Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာအစိုးရသစ်လက်ထက်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေက မျှော်လင့်ထားသလောက် ပေါ်မလာတဲ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရဆဲ ဖြစ်တယ်လို့ အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးကျော်ဇင်ဦး ကို ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဦးကျော်ဇင်ဦး က မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားနေတဲ့သူလို့ ကျနော်တို့ သိရပါတယ်။ ပထမဦးဆုံး သိချင်တာက မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်၊ အလုပ်အကိုင် အခြေအနေဟာ အားလုံးသိတဲ့အတိုင်းပဲ တော်တော်လေးကို ပရမ်းပတာ၊ ဖရိုဖရဲ ဖြစ်နေတယ်။ အစိုးရကလည်း ပြည်သူမျှော်လင့်ထားသလောက် အခုအချိန်အထိ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ စွမ်းအားမရှိသေးဘူးဆိုတော့ ဒုံရင်းဒုံရင်း မဟုတ်ရင်တောင်မှ ပိုဆိုးသလားလို့ လူတွေက ပြောနေကြတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်အခြေအနေဟာ ဦးကျော်ဇင်ဦးတို့ အမြင်အရ ဘယ်လိုဖြစ်နေသလဲ။ ဘာတွေဖြစ်နေသလဲ။
ဖြေ ။ ။ အလုပ်အကိုင် အခွင့်အလမ်းမှာတော့ အစိုးရစစ်တမ်းအရတော့ ကောင်းတယ်။ တိုးတက်လာတယ်။ နှစ်စဉ်နဲ့အမျှတော့ အမြဲတိုးတက်လာနေတယ်။ ဒါပေမဲ့ ဘယ်လိုအဆင့်အတန်းတွေ တိုးတက်နေတာလဲဆိုတာ ရှိတယ်။ ပညာတတ်လူတန်းစားတွေ အလုပ်အကိုင်ပေါတယ်။ ရှိတယ်။ ပညာတတ်လူတန်းစားတောင်မှ ဒီမှာ အလုပ်သမားခေါ်လို့ မရတဲ့ အနေအထားတွေတောင် ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ပညာတတ်လူတန်းစားက ရာခိုင်နှုန်းအားဖြင့် ၅-၆% လောက်ပဲ အလုပ်အကိုင်လုပ်ဖို့ အနေအထားရှိတယ်။ ကျန်တဲ့ရာခိုင်နှုန်းတွေကတော့ အလုပ်လက်မဲ့၊ အလုပ်မပေးနိုင်တဲ့ အနေအထားတွေမှာ ရှိလာပြီးတော့ ပြည်ပထွက်လာတွေ များလာတယ်။
မေး ။ ။ အလုပ်ကြမ်းနဲ့ အောက်ခြေသိမ်းအလုပ်တွေ လုပ်ကြတာ။ အဲဒီတော့ အောက်ခြေမှာ အများကြီးရှိနေတဲ့ လုပ်အားတွေ ဒီဟာတွေကို မြန်မာနိုင်ငံအတွင်းမှာ အဲဒီလူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ အခြေအနေတွေက ဘာတွေအခက်အခဲ ရှိနေသလဲ။ စက်ရုံ၊ အလုပ်ရုံတွေမှာပဲ ဖြစ်ဖြစ်။
ဖြေ ။ ။ အဓိက ကျနော်တို့နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းတွေ ခေတ်မကောင်းတော့တာဟာ ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်လက်မဲ့ အများကြီးဖြစ်သွားတယ်။ နောက်တချက်က ဦးသိန်းစိန်အစိုးရလက်ထက်ပြောင်းပြီး NLD အစိုးရလက်ထက်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မျှော်လင့်ကြတယ်။ ဆိုက်ကားနင်းတဲ့လူတွေကအစ အများကြီးကြွေးကြော်ခဲ့ကြတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာတဲ့ အခြေအနေက မျက်မြင်အခြေအနေက တော်တော်ကွာခြားနေတယ်။ ရှိပြီသားတွေတောင်မှ ပြန်ဆုတ်နေတဲ့ အနေအထားမှာ ရှိလာတယ်။ အဲဒီတော့ ဒီဘက်က ရှိပြီသား စက်ရုံတွေတောင် ဆုတ်ချင်နေတာဖြစ်တော့ ဟိုဘက်က အသစ်အသစ် ဝင်ချင်တာတွေလည်း ဝင်မလာဘူး။ ထင်ထားသလို ဖြစ်မလာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုဆုံးရှုံးလာတယ်။ နောက်ပြီးတော့ တက်လာတဲ့ ကုန်ဈေးနှုန်းအရလည်း - အခု လုပ်ခလစာတွေ ပိုတောင်းတာတွေ ဖြစ်လာတယ်။ အလုပ်သမားတွေ ရတဲ့ဟာလဲ စားဝတ်နေရေး မလုံလောက်တာတွေ ဖြစ်လာတယ်အခါကြတော့ ပြည်ပထွက်ဖို့ပဲ အားထုတ်လာတဲ့ပေါ်မှာ တော်တော်လေးမူတည်ပါတယ်။
မေး ။ ။ စောစောက အကိုပြောတဲ့အထဲမှာလည်း ပါပါတယ်။ နိုင်ငံတကာကနေ မြန်မာပြည်ထဲမှာလာပြီး ရင်းနှီးမြုပ်နံှလိုတဲ့လူတွေ ထင်သလောက် ရောက်မလာဘူး။ တလောလေးကပဲ Samsung က ဒီမှာလုပ်မယ့်ဟာ အစီအစဉ် ဖျက်လိုက်တယ်။ မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ထဲက အခြေအနေတွေကို သူတို့ အားမရလို့။ Samsung လို ကုမ္ပဏီဆိုတာ ကမ္ဘာပေါ်မှာ ထိပ်တန်းကုမ္ပဏီကြီးတခု ဖြစ်တယ်။ သူတို့ရောက်လာရင် အလုပ်တွေ ထောင်နဲ့ချီပြီး ဖန်တီးပေးနိုင်မှာ။ ဒါက ဥပမာပြောပြတာ။ လုပ်ငန်းခွင်မှာ ရောက်နေကြတဲ့ အလုပ်သမားတွေ အနေအထားက၊ အောက်ခြေဝန်ထမ်းတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အခွင့်အရေး ချိုးဖောက်ခံရတယ်။ ဘာညာဆိုတာတွေကလည်း ကျနော်တို့ မကြာခဏ ကြားရတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီးတော့ စကားမတတ်၊ ဘာမတတ် အောက်ခြေအလုပ်လုပ်လို့ အနှိမ်ခံရတာတမျိုးပေါ့။ ကိုယ့်တိုင်းပြည်ထဲမှာ အနှိမ်ခံနေရတယ်ဆိုတဲ့ သတင်းတွေကြားနေရတာ တကယ့်ကို စိတ်မကောင်းစရာပေါ့။ အဲဒီတော့ အဲဒီဟာတွေရဲ့ အခြေခံအချက်တွေက ဘာတွေလို့ အကိုတို့ လေ့လာမိသလဲ။
ဖြေ ။ ။ အဓိကတော့ ကိုယ့်တာဝန်ပေါ့ - အလုပ်သမားတွေက သူ ဘာလုပ်ရမလဲဆိုတဲ့ တာဝန်ကို သိနေမှု သူ့အခွင့်အရေးကို တောင်းဆိုလို့ရမှာ။ လူဆိုလည်း လူ့တာဝန်သိမှာ လူ့အခွင့်အရေးကို တောင်းဆိုလို့ရမှာ။ အဲဒီတော့ ဘာတွေဖြစ်နေသလဲပေါ် မူတည်ရင် ကျနော်တို့ စက်ရုံအလုပ်ရုံတွေကို ကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေရှိတယ်။ အထည်ချုပ်လုပ်ငန်းတွေမှာ လေ့လာကြည့်ရင် နယ်တွေကနေ ရန်ကုန်မြို့တော် တခါမှ မရောက်ဘူးတဲ့ ကလေးတွေ။ အသက်မပြည့်တဲ့ လုပ်သားတွေ အများကြီးပါ။ စားဝတ်နေရေးအရ သူတို့ဝင်လုပ်ကြတာ။ သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ သူတို့ရဲ့ တာဝန်တွေကို သူတို့မသိဘူး။ အလုပ်သမားဝန်ကြီးဌာန အလုပ်မလုပ်တာလား။ ဒါမှမဟုတ် သူအလုပ်လုပ်ဖို့ အခွင့်အလမ်း မရှိတာလား။ အဲဒီပေါ်မှာ အများကြီး မူတည်မယ်လို့ ထင်ပါတယ်။ အလုပ်သမား အခွင့်အလမ်း ချိုးဖောက်ခဲရတာတွေပါ။
မေး ။ ။ အဲဒီရုံးတွေကလည်း သူတို့ဆီမှာ သတ်မှတ်ချက်တွေ ရှိတယ်မဟုတ်လား။ သဘောက တနှစ်မှာဘယ်လောက်၊ တစ်လမှာ ဘယ်လောက် ဝန်ထမ်းချပေးတယ်ဆိုတဲ့ ပါမစ်တွေရဖို့ စာချုပ်တွေ ချုပ်ရတာ။ လက်ရှိတည်ဆဲ အစိုးရဥပဒေအရ။ အဲဒီမှာလဲ မရိုးသားမှုတွေ ရှိနေတယ်ဆိုတဲ့ အသံတွေက ထွက်နေတော့။ အဲဒါက ဘယ်လိုဖြစ်နေလဲ။
ဖြေ ။ ။ အစိုးရကတော့ နှစ်စဉ်တော့ ရာခိုင်နှုန်း တက်နေတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက် ဖန်တီးလိုက်တယ်။ ကိန်းဂဏန်းတွေအရတော့ တက်နေတယ်။ အဲဒီမှာ ကျနော် တခုပြောချင်တာက အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေလိုင်စင်တွေ နောက်မှာပါပါတယ်။ တနှစ်ကို လုပ်သား ငါးရာ အလုပ်အကိုင် ရှာဖွေပေးရမယ်။ ဒါမှမရှာပေးနိုင်ရင် လိုင်စင်သိမ်းမယ်။ အဲဒါ အခုလိုင်စင်ပေးထားတဲ့လူဦးရေ - အေဂျင်စီပေါင်း တစ်ရာကျော်လောက်ရှိပြီလို့ ထင်တယ်။ အဲဒီ အေဂျင်စီတွေက တကယ်ကော တနှစ်ကို လူငါးရာ ရှာပေးနိုင်လို့လား။ နောက်ပြီးတော့ တကယ်ကော အလုပ်သမားတွေက အဲဒီ အေဂျင်စီတွေက သွားတာလား။ အလုပ်ရှင်တွေက ဒီ အေဂျင်စီတွေဆီက အလုပ်ခေါ်တာလား။ ကျနော်တို့ နိုင်ငံကို ချပြနေတာတွေက ပေါ်လစီတွေက For show တွေ များနေရင်တော့ တိုင်းပြည်က တဖြည်းဖြည်းနဲ့ ဆုတ်လာမှာပဲ။
မေး ။ ။ မြန်မာပြည်မှာ အခုလာပြီး အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသားတွေ - တော်တော်များများ အခုနောက်ပိုင်းမှာ တွေ့ရတယ်။ ဆိုလိုချင်တာက နိုင်ငံခြားသား အရေအတွက် ဒီမှာအခြေချနေထိုင်နဲ့ ကာလအတန် အတိုင်းအတာတခုကြာကြာ အခြေချနေထိုင်တဲ့ဟာ များလာတယ်လို့ သတိထားမိလား။ ဒီလူတွေက ဒီမှာအလုပ်လုပ်ကြတာတွေလဲရှိတယ်။ နည်းမျိုးစုံနဲ့ နေနေကြတာတွေရှိတယ်။ အဲဒီလို နိုင်ငံခြားသားတွေအတွက်ကော ဒီမှာ ဘယ်လို ဥပဒေတွေရှိလဲ။ ဘာတွေထုတ်ပြန်ထားလဲ။
ဖြေ ။ ။ ကျနော် အတွေ့အကြုံလေးတခု ပြောပြမယ် - ကျနော်တို့ တောင်ဒဂုံက စက်ရုံတခု - အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။ စားသောက်ကုန်ထုတ်တဲ့ စက်ရုံလေးပါ။ စက်ရုံကတော့ လူငါးဆယ်လောက်ပဲ ရှိတယ်။ သန့်ရှင်းမှု မရှိဘူး။ ဖိအားပေးခိုင်းစေတယ်ဆိုပြီးတော့ ကျနော်တို့ကို အကူအညီတောင်းတော့ လေ့လာကြည့်တဲ့အပေါ်မှာ တွေ့ရတယ်။ သူက တရုတ်နိုင်ငံသားက ခိုင်းတယ်။ မိသားစုတွေကို စက်ရုံထဲမှာ နေစေပြီး တရုတ်နိုင်ငံသား ခြောက်ယောက်လောက် သူတို့မိသားစုနဲ့နေပြီးတော့ အလုပ်သမားတွေကိုခိုင်းတယ်။ အဲဒီမှာ ကျနော်တို့က သက်ဆိုင်ရာကို အသိပေးစေတယ်၊ တိုင်းတန်တယ် ဖြစ်တဲ့အချိန်ကြတော့ မြန်မာအမျိုးသမီးတယောက်က ကုမ္ပဏီလိုင်စင်ကိုင်ပြီး ရောက်လာပြီးတော့ ဖြေရှင်းသွားတယ်။ အဲဒီအချိန်မှာ တရုတ်နိုင်ငံသားတွေက ဘာဖြစ်သွားလဲဆိုတော့ သူ့စက်ရုံက ဝန်ထမ်းတွေ ပြန်ဖြစ်သွားတယ်။ တကယ်တမ်းတော့ ပိုင်ရှင်သည် စာရွက်ပေါ်မှာ အမှန်ဖြစ်နေတာ။ တကယ့်လက်တွေ့အမှန်ကတော့ တရုတ်နိုင်ငံသား ပိုင်တဲ့စက်ရုံပါ။
မေး ။ ။ တရုတ်တွေက သူ့တို့အရင်းအနှီးနဲ့ သူတို့လုပ်တာ။
ဖြေ ။ ။ ဒီမိန်းမနာမည် ခံထားတာလားတော့ ကျနော်တို့ မသိရဘူး။ ဒါပေမဲ့ ဖြစ်သင့်တာကတော့ ဒါမျိုး နိုင်ငံခြားသားကိုတောင် ခေါ်ခန့်နိုင်တဲ့ အနေအထားရှိတဲ့ လူတယောက်ရဲ့ နောက်ကြောင်းကိုတော့ ကျနော်တို့နိုင်ငံ အစိုးရ - အလုပ်သမားဝန်ကြီးဌာနဖြစ်စေ၊ ပြည်ထဲရေးဖြစ်စေ လေ့လာသင့်တယ်လို့တော့ ထင်တယ်။ ဥပမာ သူက နာမည်ခံပြီးတော့ ကော်မရှင်စားမယ်ဆိုရင် နိုင်ငံခြားသားတွေရဲ့ ဂုတ်သွေးစုပ်တာကို ခံရမယ်။ အဲဒီတော့ ဒီမှာ အလုပ်တရားဝင် လာလုပ်ဖို့ နိုင်ငံခြားသားဥပဒေ မရှိသေးဘူး။
တဆက်တည်းမှာ ကျနော် တခုပြောချင်တယ် - ကျနော်တို့ စက်ရုံအလုပ်ရုံတွေ ဘယ်လောက်ထောင်ထောင် ဒီလို ဥပဒေတွေ ခိုင်ခိုင်မာမာ မဆွဲထားရင် ကျနော်တို့နိုင်ငံရမယ့် အခွင့်အရေးလည်း အတော်လေးနစ်နာတယ်။ ပြည်ပမှာ ထိုင်းမှာ သုံးသန်းကျော်ရှိမယ်။ မလေးရှားမှာ လုပ်သားတွေ သိန်းနဲ့ချီရှိတယ်။ အဲဒီတော့ ထိုင်းအစိုးရနဲ့ မလေးရှားအစိုးရတို့ရဲ့ အဓိကဝင်ငွေတွေဟာ ကုန်စွမ်းအားပေါ်မှာ ကောက်တဲ့အခွန် ရှိသလို၊ ကျနော်တို့ အလုပ်သမားတွေပေါ်က ဖြတ်တဲ့အခွန်တွေနဲ့လည်း သူတို့အစိုးရက အများကြီးရပ်တည်နိုင်တယ်။ ကျနော်တို့ အလုပ်သမားတွေ သူတို့ကို ရှာကျွေးနေတာတွေ အများကြီးပါ။ အခု ကျနော်တို့နိုင်ငံမှာကြတော့ တကယ်လာလုပ်နေတဲ့ အလုပ်သမားတွေပေါ်မှာ အခွန်ကောက်နိုင်ဖို့ ဥပဒေ မရှိသေးဘူး။
မေး ။ ။ ဆိုတော့ အခု ကျနော်တို့ပြောခဲ့တဲ့ အလုပ်သမား ပြဿနာတွေ၊ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကျနော်တို့နိုင်ငံသားတွေ ဆုံးရှုံးခံနေရတဲ့ ကိစ္စတွေ။ သူများနိုင်ငံသွား အခိုင်းအစေ ခံနေရတဲ့ကိစ္စတွေ။ အဲဒါတွေကို ထိန်းချုပ်နိုင်ဖိုသလား။ မြန်မာပြည်အနေအထားက ပေါ်လစီအနေနဲ့ကော မူပြောင်းပြီးတော့ လုပ်ကိုင်ရင် ဖြစ်နိုင်ခြေ ရှိနိုင်သလား။
ဖြေ ။ ။ အစိုးရတရပ် တက်လာရင်တော့ ပေါ်လစီတွေလည်း သူတို့ အသစ်ဆွဲကြမယ်။ ပေါ်လစီတွေ ချကြမယ်။ ဒါပေမဲ့ အဲဒီပေါ်လစီတွေက စာရွက်ပေါ်မှာပဲ ပျောက်ပျောက်သွားတာများတယ်။ ကျနော်တို့နိုင်ငံမှာ ဥပဒေတွေမျိုးစုံ ထုတ်တယ်။ ဒါပေမဲ့ အဲဒီဥပဒေကြောင့် လုပ်စားလို့ ပိုကောင်းသွားတာတွေ အများကြီးပါ။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ကြတယ်။ အဲဒီတော့ ပေါ်လစီအရတော့ ကောင်းတယ်။ ဒါပေမဲ့ For show တွေ လုပ်တာတွေ များလာတယ်။ နောက်တခုက ဒီပေါ်လစီ အကောင်အထည်ဖော်တဲ့ နေရာမှာ ပိုပြီး ဥပဒေကြပ်လေ ဈေးတွေတက်လာသလိုပေါ့။ အရက်တွေ ဖမ်းတယ်ဆိုရင် အရက်ဈေးတွေတက်။ မှောင်ခိုဈေးမှာ ဖြစ်လာသလို။ အဲဒီလိုမျိုးတွေ မဖြစ်အောင်လဲ လုပ်ရမယ်။
ဝန်ထမ်းဆိုတဲ့ ပုဂ္ဂိုလ်များကတော့ အစိုးရပြောင်းသွားရင် ပြောင်းသွားတဲ့ ပေါ်လစီကို အကောင်အထည်ဖော်ဖို့ လိုက်ဖို့ သူတို့မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ နိုင်ငံဝန်ထမ်းတွေကော လစာလောက်လို့လားဆိုတဲ့ ပြဿနာတွေလည်း အများကြီး ကြုံတွေ့နေရတယ်။ နောက်ပြီးတော့ CSO တွေ ရှိတယ်။ ကျနော်တို့လို လူတွေရှိတယ်။ အဲဒီလူတွေကော စေတနာ တကယ်မှန်လို့လားဆိုတဲ့ဟာတွေလဲ ပြန်လေ့လာပေါ့။ အခုက ကျနော်တို့နိုင်ငံမှာ အလုပ်မရှိဘဲနဲ့ ပရဟိတလုပ်ပြီး ချမ်းသာနေကြတဲ့ လူတွေတော်တော်များတယ်။ အဲဒါလဲ ကျနော်တို့နိုင်ငံရဲ့ ဆိုးကျိုးဖြစ်တယ်။ နိုင်ငံခြားမှာဆို Bill Gates ကြီးဆိုရင် အရမ်းလှူတဲ့၊ ပရဟိတ အရမ်းလုပ်တယ်။ ဒါက သူချမ်းသာလို့ လုပ်တာ။ ကျနော်တို့ဆီမှာတော့ ပရဟိတလုပ်ပြီး ချမ်းသာကုန်တယ်။ အဲဒါလေးတွေလဲ ပြောင်းပြန်လေးတွေ ဖြစ်နေတယ်။ အဲဒီတော့ တကယ်အခွင့်အရေး တောင်းပေးတဲ့ လူတွေအတွက် အခွင့်အရေး ရရဲ့လား။ ရှေ့ကအော်ပြီး တောင်းပေးတဲ့လူတွေ အခွင့်အရေး ရကုန်တာလား။ အဲဒါတွေလည်း စမ်းစစ်ဖို့ လိုပါတယ်။ အစိုးရပေါ်လစီ တခုတည်းကိုတော့ ကျနော်တို့ အပြစ်တင်လို့ မရပါဘူး။ ပေါ်လစီဖော်သော ဝန်ထမ်းများ သို့မဟုတ် ဘေးကဝန်းရုံသောလူများ၊ တက်ကြွလှုပ်ရှားသူများကလည်း စေတနာမှန်ဖို့ လိုပါတယ်။
တကယ်မြေပြင်အခြေအနေကို တကယ်ချပြရဲဖို့ လိုတယ်။ အဲဒါတွေကို အုပ်ပြီးတော့ ခေါင်းဆောင်ပိုင်းကို ကောင်းပါတယ်လို့ တင်ပြနေရင်တော့ ခေါင်းဆောင်ကတော့ အောက်ခြေလိုက်မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားလေးတခွန် ရှိပါတယ်။ ကျမတို့အစိုးရ တက်လာတဲ့အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း လုပ်ဖို့ကြည်တဲ့ အဆင်မပြေတော့ ကျမတို့ လမ်းပန်းဆက်သွယ်ရေး၊ မီး အခြေခံအဆောက်အအုံတွေ လုပ်ရင် သူ့ဒေသအလိုက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ်လို့ ပြောသွားတယ်။ ဒါက ယေဘုယျအားဖြင့် မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ဖို့ အရည်အချင်းဆိုတာ ရှိပါသေးတယ်။ ကျနော်တို့ မြန်မာလူမျိုး တော်တော်များများက ပညာမဲ့ကုန်ပြီ။ ပညာမတတ်တွေ ဖြစ်ကုန်ပြီ။ အဲဒီလိုမျိုး ပုဂ္ဂိုလ်မျိုးတွေ စာလည်မတတ်ဘူး။ အသိအမြင်လည်း မရှိဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေက သူ့အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အများကြီး နောက်ကျသွားပြီ။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်း နည်းလာတာနဲ့အမျှ ရာဇဝတ်မှုတွေ တအားပေါလာပါတယ်။ အရင် သမ္မတကြီး ဦးသိန်းစိန်လက်ထက်နဲ့ အခုသမ္မတကြီးလက်ထက် ယှဉ်ကြည့်ရင် ရာဇဝတ်မှုတွေ ပိုများလာသလိုပဲ။ မြို့နယ်တိုင်းမှာ ခိုးဆိုးလုယက် အဲဒါမျိုးတွေ များလာတယ်။ နောက်ပြီးတော့ ပေါ်ပေါ်တင်တင်ကို အန္တရာယ်ပြုမှုတွေ၊ ပြည်သူလုံခြုံမှုတွေ နည်းလာတယ်။ အဲဒါတွေကလဲ စားဝတ်နေရေး မပြေလည်တာတွေ၊ ပညာရေးဘက်ကို ပြန်ပြီးတော့ ညွှန်ပြနေတယ်။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။