာ ဒေသခံပြည်သူတွေကိုယ်တိုင် ထိန်းသိမ်းနိုင်တဲ့ သစ်တောတွေ၊ သူတို့ရဲ့ ပိုင်ရာဆိုင်ရာဆိုင်ခွင့် သူတို့ တောင်ယာတွေ စိုက်နိုင်ဖို့၊ သားရဲတိရစ္ဆာန်ကို သူတို့လိုအပ်သလို သူတို့အစီအစဉ်နဲ့ ထုတ်ယူစားသုံးနိုင်ဖို့အတွက် နေရာလေးတွေ ချန်ထားပြီးတော့မှ တကယ်ထိန်းသိမ်းရမယ့် Core Zone ကိုပဲ ထိန်းသိမ်းတဲ့ သဘောမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါက ထိန်းသိမ်းရေးအပိုင်းပါ။

အဲဒီလိုနယ်မြေတွေကို တိုးချဲ့တည်ထောင်ပြီးတော့ မြန်မာနိုင်ငံတဝှမ်းမှာ ဟိုအထက် ခါကာဘိုရာဇီကနေ တောင်ဘက် လန်ပိကျွန်းအဏ္ဍဝါ အမျိုးသားဥယျာဉ်အထိ တိုးချဲ့တည်ထောင်တာတွေ ရှိတယ်။ အဲဒီလိုလုပ်တဲ့အခါမှာလဲ Executive အလုပ်လုပ်ရတဲ့ ဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းနဲ့ ရန်ပုံငွေ အားနည်းချက်တွေ ရှိမှာဆိုတဲ့အတွက် ကျနော်တို့လွှတ်တော်က ဒါကိုဘတ်ဂျက်တွေ ချပေးပြီးတော့ ထူထောင်ပေးရတာတွေလည်း ရှိပါတယ်။ ဒါကတော့ ထိန်းသိမ်းတဲ့အပိုင်းပါ။

နောက်တပိုင်းကတော့ စီမံခန့်ခွဲမှုအပိုင်းပါ။ ဒါကတော့ အခုနပြောတဲ့ သတ္တုတွင်းမှာဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံတွေပဲဖြစ်ဖြစ် စီမံကိန်းတွေကလုပ်တော့ လုပ်လည်းလုပ်ရမယ်၊ ဒါမှလဲ လူအများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖြစ်လာမယ်။ တဘက်ကလဲ အဲဒီလိုလုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို စီမံချက်တွေ ချပေးပြီးတော့ ဝိုင်းပြီးတော့၊ အပြန်အလှန် ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပါတယ်။

မေး ။ ။ ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လေထုညစ်ညမ်းမှုတို့၊ မြေထုညစ်ညမ်းမှုတို့က အရမ်းအရေးပါပါတယ်။ အဲဒီအထဲမှာ ကျောက်မီးသွေးစက်ရုံတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြနေတာတွေ အများကြီးတွေ့ပါတယ်။ ပြည်သူတွေက မကျေနပ်လို့ သူတို့နယ်မြေတွေမှာ ရေတွေပျက်စီးတယ်၊ မြေတွေပျက်စီးတယ်။ နောက်လေထုမှာလည်း ညစ်ညမ်းမှုတွေ ဖြစ်တယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်နေလဲဆိုတာကို နည်းနည်းသိချင်ပါတယ်။

ဖြေ ။ ။ ကျနော်တို့ကတော့ ဥပဒေပြုရေးပိုင်းဖြစ်လို့ အဓိကတော့ စံချိန်စံညွှန်းပါ။ အဲဒီတော့ ဘယ်လိုစက်ရုံမျိုးပဲ တည်ထောင်တည်ထောင် ကျောက်မီးသွေးလည်း အလားတူပဲ - ကျနော်တို့က လေထုထဲကို ပျံ့နံှ့မယ့် ကာဘွန်ဒိုင်အောက်ဆိုဒ် (CO2) SOX, NOX, နိုင်ထရိုဂျင်အောက်ဆိုဒ် (N2), ကာဘွန်မိုနော်ဆိုဒ် (CO) တွေ ဘယ်လောက်အထိ ထွက်သလဲ။ ဒီ Emission ကို သူတို့ ဘယ်လောက်ထိ ထိန်းသိမ်းနိုင်သလဲ။ ဒါက အခိုးအငွေ့ ထုတ်လွှတ်တာ။ တပြိုင်တည်းမှာ သူ့ရဲ့ပြာ ဖြစ်လာတဲ့အခါမှာ ဒီပြာတွေကလည်း ဘေးအန္တရာယ် ဖြစ်စေတော့ ဒီပြာတွေကို ဘယ်လိုထိန်းသိမ်းမလဲပေါ့။ ထိန်းသိမ်းနိုင်မယ့်လူကို ကျနော်တို့က မကန့်ကွက်ပါဘူး။ ကျနော်တို့က ဥပဒေပြုရေးဆိုင်ရာအရ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ ကြည့်ပြီးတော့ ကောင်းမွန်အောင် လုပ်နိုင်တဲ့လူရှိရင် ဒီအပေါ်မှာ ကျနော်တို့က ထူးထူးခြားခြား ကန့်ကွက်ဖို့ မရှိပါဘူး။

ပြည်သူလူထုက ကန့်ကွက်တယ်ဆိုတာကတော့ ဒါကတော့ စိုးရိမ်မှုကြောင့် ဖြစ်တာပါ။ ပြီးခဲ့တဲ့ခေတ်တွေမှာ ခံခဲ့ရတဲ့ ဆိုးကျိုးတွေကြောင့် နောက်လာမယ့်လူကို ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံကြည်တော့ဘူး။ လွယ်လွယ်နဲ့ မယုံကြည်နိုင်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်တာပါ။ တကယ်တမ်းတော့ နည်းပညာတွေက တိုးတက်နေပါပြီ။ တကယ်တမ်း ကောင်းအောင်လုပ်နိုင်တဲ့လူရှိရင် ကျနော်တို့က ကြိုဆိုရမှာ ဖြစ်ပြီးတော့၊ မကောင်းရင်လဲ ချက်ချင်းပိတ်သိမ်းပြီးတော့ အရေးယူရမှာ ဖြစ်ပါတယ်။ ဒါကတော့ ရှေ့အခါအချိန်က အခြေအနေကြောင့် စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ရှိနေတယ်ဆိုတာ မဆန်းပါဘူး။ ပြည်သူလူထုကတော့ ဒီအတိုင်းပဲ ရှိမှာပါ။

မေး ။ ။ ဆိုတော့ ဖားကန့်လို နေရာမျိုးမှာ အရင်တုန်းက တူးထားတဲ့ လက်ရှိလည်း တူးနေတဲ့ မြေပြိုတာတွေ၊ လူတွေ အသက်အန္တရာယ် ထိခိုက်တာတွေ ရှိတယ်။ ဒီဟာတွေ ပျက်စီးနေတာတွေ၊ သဘာဝမြေအနေအထားတွေ ပျက်စီးနေတာတွေ - ဒါတွေအတွက် ပြန်ပြီးတော့ ပြင်ဆင်ပြုပြင်ဖို့ ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပါပြီလဲ။

ဖြေ ။ ။ အဲဒါလဲ ကျနော်တို့ကတော့ ကျောက်မျက်ရတနာကနေ အမြတ်ရတဲ့လူတွေကပဲ ပြန်လုပ်ပေးရမှာပေါ့။ တကယ့်သဘောသဘာအရတော့။ နောက်တခါ အမြတ်ရခဲ့တဲ့ လူတွေဆိုတဲ့နေရာမှာ လုပ်ငန်းရှင်ပါသလို၊ နိုင်ငံတော်လည်း ပါပါတယ်။ သူတို့လုပ်ဖို့အတွက်ကို ကျနော်တို့က အခုလောလောဆယ်တော့ ကော်မတီတခုဖြစ်ဖို့ လုပ်ငန်းရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ပြန်ထိန်းသိမ်းဖို့နဲ့ ပြန်လည်ထူထောင်ဖို့အပိုင်းကို ကျနော်တို့ သွားပြီးတော့ ဦးစားပေးပြီး တိုက်တွန်းနေပါတယ်။ ဒါကလဲ မကြာခင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒါဆိုရင် သူတို့ကိုယ်တိုင်လဲ တချို့ကလဲ တကယ်လဲလုပ်ချင်ကြတယ်။ အထူးသဖြင့် ဥရုချောင်းဆိုရင် ရေကတဖြည်းဖြည်းနဲ့ တိမ်ကောလာတယ်။ အဲဒီအခါမှာ ဒါကိုတူးဖော်တာ - ပုံမှန်တူးဖော်နေတာနဲ့ မရပါဘူး။ Scientific Assessment သေချာလေ့လာပြီးတော့မှ ဘယ်လိုနည်းလမ်းနဲ့ ထိန်းသိမ်းမလဲ။ ဘယ်လိုကာကွယ်မလဲ။ မြေထိန်းနံရံတွေ ဘယ်လိုတည်ဆောက်မလဲ။ ဒါမျိုးတွေကိုပါ စဉ်းစားပြီးတော့ ဆောင်ရွက်ရမှာမို့ ဒါကတော့ နည်းနည်းကြာမယ့် လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

မေး ။ ။ အစပျိုတာတော့ လုပ်နေပြီပေါ့။ ဆိုတော့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေထဲမှာ အဓိက အမှိုက်ပြဿနာက အဓိကတွေ့ရပါတယ်။ ဆိုတော့ အမှိုက်ပြဿနာနဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးနဲ့ ခြုံပြီးတော့ ဘယ်လိုဥပဒေများ ချထားပေးလဲ။ ဒီလိုမျိုး အမှိုက်ကို ထိန်းသိမ်းနိုင်အောင် ဘာတွေများ လုပ်နေပါလဲ။

ဖြေ ။ ။ လောလောဆယ် အမှိုက်နဲ့ ပတ်သက်ပြီးတော့ Waste Disposal အားလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတခု၊ ခြုံငုံတဲ့ဥပဒေတခုကို ရေးဆွဲနေပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ - အဲဒီဥပဒေ ဖြစ်လာရင်တော့ ပိုပြီးတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာမှာပါ။ အမှိုက်နဲ့ပတ်သက်ပြီး တောက်လျှောက် မြန်မာနိုင်ငံမှာ စဉ်းစားခဲ့တာက စည်ပင်သာယာ Municipal ရှုထောင့်နဲ့ပဲ စဉ်းစားကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေ စဉ်းစားခဲ့တာ နည်းပါတယ်။ အခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေ အမှိုက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ။ ဘယ်လို သူ့အပေါ်မှာ Conserve လုပ်မလဲဆိုတာကို ကျနော်တို့ စတင်ပြင်ဆင်လျှက် ရှိပါတယ်။

မေး ။ ။ ဆိုတော့ အတိုင်းအတာ အခုမှစတယ်ဆိုတဲ့ သဘောပေါ့။ ဘာမှ အကောင်အထည် မဖော်နိုင်သေးဘူးပေါ့။ ဆိုတော့ အမှိုက်မှာမှ အဓိက တကမ္ဘာလုံးမှာ ပြဿနာ ဖြစ်နေတာက ပလက်စတစ် ပြဿနာ။ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘယ်အတိုင်းအတာအထိ ကိုင်တွယ်နိုင်ပါပြီလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ဥပဒေပြုရေး ရှုထောင့်နဲ့ တဘက်က လူထုကို ပညာပေးတဲ့ရှုထောင့်။ အဲဒီတော့ ၂၀၀၈ ခုနှစ်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ပုဒ်ကလည်း Plastic Pollution ကို တိုက်ခိုက်ဖို့၊ ထိန်းသိမ်းဖို့အတွက်ကို ဦးစားပေးခဲ့တာဆိုတော့ အဲဒီအချိန်မှာ ကျနော် လွှတ်တော်ထဲမှာလည်း ကိုယ်တိုင်ပဲ ပညာပေးဟောပြောပွဲတွေ လုပ်ပါတယ်။ နောက်တခါ ဒါနဲ့ပတ်သက်ပြီး Panel Discussion နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ကိုယ့်မြို့နယ်ကိုယ်ပြန်ပြီး ဒါကို ပြန်လည်ရှင်းလင်းပြနိုင်အောင် ပြန်ပြီးထိန်းကျောင်းနိုင်အောင် ဆိုပြီးတော့ လှုံဆော်ပေးတာတွေ ရှိပါတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်။ တခြားလဲ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ဖိတ်ကြားလို့ရှိရင်တော့ ကျနော်တို့သွားပြီးတော့ ဟောပြောပေးတာ၊ ပညာပေးအပိုင်းတော့ လုပ်ပါတယ်။

အရေးကြီးတာက ပလက်စတစ်ကို ကျနော်တို့ ရှင်းလင်းဖို့အတွက် ပလက်စတစ်အမှိုက်ကို လျှော့ချမယ်ဆိုရင် အစားထိုးပစ္စည်းတွေ။ အခုနပြောသလို အဝတ်အိတ်ကို အမြဲတမ်း ဈေးဆိုင်ကိုသွားရင် အိတ်ကိုယူသွားပြီးတော့မှ ထည့်ယူတာ။ တနည်းအားဖြင့် ပလက်စတစ်ကို မသုံးဘဲနဲ့၊ မသုံးဘဲနေနိုင်အောင် ဆောင်ရွက်တာမျိုး။ အခြားအစားထိုး တချိန်တုန်းကဆိုရင် မြန်မာလူမျိုးတွေက စားစရာသောက်စရာ ဝယ်ယူလို့ရှိရင် ဖတ်နဲ့ထုတ်ယူတယ်။ ဒီလိုနည်းလမ်းက ဖတ်ကိုလွှင့်ပစ်လိုက်ရင် စည်ပင်သာယာသဘောအရ အမှိုက်ပစ်တာမှန်ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောအရတော့ သူက ပျက်စီးလွယ်တဲ့ ပစ္စည်းဖြစ်တယ်။ Organic ပစ္စည်းဖြစ်တဲ့အခါကြတော့ ပြဿနာက အများကြီးနည်းပါတယ်။ ဒါပေမဲ့ အဲဒါက အလားတူ ဘာဖြစ်လဲဆိုတော့ သစ်ပင်တွေ ထိခိုက်မှုတွေ တပြန်ပြန်ဖြစ်လာနိုင်တယ်။

နောက်တခါ ရှိပြီးသာ သုံးပြီးသာ ပလက်စတစ်အမှိုက်ကို ကျနော်တို့က ဘယ်လိုဖျက်ဆီးမလဲဆိုတဲ့အခါမှာ သူကို Landfill မြေအစားထိုးဖို့တဲ့နည်းနဲ့ ထိန်းသိမ်းတဲ့နည်းလမ်းကတော့ တခါဘာဖြစ်ပြန်လဲဆိုတော့ မြေအောက်ရေ စီးဆင်းသွားလာမှုကို မြေဆီလွှာထိခိုက် Pollution လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က အကောင်းဆုံးနည်းလမ်းတခုအနေနဲ့ စဉ်းစားတာကတော့ Waste to Energy သူကို မီးရှို့ပြီးတော့ လောင်မြိုက်တဲ့စွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားလည်းရအောင်ဆိုတဲ့ နည်းလမ်းကိုလည်း ကျနော်တို့ စဉ်းစားခဲ့ပါတယ်။ အဲဒီအတွက်လဲ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးတယ်။ တချို့နိုင်ငံတွေလည်း သွားရောက်လေ့လာတယ်။ သက်ဆိုင်ရာ မြို့တော်စည်ပင်တွေ၊ ရန်ကုန်နဲ့ မန္တလေး အဓိကပေါ့။ သူတို့ကိုလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်ရင် Waste to Energy Plants တွေ ဖြစ်လာအောင်ဆိုတဲ့ တိုက်တွန်းမှုတွေလည်း ရှိပါတယ်။ တခါတရံ စဉ်းစားမိတာက အဲဒီလို လုပ်ပြန်ရင်လဲ တခါဘာဖြစ်မလဲဆိုတော့ မီးရှို့တဲ့အတွက်ကြောင့်မို့ ဖြစ်လာတဲ့ဂတ်စ်တွေက Pollution ဘယ်လောက် ဖြစ်လာနိုင်သလဲဆိုတာကို စဉ်းစားရပါတယ်။ ဆိုတော့ ဘက်ပေါင်းစုံနဲ့ စဉ်းစားပြီးတော့ ပလက်စတစ်ကြောင့်ဖြစ်မယ့် အညစ်အကြေးကို လျှော့ချဖို့အတွက် စဉ်းစားနေခဲ့တာ ရှိပါတယ်။

မေး ။ ။ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပါပြီလဲ။

ဖြေ ။ ။ အခုထိတော့ Implementation လက်တွေ့လုပ်တဲ့နေရာမှာ ရန်ကုန်မြို့ဆိုရင် ထိန်းပင်အမှိုက်ပုံမှာတော့ အမှိုက်ကို ချေဖျက်ဖို့အတွက် စက်ရုံတွေကို စလုပ်ဖို့ လွှတ်တော်မှာပဲ နိုင်ငံတကာချေးငွေတွေနဲ့ ရယူပြီးတော့ နည်းပညာကိုလည်း ရယူပြီးတော့လုပ်ဖို့ ပြင်ဆင်နေတာ ရှိပါတယ်။ ဒါက မကြာခင် ဖြစ်လာမှာပါ။ အခုနပြောတဲ့ Energy ထုတ်နိုင်တဲ့အဆင့်ကတော့ အခုထိ မရောက်သေးပါဘူး။ ဒီလုပ်ငန်းစဉ်ကလဲ လွှတ်တော်နဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ကလဲ နည်းနည်းလေးတော့ နှေးကွေးတာလေးတွေ ရှိပါတယ်။ ကျနော်ဆိုရင် ဒီအလုပ်ကို လုပ်နေတာ (၂) နှစ်ခွဲလောက် ရှိနေပေမယ့် ဒီနေ့အထိ ဖြစ်ပေါ်တိုးတက်လာတာတွေ နည်းတော့နည်းသေးတယ်။ အမှန်အတိုင်း ဝန်ခံတာပါ။

မေး ။ ။ ဒီအစိုးရလက်ထက်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ဘယ်အပိုင်းကဏ္ဍမှာ အအောင်မြင်ဆုံး ဖြစ်တယ်လို့ ယူဆပါလဲ။ နောက်ပြီးတော့ ဘယ်အပိုင်းကဏ္ဍကတော့ မကိုင်တွယ်နိုင်သေးဘူးလို့ သတ်မှတ်ပါလဲ။

ဖြေ ။ ။ ကျနော်တို့ လွှတ်တော်ကော်မတီအနေနဲ့ ကြည့်ရှုရတာကတော့ အကြမ်းမျဉ်း (၃) ကဏ္ဍ - သတ္တုကဏ္ဍ၊ သစ်တောကဏ္ဍ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေပါ။ အဲဒီတော့ သစ်တောကဏ္ဍကတော့ အအောင်မြင်ဆုံးလို့ ပြောရမှာပါ။ လက်တွေ့ကျကျနဲ့ လုပ်နိုင်တယ်။ အခုဆိုရင် လူတွေမြင်နေတာက သစ်ခိုးဖမ်းတာတွေ၊ ထုတ်တာတွေကို မြင်နေတယ်။ တကယ်တမ်းက ဒါက တချိန်တုန်းက နှစ်ပေါင်းများစွာ ခိုးထုတ်နေတာ။ ကျနော်တို့လက်ထက်မှာ အများကြီးဖမ်းနိုင်ခဲ့တော့ ဖမ်းတာတွေကိုမြင်တော့ သစ်တွေခိုးနေတာလို့ မြင်တာပေါ့။ အမှန်တကယ်တော့ တော်တော်လေး ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါတောင်မှ နည်းပညာတွေက မြှင့်လာတော့ chainsaw လို လက်နက်ကရိယာမျိုးနဲ့ ထိုးဖြတ်လိုက်ရင် သစ်ကလွယ်လွယ်လေးနဲ့ ပါသွားပါတယ်။ ဒါကို ကျနော်တို့က ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ လုပ်ရပါတယ်။ တခါ စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့တယ်။ တခါ အခုနပြောတဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သားငယ်ထိန်းသိမ်းရေးနဲ့ သဘာဝနယ်မြေတွေ တည်ထောင်ရေးကိုလည်း ကျနော်တို့တွေ တိုးချဲ့ပြီးလုပ်နိုင်ပါတယ်။

ဒုတိယနဲ့ တတိယပြောရင် သတ္တုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍမှာတော့ ကျနော်တို့ တော်တော်လေး ခက်ခက်ခဲခဲတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားအကြောင်းတခုက ဘာလဲဆိုတော့ သတ္တုတွေ၊ ရတနာတွေ နယ်မြေတွေက ငြိမ်းချမ်းရေးအရလည်း မပြည့်စုံ မရသေးတာလည်းပါတယ်။ နောက်တခါ သယံဇာတ ခွဲဝေရေးအတွက် မူဝါဒ - ဖယ်ဒရယ်ပြည်ထောင်စုကို သွားတဲ့အချိန်မှာ ပြတ်ပြတ်သားသား မရှိသေးတာကြောင့်လဲပါတယ်။ အဲဒီအပိုင်းမှာ နည်းနည်းလေး နှေးတော့နှေးနေပါသေးတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။

==Unicode==

























