ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ကျား-မ တန်းတူအခွင့်အရေး ရရှိဖို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ဆောင်ရွက်ခွင့် ရရှိဖို့စတဲ့ ကိစ္စတွေမှာ ပါဝင်ေဆောင်ရွက်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုကပေးတဲ့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုအတွက် ရွေးချယ်ခံရတာ ဖြစ်တယ်လို့ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူက ပြောပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ အကြမ်းဖက်မှု မျိုးစုံကနေ ကာကွယ်နိုင်မဲ့ ဥပဒေတွေ ပေါ်ပေါက်လာဖို့၊ တခါ ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေ ရပ်ဆဲရေးစတာတွေကိုလည်း ကြိုးစား ဆောင်ရွက်နေပါတယ်လို့ Washington DC မြို့တော်မှာ ဆုလာရောက် လက်ခံစဉ်မှာ VOA ကို ပြောပါတယ်။ အမေရိကန်အစိုးရကပေးတဲ့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု (International Women of Courage Award) ရရှိတဲ့ မမေစပယ်ဖြူကို ဗွီအိုအေ ဝိုင်းတော်သူ မအင်ကြင်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ မမေစပယ်ဖြူအနေနဲ့ နိုင်ငံတကာအမျိုးသမီး သတ္တိရှင်ဆုကို ဘာကြောင့် ချီးမြှင့်ခံရတယ်လို့ မြင်လဲရှင့်။
မမေစပယ်ဖြူ ။ ။ ကျမအမြင်ကတော့ တကယ်တော့ မြန်မာနိုင်ငံမှာ သတ္တိရှိတဲ့ အမျိုးသမီးတွေ။ အမျိုးသမီးအရေးအတွက်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားလုံးရဲ့ အကျိုးအတွက်ကို ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စွမ်းစွမ်းတမန် ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေ ကျမတယောက်တည်း မဟုတ်ပါဘူး၊ အများကြီး ရှိပါတယ်။ ဒါပေမဲ့လဲ ကျမကို ဘာကြောင့် ရွေးချယ်ချီးမြှင့်ရသလဲဆိုတဲ့ မေးခွန်းလေး။ လူတွေတော်တော်များများကလဲ Facebook မှာလဲ အဲဒီမေးခွန်းကို မေးထားတာကို တွေ့ရတယ်။ ကျမလည်း စဉ်းစားကြည့်ပါတယ်။ ဘာကြောင့် သူတို့ ကျမကို ရွေးချယ်တာများ ဖြစ်လိမ့်မလဲလို့။ ကျမ စဉ်းစားမိတဲ့ အတွေးလေးကိုပဲ ပြောပြပါရစေ။ မှန်ပါတယ်။ အမျိုးသမီးအရေးနဲ့ ကျားမ တန်းတူအခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်ကြသူ အများကြီးထဲမှာမှ ကျမကို ရွေးချယ်ရတဲ့အကြောင်းတွေထဲမှာ ကချင်တိုင်းရင်းသူဖြစ်တယ်။ ပြီးတော့ ကျမဟာ အမျိုးသမီးအရေးနဲ့ ကျားမတန်းတူညီမျှရေးအတွက် ဒီ issue တခုအတွက် ဆောင်ရွက်နေတာ မဟုတ်ဘူး။ တဖက်မှာ ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်ရရှိရေး။ ပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီးတွေကို အကြမ်းဖက်မှုပေါင်းစုံကနေ ကာကွယ်ပေးနိုင်မယ့် ဥပဒေမူကြမ်း ဖြစ်ပေါ်လာရေး အပါအဝင်။ အမျိုးသမီးတွေကို အမျိုးဘာသာ သာသနာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အကြောင်းပြချက်နဲ့ တာဝန်တွေကို စုပုံပြီးတော့ ချတာ။ ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး ဥပဒေတွေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ် တားဆီးဖို့အတွက် ကြိုးစားတာတွေကိုလည်း ရှေ့တန်းကနေ မားမားမတ်မတ်ရပ်ပြီးတော့ ကျမတို့အပေါ်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ။ ပြီးတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ အများကြီးကို ပြုလုပ်သော်လဲ နောက်မဆုတ်ဘဲနဲ့ ဒီကနေ့အထိ ရပ်တည်ပြောဆိုနေမှုတွေပေါ့။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ issue အများကြီးကို ကျမတို့ ပါဝင်ဆောင်ရွက်နေတာကလည်း တစိတ်တပိုင်း ပါပါလိမ့်မယ်။ ကချင်တိုင်းရင်းသား ဖြစ်တာရော၊ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေအတွက် ဆောင်ရွက်ရင်နဲ့ ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုပြီးတော့ အရေးယူခံရဖူးတယ်။ တရားစွဲခံရတဲ့ process မှာလည်း တနှစ်ကျော် (၁၄) လကြာတယ်။ တရားရုံးတွေကို အကြိမ်ပေါင်းများစွာ သွားပြီးတော့မှ ဒီလိုမျိုး ကိုယ့်ရဲ့ ယုံကြည်ချက်အတွက်၊ ကိုယ့်ရဲ့ လူမျိုးအတွက်၊ အမျိုးသမီးတွေအတွက် ကိုယ့်မှာကျလာနိုင်တဲ့ အန္တရာယ်တွေကို ဘယ်လောက်ပဲ ရှိလာပါစေ။ ရပ်တည်နိုင်တဲ့ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်တယ်လို့ ကျမကတော့ ကိုယ့်ဘာသာကိုယ် အဲဒီလို ထင်မိတာပေါ့။
မအင်ကြင်းနိုင် ။ ။ အမျိုးသမီး ဦးဆောင်လှုပ်ရှားသူတဦး - အခုဆိုရင် ငြိမ်းချမ်းရေး၊ နောက်တခါ အမျိုးသမီးအခွင့်အရေး။ ကျားမတန်းတူရေး စတဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်နေသူ ကချင်တိုင်းရင်းသူ အမျိုးသမီးတဦးအနေနဲ့ ရင်ဆိုင်နေရတဲ့ စောစောကပြောသွားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာ အဲဒါတွေက ဘာတွေလဲရှင့်။
မမေစပယ်ဖြူ ။ ။ တကယ်တမ်းကျတော့ ကျမ ဒီ ခရီးစဉ်မှာလဲ တခြားသူတွေ၊ အဓိက ကျမတို့နိုင်ငံက အမျိုးသမီး အခွင့်အရေးနဲ့ ကျားမတန်းတူ ညီမျှရေး အခြေအနေတွေကို စိတ်ဝင်စားလို့ မေးကြတဲ့အခါမှာလဲ ပြောဖြစ်ပါတယ်။ အဓိကက ကျမတို့ နိုင်ငံမှာက တခြားနိုင်ငံက အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် သိသာထင်ရှားလောက်တဲ့ အမျိုးသမီး အခွင့်အရေးတွေကို ချိုးဖောက်နေတာမျိုး၊ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိဘူးလို့ လူတွေက ယူဆနေကြတယ်။ အဲဒီတော့ ကျမ ပြောလေ့ပြောထ ရှိတာကတော့ ကျမတို့ဟာ ပြဿနာ ရှိနေတာကို ရှိနေမှန်းတောင် အသိအမှတ်မပြုတဲ့၊ လက်မခံတဲ့ လူ့အဖွဲ့အစည်းမှာ နေနေရတာ ဖြစ်နေတယ်။ တကယ်တမ်း လက်တွေ့မှာ တခြားနိုင်ငံက အမျိုးသမီးတွေမျိုး ခေါင်းကနေခြေအထိ ဖုံးထားရတာမျိုးတော့ မရှိဘူး။ ပညာသင်ခွင့်တွေ၊ အလုပ်အကိုင် လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်တားဆီး ချုပ်ချယ်ထားတာမျိုး မရှိဘူး ဆိုသော်ငြားလဲ ကျမတို့ အမျိုးသမီးတွေ အလုပ်ခွင်ထဲမှာ၊ လူ့အဖွဲ့အစည်းထဲမှာ ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေ။ ပြီးတဲ့အခါမှာ ကိုယ့်ရဲ့အခွင့်အရေး အပြည့်အဝ မရရှိမှုတွေ။ ကိုယ့်မှာ အစွမ်းသတ္တိတွေ ရှိသလောက် အသုံးပြုခွင့် မရမှုတွေကိုတော့ လူ့အဖွဲ့အစည်းက အသိအမှတ်ပြု လက်ခံထားခြင်း မရှိဘူး။ ဒီကနေ့အထိ နိုင်ငံတော် အခမ်းအနားတွေမှာ ကြားရပါမယ်။ ကြားနေရတုန်းပါပဲ။ ကျမတို့နိုင်ငံမှာ ကျားမ တန်းတူညီမျှရေး နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ မွေးကတည်းက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးတွေ ပေးထားတယ်ဆိုပြီး ယုံကြည်လက်ခံထားမှုကိုက တကယ်တော့ ကျမတို့အတွက်က challenge တခုပါ။ အဲဒီတော့ ကျမတို့က ရှိနေတဲ့ ပြဿနာကို မမြင်ကြတဲ့ လူအများစုကို ဒီပြဿနာ ရှိတယ်ဆိုတာကို နားလည်သဘောပေါက်အောင် လုပ်နေရတာကိုက ကျမတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုပါ။ ကျောင်းသားလှုပ်ရှားမှုတွေမှာ ကျောင်းသူလေးတွေ အကြမ်းဖက် ဖမ်းဆီးခံရတာတွေ၊ ရိုက်နှက်ခံရတာတွေ။ ဒါတွေအားလုံးဟာ အမျိုးသမီးတွေကို ဒီလို လူအများ ထင်သာမြင်သာနေတဲ့ ရှေ့မှာ ပေါ်ပေါ်တင်တင်၊ ပြောင်ပြောင်တင်တင်ကြီး အကြမ်းဖက်တာကို ကျမတို့ဟာ မြင်နေတွေ့နေပေမယ့်လဲ လက်ပိုက်ကြည့်နေရတဲ့ အနေအထားမျိုးမှာ ရှိနေတာဟာ တကယ်တော့ သိပ်ကို အန္တရာယ်ကြီးပြီးတော့ ရှက်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကျမတို့ နေထိုင်နေရတာ ဖြစ်ပါတယ်။ အဲဒါတွေအားလုံးဟာ ကျမတို့ ကြုံတွေ့နေရတာနဲ့ Challenge တွေပါ။ အဲဒီလို ကိစ္စတွေအတွက် ထုတ်ဖော်ပြောဆိုတဲ့ ကျမတို့လို အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအထဲက ကြိုးစားဆောင်ရွက်နေသူတွေကို အမျိုးမျိုး တိုက်ခိုက်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ ရှိတယ်။ လိင်ပိုင်ဆိုင်ရာ ညစ်ညစ်ပတ်ပတ်တွေ စာသားတွေကို ရေးသားပေးပို့တာ၊ ဓါတ်ပုံတွေပို့တာ။ ကျမတို့ရဲ့ Facebook စာမျက်နှာတွေ၊ ကျမတို့ရဲ့ ဓါတ်ပုံတွေ၊ ဖုန်းနံပတ်တွေကို ညစ်ညမ်းဝက်ဆိုဒ်တွေပေါ်မှာ တင်တာ။ အဲဒါတွေ အပါအဝင် ကျမတို့ကို အမျိုးဖျက်၊ သစ္စာဖောက်တွေဆိုပြီးတော့ အမျိုးသားသစ္စာဖောက်တွေအဖြစ် သတ်မှတ်ပြီးတော့ ကျမတို့ကို သတ်မယ်၊ ဖျက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်စာတွေ ပို့တာတွေ အပါအဝင်။ အဲဒီတော့ တကယ်တမ်းမှာ ကျမတို့ လှုပ်ရှားဆောင်ရွက်နေတာတွေ အားလုံးဟာ ကျမတို့နိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှု ကင်းစင်တဲ့ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ရဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုပဲ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ ဆိုတော့ အဲဒီလို ခြိမ်းခြောက်တာတွေက ဘယ်သူတွေက ခြိမ်းခြောက်နေတာလဲ။ နောက် အာဏာပိုင်ဖက်က ဒါတွေကို တရားဥပဒေအရ အရေးယူပေးနိုင်တာမျိုး ရှိလား။ အကာအကွယ် ပေးနိုင်တာမျိုး။
မမေစပယ်ဖြူ ။ ။ အဲဒါကြောင့် ကျမတို့ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို အသစ်ရေးဆွဲနေရတာ ဖြစ်ပါတယ်။ တကယ်တမ်းကြတော့ အခုလို Online media တွေကနေ အကြမ်းဖက်တာတွေ အပါအဝင်။ နည်းပညာကို အသုံးပြုပြီးတော့ အကြမ်းဖက်မှုတွေကို ကျမတို့ဟာ တိတိကျကျ အပြစ်ပေး အရေးယူနိုင်တဲ့ ဥပဒေမျိုး ကျမတို့ နိုင်ငံမှာ မရှိသေးပါဘူးလို့ ပြောလို့ရတယ်။ အဲဒီတော့ အခုလိုဟာတွေကို ကျမတို့က ဘယ်လို စုံစမ်းဖော်ထုတ်ရမလဲ။ အကောင့်အတုတွေ။ ပြီးတဲ့အခါ ဖုန်းနံပတ်တွေဆိုရင် သူတို့ လှဲလို့ရတယ်။ ပြီးတော့ ဒီလိုကိစ္စတွေအတွက် ကျမတို့က တကယ်တမ်း တရားဥပဒေအရ စုံစမ်းအပြစ်ပေး အရေးယူစေချင်လို့ သွားတိုင်းကြားတယ်ဆိုရင်ကော အဲဒါတွေအတွက်ကို ဘယ်သူက ထိထိရောက်ရောက ်ဆောင်ရွက်ပေးမလဲ။ ကျမတို့လို ကိစ္စမျိုးတွေ မပြောပါနဲ့ လူသိရှင်ကြား တနိုင်ငံလုံး အုံအုံကြွပ်ကြွပ်နဲ့ ငိုကြွေးပြီးတော့ လိုက်လံပို့ဆောင်ရတဲ့ တကယ်ကို ထူးခြားတဲ့ အသုဘအခမ်းအနားတောင် ဖြစ်ခဲ့ရတဲ့ ကချင် ဆရာမလေး (၂) ယောက်ကိစ္စမျိုးတောင် ကျူးလွန်တဲ့သူကို မဖော်ထုတ်နိုင်တဲ့ နိုင်ငံမျိုးမှာ ကျမတို့ အခုလို သတင်းအချက်အလက်တွေ၊ နည်းပညာတွေ အသုံးပြုပြီးတော့ အကြမ်းဖက် ခံနေရတွေကို ဘယ်သူကများ ဖော်ထုတ်ပေးမလဲ။ ဘယ်လို တရားဥပဒေ အကာအကွယ်မျိုး ရမှာလဲဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ တကယ်တမ်းမှာ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တွေလဲ ရှိသလို၊ ဥပဒေ စိုးမိုးမှုကလဲ မရှိတဲ့အတွက်ကြောင့် အမျိုးသမီးတွေဟာ အကြမ်းဖက် ခံနေရသော်လဲ ကျမတို့လို ပညာတတ်တဲ့ မြို့ပေါ်မှာနေတဲ့ အမျိုးသမီးတွေ အပါအဝင် ကိုယ့်အကြမ်းဖက်ခံနေရတာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် တရားဥပဒေရဲ့ အကွယ်အကာကို ရယူနိုင်ဖို့အတွက် မသေချာပါဘူး။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မမေစပယ်ဖြူက ကျားမ တန်းတူရေးကွန်ရက်အဖွဲ့မှာလည်း အမှုဆောင်ညွှန်ကြားရေးမှုး။ နောက်တခုက ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့မှာလဲ ဦးဆောင်နေသူအနေနဲ့ လှုပ်ရှားနေတဲ့အခါကြတော့ အထူးသဖြင့် ကချင်ပြည်နယ်က တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ အဲဒီမှာ ရှိနေတဲ့ ကချင်အမျိုးသမီးထုရဲ့ အခြေအနေ၊ အခက်အခဲတွေက ဘာတွေလဲရှင့်။
မမေစပယ်ဖြူ ။ ။ အဲဒီတော့ ကျမတို့ ကချင်ဒေသမှာတင် မဟုတ်ပါဘူး။ တကယ်တော့ မငြိမ်းချမ်းတဲ့ ဒေသမှာ နေထိုင်နေရတဲ့ အမျိုးသမီးတွေအားလုံးဟာ အခက်အခဲ အကြပ်အတည်တွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ အဓိကတော့ လုံခြုံမှု မရှိတာပေါ့။ သူတို့ဟာ နေ့တဓုဝ ထင်းခွေသွားလည်း မလုံခြုံဘူး။ ရေခပ်သွားလည်း မလုံခြုံဘူး။ တောင်ယာသွားလည်း မလုံခြုံဘူး။ ကျောင်းသွားလည်း မလုံခြုံဘူး။ အဲဒီလို နေ့တဓုဝ မလုံခြုံမှုနဲ့ နေထိုင်နေရတဲ့ဟာသည် သူတို့အတွက် အကြီးမားဆုံး အခက်အခဲဖြစ်တယ်လို့ ကျမက ပြောချင်တယ်။ နောက်တခုကတော့ ဒီလို ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ နေထိုင်ရတဲ့အခါမှာ သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကစလို့ မိသားစုအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အရမ်းကို အခက်အခဲတွေ ဖြစ်လာတဲ့အခါမှာ အမျိုးသမီးတွေက ရရာအလုပ်အကိုင်တွေကို လုပ်ကြရတယ်။ ကျမတို့ ကချင်ဒေသမှာဆိုရင် တရုတ်ပြည်ဘက်ကို လူကုန်ကူးခံရတာတွေ အများကြီးပဲ ဖြစ်လာတယ်။ ကိုယ့်မှာ အန္တရာယ်ဖြစ်လာနိုင်တာကို သိလာပေမယ့်လဲ အမျိုးသမီးတွေဟာ traditionally မိသားစုကို ကြည့်ရှုစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေလို့ သတ်မှတ်ခြင်း ခံရတဲ့သူတွေ ဖြစ်တဲ့အခါမှာ အန္တရာယ် ဘယ်လိုပဲရှိရှိ။ ဘယ်လိုမျိုး စိုးရိမ်ပူပန်စရာ ကောင်းတဲ့အလုပ်တွေဖြစ်ဖြစ် ရွေးချယ်စရာ မရှိတဲ့အခါမှာ အဲဒါတွေကို Risk ယူပြီးမှ လုပ်နေရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေရတယ်။ အဲဒီတော့ အဓိက ပြောရမယ်ဆိုရင်တော့ လုံခြုံမှု မရှိတဲ့ ပြဿနာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အရမ်းကို ရှားပါးတဲ့အတွက်ကြောင့် အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တွေမှာ ပါဝင်လုပ်ကိုင်နေရတဲ့ဟာတွေဟာ အကြီးမားဆုံး အခက်အခဲ ပြဿနာတွေလို့ မြင်ပါတယ်။ ဒါကတော့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေ။ အဲဒီလိုမျိုးပဲ အရွယ် adolescence ခေါ်တဲ့ အမျိုးသမီးငယ်လေးတွေမှာလဲ အတန်းပညာ ဆုံးခန်းတိုင်အောင် မသင်ရတာ။ အဲဒါတွေ အပါအဝင်။ ဒါကတော့ အမျိုးသမီးငယ်လေးတွေတင် မဟုတ်ပါဘူး။ ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ခလေးတွေ။ မိန်းခလေးတွေပဲဖြစ်ဖြစ်၊ ယောကျ်ားလေးတွေဖြစ်ဖြစ် အတန်းပညာ ပြီးဆုံးအောင် မသင်ကြားရတာ။ ပြီးတော့ ဆယ်တန်းအောင်သွားတဲ့အခါမှာ သူုတို့မှာ ဆက်ပြီးတော့ တက္ကသိုလ်တွေ ဘာတွေ တက်နိုင်ဖို့အတွက် လုံးဝလမ်းစ မရှိတော့တာ။ ကျမတို့ ကချင်ဒေသမှာဆိုရင် အထူးသဖြင့် အခုဆိုရင် ဆယ်တန်းအောင်ထားပြီးတော့ တက္ကသိုလ်ကို ဆက်မသွားနိုင်တဲ့ ခလေးတွေ သုံးနှစ်ကျော်၊ လေးနှစ်စာ ပုံနေပြီဖြစ်တယ်။ အဓိကတော့ စစ်မက်နဲ့ ပဋိပက္ခတွေဟာ ကျမတို့ တိုင်းရင်းသား လူမျိုးစုတွေအပေါ်မှာ ဘယ်လို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်နေတာလဲဆိုရင် ကျမတို့ဟာ စစ်ပွဲတွေမှာလည်း ပစ်ကြခတ်ကြ၊ တိုက်ကြခိုက်ကြတဲ့အတွက်ကြောင့် လက်နက်ကြောင့် သေပါတယ်။ လက်နက်ကြောင့် သေကျေခဲ့ကြတဲ့လူတွေလည်း အများကြီးပါ။ စစ်ပွဲတွေမှာ မပါဝင်သော်လဲ နေနေတဲ့ အရပ်သားတွေမှာလည်း မတရားသဖြင့် ဖမ်းဆီးနှိပ်စက်ခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ ကြုံတွေ့ရသလို။ ကျမတို့ရဲ့ အနာဂတ် Generation ဖြစ်တဲ့ ခလေးတွေကလည်း စစ်မက်ပဋိပက္ခရဲ့ ဆိုးကျိုးအမွေတွေအဖြစ်နဲ့ သူတို့ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတာတွေနဲ့ ကျမတို့ဟာ generation တခုလုံးကို သတ်ပြစ်ခြင်း ခံနေရတယ်လို့ ကျမက မြင်တယ်။ ဆိုတော့ အဲဒါတွေကို ရပ်တန့်နိုင်ဖို့အတွက် ကြိုးစားသော၊ ရပ်တည်ပြီးတော့မှ လှုပ်ရှားသော ကျမတို့မှာ အပြစ်ရှိတယ်။ ကျမတို့ကို အပြစ်ပေးချင်တယ်။ တရားစွဲချင်တယ်။ အရေးယူချင်တယ်ဆိုတာကိုက တကယ်တော့ တော်တော်လေးကို ကြီးမားတဲ့ စိန်ခေါ်မှုပါ။ အဲဒီတော့ ကျမတို့ရဲ့ လူမျိုး၊ ကျမတို့ရဲ့ ခလေးတွေ၊ ကျမတို့ရဲ့ အမျိုးသမီးတွေ သူတို့ရဲ့ ဘဝရပ်တည်ချက်အတွက် ကျမတို့ဟာ အခွင့်အရေး ရစေချင်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်စေချင်တယ်။ စစ်ပြီးဆုံးပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ရဲ့ ဘဝရပ်တည်ခွင့်ကို ပုံမှန်အတိုင်း ရရှိစေချင်တယ်။ အဲဒါတွေ ရပ်တည်ကြိုးစားရင်နဲ့ ကျမတို့ကို ဒီကနေအထိ ဒီလို ဖြစ်လာတယ်လို့ အဲဒီလိုပဲ ပြောပါရစေရှင့်။
မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် မမေစပယ်ဖြူ။ အခုလို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက်။
မမေစပယ်ဖြူ ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။