မူးယစ်ဆေးတိုက်ဖျက်မှု ဘက်ပေါင်းစုံပါဝင်မှုလိုအပ်

အငြိမ်းစားရဲမှူးကြီးခမ်းအောင်

Your browser doesn’t support HTML5

မူးယစ်ဆေးတိုက်ဖျက်မှု ဘက်ပေါင်းစုံပါဝင်မှုလိုအပ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ အစားထိုးသီးနံှ စိုက်ပျိုးဖို့အပိုင်းကို မူးယစ်ဆေးဆန့်ကျင်ရေးအဖွဲ့တွေက ပံ့ပိုးနေတဲ့တချိန်တည်းမှာပဲ ဒေသခံတွေအနေနဲ့လည်း သေသေချာချာ လက်တွဲပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ နှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အငြိမ်းစားရဲမှူးကြီးခမ်းအောင် က VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းဘုရင်မိသားစု ထူထောင်ထားတဲ့ ပရဟိတအကျိုးဆောင် Mae Fah Lueng ရန်ပုံငွေအဖွဲ့ မြန်မာပြည်ရုံးခွဲတာဝန်ခံ အငြိမ်းစားရဲမှူးကြီးခမ်းအောင် ကို ဒေါ်ခင်စိုးဝင်း က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဘိန်းစိုက်တဲ့ တောင်သူတွေကို တခြားသီးနံှတွေ - ဥပမာ နမ့်စမ်မှာဆိုရင် ကျမတို့ကိုယ်တိုင်သွားပြီးတော့ မှတ်တမ်းတင်ထားတာလေးတွေ ရှိပါတယ်။ သူကတော့ ဘိန်းအစားထိုး သီးနံှဆိုပြီး ခရမ်းချဉ်သီး၊ ဒေသထွက် သီးနံှတွေစိုက်တာ၊ အောင်မြင်တာကို ဂုဏ်ယူစွာနဲ့ ရှင်းပြပါတယ်။ အဲဒါမျိုးပဲ ရေရှည်တည်တန့်မယ့်ဟာမျိုး၊ စိုက်ပျိုးရေးမဟုတ်တောင်၊ မွေးမြူးရေးသဘောပေါ့။ အခုလောလောဆယ် Mae Fah Lueng Foundation က လုပ်နေတဲ့ Project လေးတခုလောက် ပြောပြပေးပါလား။ နမူနာလေးအဖြစ်နဲ့။

ဦးခမ်းအောင် ။ ။ ကျနော်တို့ လောလောဆယ် Project နှစ်ခု လုပ်နေပါတယ်။ တခုကတော့ အပူပိုင်းဒေသ တကယ့် Dry Zone မှာ ဘိန်းမစိုက်ပါဘူး။ ဒါပေမဲ့ လူတွေ တအားဆင်းရဲကြတယ်။ အဲဒီမှာလုပ်တာ Setting တမျိုး။ နောက် Project တခုက မိုင်းဆက်၊ တာချီလိတ်ဘက်မှာ ဘိန်းလည်း စိုက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ Project Area ရွာတွေကတော့ မစိုက်ဘူး။ သို့သော်လဲ သူတို့ရဲ့ အစွန်းအဖျားမှာ ဘိန်းစိုက်တာတွေ ရှိတယ်။ လူတွေကလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ မကင်းရာ မကင်းကြောင်းလေးတွေ ရှိတယ်။ ကျနော် သိပါတယ်။ ရှမ်းအရှေ့ပိုင်း မိုင်းဆက်ဒေသမှာဆိုရင် ရှမ်း၊ အခါး၊ လားဟူး၊ ဝ ရွာတွေ ရှိပါတယ်။ သူတို့လည်း ဆင်းရဲတယ်။ သို့သော်လဲ ကျနော်တို့ မရောက်ခင်ကဆိုရင် သူတို့က ဘယ်လိုပြောမလဲ … ဈေးကားကို မျှော်စားကြတယ်။ တာချီလိတ်မြို့ပေါ်ကလာတဲ့ မဲဆိုင်းတဘက်ကမ်း ယိုဒယားကလာတဲ့ ဆီသွတ်ဘူးတွေ အဲဒါမျိုးတွေ အလွယ်တကူ Ready to eat တွေကို အလွယ်ဝယ်စားလိုက်ကြတယ်။ လူတွေက အကြွေးတွေများနေတယ်။ ဘာမှ သူတို့ဘာသာ သူတို့စိုက်တာပျိုးတာ မရှိဘူး။ ဘေးမှာ ရေလည်းရှိတယ်၊ မြေလည်းရှိတယ်။ အခုနောက်ပိုင်း သွားကြည့်တဲ့အခါမှာ သုံးနှစ်လေးနှစ်ကျော်လာတဲ့အခါမှာ လုံးဝပြောင်းလဲသွားတယ်။ လူတိုင်းက အိမ်နောက်ပိုင်းမှာ စိုက်ခင်းလေးတွေနဲ့ မြေရှိတဲ့နေရာမှာ မြေလေးတွေပြင်ပြီး၊ ယာလေးတွေ ပြင်ပြီးတော့ အမျိုးစုံ စိုက်လာကြတယ်။ စိုက်လာတဲ့အခါကြတော့ ကျနော်တို့က အားပေးတာပေါ့ ရေကန်လေးတွေရှိရင် ငါးမွေးမြူးရေး အားပေးတယ်။ ဘဲမွေးတယ်။ ဆိတ်မွေးတယ်။ အဲဒါလေးတွေ ဝက်တွေကို မွေးဖက်ပေးတယ်။ သူတို့မွေး ပွားလာရင် ကျနော်တို့က နောက် ဆင်းရဲတဲ့ အိမ်ထောင်တွေပေး၊ ပြီးရင် ကျနော်တို့ကို ပြန်ဆပ်။ အဲဒီလိုနဲ့ လည်နေတဲ့ Revolving Bank လေးတွေ လုပ်ပေးတယ်။ နောက် ရွာထဲမှာရှိတဲ့ Value Add ခေါ်တဲ့ တန်းဖိုးမြှင့် .. ဘာမှမဖြစ်ဘူး … ရွာမှာရှိတဲ့ အမျိုးသမီးတွေကို စုလိုက်ပြီးတော့ မင်းတို့ ခေါက်ဆွဲလုပ်မလား။ ခေါက်ဆွဲလုပ်မယ်ဆိုရင် ရှမ်းတွေ၊ ဒီကတိုင်းရင်းသားတွေ အကုန်ခေါက်ဆွဲစားတယ်။ ခေါက်ဆွဲစက်ကို ထောင်ပေးလိုက်တယ်။ စက်အသစ်လည်း မဟုတ်ပါဘူး။ စက်အဟောင်းတခုကို ထောင်ပေးတယ်။ သူတို့ဘာသာ ကော်မတီလေးဖွဲ့ပြီးတော့ (၁၁) ယောက်နဲ့ စလုပ်တာ၊ အခုဆိုရင် တော်တော်အဆင်ပြေနေပြီ။ ခေါက်ဆွဲလုပ်တယ်။ ရောင်းရတယ်။ Market ရှိတယ်ဆိုတော့ စားနေရတယ်။ အလားတူပဲ မှိုလုပ်ငန်းလေးတွေ ကိုယ့်အိမ်အောက် -- ရှမ်းအိမ်တွေက ခြေတန်ရှည်လေးတွေဆိုတော့ အိမ်အောက်မှာ နေရာကျဉ်းကျဉ်းလေးမှာ မှို စိုက်လို့ရတယ်။ နည်းစနစ်လေးပဲ ကျနော်တို့လိုတယ်။ အဲဒါလေးတွေ သင်ပေးလာတဲ့အခါကြတော့ တဖြည်းဖြည်းနဲ့ သဘောပေါက်လာတယ်။ ဒီကနေ ဝင်ငွေတွေ အများကြီး ရလာတယ်ဆိုတာကို သိလာတယ်။ အားပါ လုပ်ချင်လာကြတယ်။ လာပြီးတော့လည်း အကူအညီတောင်းတယ်။ ပျိုတွေ၊ မျိုးတွေ လာတောင်းတယ်။ အဲဒီမှာ ကျနော်တို့က တဆင့်တခါထဲ လုပ်တာက ဘာလဲဆိုတော့ Economic Forest စီးပွားရေးသစ်တော -- အဲဒါက သူတို့ ရေရှည်အတွက် Sustain ဖြစ်အောင် ကော်ဖီ၊ မက်ကဲဒဲမီယား၊ လက်ဘက်၊ ငှက်ပျော အစုံပါပဲ … အဲဒီကနေ ဝင်ငွေပြန်ရမယ့်ဟာ။ ကျနော်က လက်တွေ့လုပ်တဲ့ဟာကို မြင်တဲ့အခါကြတော့ ဒါက အောင်မြင်နိုင်မယ့် ဖြစ်တဲ့ကိစ္စ ဖြစ်တယ်။ UN မှာလည်း Alternative Development နဲ့ ပတ်သက်လို့ UN General Assembly မှာ AD နဲ့ ပတ်သက်တဲ့ Garden Principles တွေ ထုတ်ပြစ်လိုက်တယ်။ (၁၇) ချက် ရှိပါတယ်။ အဲဒါနဲ့ ဘောင်ဝင်အောင် လုပ်လိုက်ရင် ကျနော်တို့နိုင်ငံမှာ ဘိန်းစိုက်တဲ့ တောင်သူတွေကို ကောင်းမွန်စွာ ကူညီလို့ရပါတယ်။ တဘက်က စိတ်ကြွဆေးကိစ္စကိုတော့ တမျိုးတဖုံနဲ့ Address လုပ်မယ်။ အဲဒါကို Law Enforcement တားဆီးနှိမ်နှင်းရေးကို ဖမ်းကိုဖမ်းရမယ်၊ ထောင်ချရမယ်။ အရေးယူရမယ်။ ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ပြီးတော့ သူ့ရဲ့ Source တွေ ဘယ်သူက ပိုက်ဆံ နောက်ကနေ မတည်ပေးနေလဲ။ ဒီနည်းပညာတွေကို ပေးနေသလဲဆိုတာကို အဲဒါကို ရိုက်ချိုးနိုင်မှ ကျနော်တို့ရမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုက မူးယစ်ဆေးဝါးတွေ မိတယ်ဆိုရင် ပိုင်ရှင်မဲ့တွေ ဖြစ်သွားတယ်။ ဥပမာဆိုလို့ရှိရင် Container ကြီးနဲ့ ကိုးကင်းတွေ ရောက်လာတဲ့ဟာမျိုးလည်း ကြုံနေရတယ်။ ပြီးတဲ့အခါကြတော့ အရေးယူတဲ့အခါ ကားသမားနဲ့ စပယ်ယာလောက်ပဲ မိပြီးတော့ တကယ့် ထုတ်လုပ်တဲ့လူတွေကတော့ သဘောပြောရရင် ဒီနေ့အထိ လွှတ်နေဆဲပဲဆိုပြီး သုံးသပ်လို့ရတယ်။ နိုင်ငံတကာအမြင်နဲ့ ပြည်တွင်းကလူတွေရဲ့ အမြင်မှာ အဲဒီလို မြင်နေကြတယ်။ နောက်တခုက မူးယစ်ဆေးစွဲတဲ့လူတွေကို ပြန်လည်ပြုပြင်ရေး၊ ထူူထောင်ရေးအတွက် အဲဒီဟာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဘယ်လို ရှိခဲ့ပါလဲ။ အခုလောလောဆယ် လုပ်နေတာတွေကတော့ ကြားပါတယ်။ သိပ်ပြီးတော့ မပြီပြည့်စုံသေးဘူးလို့ ယူဆနေလို့ပါ။

ဦးခမ်းအောင် ။ ။ အခုနပြောတဲ့ ပိုင်ရှင်မဲ့ဆိုတာကို နည်းနည်းလေး ကျနော့်အမြင် ပြောရမယ်ဆိုရင် ဒီဘက်ပိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်တဲ့လူတွေ၊ စီးပွားရေးလုပ်တဲ့လူတွေက ကျနော်တို့ မနားခင်၊ အငြိမ်းစား မယူခင်လောက်ကတည်းက အထူးသဖြင့် ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ Telecommunication က အရမ်းခေတ်မီတိုးတက်လာတဲ့အခါကြတော့ အကုန်လုံးက လူတိုင်းက မိုဘိုင်လ်ဖုန်း ကိုင်လာတယ်ဆိုတော့ တယောက်နဲ့တယောက်က ဖုန်းနဲ့ အလုပ်လုပ်တဲ့ အပိုင်းလိုက်လုပ်တာပေါ့။ ကျနော် ဆိုလိုတာက အခုနောက်ပိုင်းလုပ်တဲ့ သူတို့ရဲ့ Operation တွေ၊ ပုံစံတွေက အပိုင်းလိုက် အပိုင်းလိုက်လုပ်တယ်။ ဒါကြောင့် သူ့ရဲ့ အရင်းကို သွားပြီးတော့ ဖော်ထုတ်စစ်ဆေးဖို့က အရမ်းခက်တယ်။ အင်္ဂလိပ်လို့ဆိုရင် Compartmentalize လုပ်တာ - မန္တလေးက ပို့လိုက်တဲ့ပစ္စည်းတခုက ကားနဲ့ပို့လိုက်မယ်။ ကားသမားကို မှာလိုက်မယ်။ ဒီကားထဲမှာ ဘာပါတယ်ဆိုတာ သူသိချင်လဲသိမယ်၊ မသိရင်လဲ မသိဘူး။ မင်း မောင်းလိုက် ရန်ကုန်ရောက်ရင် ထောက်ကြံမှာ စောင့်နေ။ ဒါမှမဟုတ် မြို့အဝင် လမ်းမ (၃) မှာ စောင့်နေ။ ဘာနားမှာ စောင့်နေပြီရင် မင်းကားသော့ကို အဲဒီမှာထားခဲ့၊ တယ်လီဖုန်း ဆက်လိမ့်မယ်။ နောက်တယောက် လာယူမယ်။ ဆိုတော့ သူက အဲဒီ Job လေး ပြီးသွားရင် ပြီးပြီ။ ပိုက်ဆံတစ်သိန်းရရင်ရမယ်၊ ငါးသိန်းရရင်ရမယ်။ ပြီးသွားပြီ ဘာမှ သူနဲ့မပတ်သတ်ဘူး။ နောက်တယောက် ဝင်လာမယ် - ဘယ်ကိုပို့ပါဆိုတဲ့ Instruction နဲ့သွားတယ်။ အဲဒီလို ဖုန်းနဲ့သွားနေတဲ့ ကိစ္စတွေကြတော့ အပိုင်းလိုက်အပိုင်းလိုက် ဖြစ်နေတော့ ကျနော်တို့ ဖမ်းမိတဲ့အခါ ဖြတ်လမ်းမှာ လမ်းခုလတ်မှာ ဖမ်းမိတော့ ပြန်ပြီးတော့ ဆက်စပ်ပြီး ဖော်ထုတ်ရတာတွေက တယ်လီဖုန်းတွေရဲ့ Intercept တွေမှ သူက ဘယ်သူကိုဆက်တယ်၊ ဘယ်ကဆက်တယ် - Network ကို ဖော်ထုတ်ဖို့ကြတော့ ကျနော်တို့ဆီမှာ Advance ဖြစ်တဲ့ Communication Experts တွေ အများကြီးလိုတယ်။ IT နဲ့ ပတ်သတ်တဲ့ Experts တွေလိုတယ်။ Technology စက်တွေလည်း လိုတယ်။ နိုင်ငံတကာမှာတော့ လုပ်ပါတယ်။ ကျနော်တို့ဆီမှာ အဲဒီအဆင့်အထိ မရောက်သေးတော့ ကျနော်တို့လူတွေ ဒုက္ခရောက်တာပေါ့။ စီစစ်ဖော်ထုတ်ရတာ အချိန်ကြန့်ကြာတာပေါ့။ နောက်ဆုံးကြတော့ ပိုင်ရှင်မဲ့ဆိုတဲ့ သဘောမျိုးတွေ ဖြစ်ကုန်တယ်။ ပိုင်ရှင်ကို ဖော်လို့ကိုမရတာမျိုး ဖြစ်နေတယ်။ ဖော်လို့ရဖို့ အနည်းဆုံး သုံး-ခြောက်လ အချိန်ယူလာရတာပေါ့။ Network က တဖြည်းဖြည်း ကြီးလာပြီး International Network တွေအထိ ဝင်လာပါတယ်။ ဟိုဘက် သုံးစွဲမှုနဲ့ ပတ်သတ်လို့ကတော့ ကျနော် သိသလောက်တော့ ကျနော်တို့နိုင်ငံက Drug Law ကို ပြန်ပြင်ဖို့ဆိုပြီး လုပ်နေပါတယ်။ Drug Law က ၁၉၉၃ ဆိုတာ အရမ်းကိုကြာနေပြီ။ တဖြည်းဖြည်းနဲ့ ဘယ်လို ဖြစ်နေသလဲဆိုတော့ ပြောင်းတော့ပြောင်းလဲလာတယ်။ သို့သော်လဲ ကျနော်နိုင်ငံ အရင်အစိုးရတွေ ကျနော်တို့ အမှုထမ်းဆောင်ခဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလမှာရှိတဲ့ အစိုးရတွေက စစ်အစိုးရရှိတယ်၊ မဆလတို့ အကုန်လုံး ခေတ်အားလုံးသည် နိုင်ငံတကာကလည်း US တို့က Pressure ပေးတာရှိတယ်။ ပြောခံရတာရှိတယ်။ ကျနော်တို့က Source Country ဖြစ်နေတယ်။ ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်တဲ့အခါကြတော့ ထုတ်လုပ်မှုကိုပဲ ကျနော်တို့က အားစိုက်တယ်။ ဘိန်းခင်းတွေ သွားဖျက်မယ်။ ဘိန်းသမားတွေကို ဖမ်းမယ်။ အဲဒါပဲလုပ်တယ်။ တဘက်က Effect ဖြစ်လာတာက အဲဒီထုတ်တာတွေကို ကျနော်တို့ နိုင်ငံသားတွေလည်း သုံးလာတယ်။ တဖြည်းဖြည်းနဲ့ သုံးစွဲမှုကို မေ့နေသလို ဖြစ်နေတယ်။ အမှန်က ကိုယ့်နိုင်ငံမှာလည်း သုံးစွဲမှုက တဖြည်းဖြည်းနဲ့ တအားဆိုးဝါးလာတဲ့အခါကြတော့ ကျောင်းသားတွေ၊ လူငယ်လေးတွေ၊ ကလေးတွေကအစ သုံးလာတယ်။ အခုက ပိုဆိုးတယ် Synthesis Drugs ဆိုတာ စိတ်ကြွဆေးတွေက လွယ်လည်းလွယ်တယ်၊ ထုတ်လည်းထုတ်တယ်။ ပေါလည်းပေါတယ့်အခါကြတော့ ပိုတောင်များလာတယ်။ ဆိုတော့ ကျနော်တို့ ဒါတွေကို Review လုပ်ဖို့ လိုတယ်ဆိုတာကို တိုက်တွန်းတာများပါပြီ။ ကျနော် အငြိမ်းစားမယူခင်ကတည်းက စပြီးတော့ ဒီ Section 15 ကို Register လုပ်ရမယ်။ Register မလုပ်ရင် ထောင် (၃) နှစ်ကနေ (၅) နှစ်အထိ ချမယ်။ အရင်တုန်းက ပထမဥပဒေမှာ (၅) နှစ် စချတာ။ အဲဒီကနေ လျှော့ချလိုက်တာ (၃) နှစ်ကနေ (၁) နှစ်ဆိုတော့ (၃) နှစ်ကို မနည်းလျှော့ထားရတယ်။ အဲဒါကို ကျနော်တို့က Alternative sentencing ထောင်ထဲသွားမထည့်ပါနဲ့။ First time user ကို ထောင်ထဲသွားထည့်လိုက်ရင် သူ့ဘဝက ရှုံးပြီ။ လူငယ်လည်း ဖြစ်တယ်ဆိုရင် သူ့ဘဝရှုံးပြီ။ ဒါကို ပြန်စဉ်းစားသင့်တယ်ဆိုတာကို လူကြီးတွေကို တင်ပြတဲ့အခါ လူကြီးတွေ လက်ခံပါတယ်။ တဖြည်းဖြည်းနဲ့ ဥပဒေတခု ပြင်ဖို့ဆိုတာ ကြာတယ်လေ။ သက်ဆိုင်ရာ ရှေ့နေချုပ်ရုံးတို့၊ ဥပဒေချုပ် ဒါတွေအကုန်လုံး စီစစ်ပြီးမှ ပါလီမန်တင် ဘာညာဆိုတော့ အဲဒါကြီးက အတော်ကြာပါတယ်။ မဖြစ်လာသေးဘူး။ သို့သော်လဲ အခုနောက်ပိုင်းမှာ မူးယစ်ဗဟိုက ကြိုးစားနေတာ ရှိပါတယ်။ အဲဒါကတော့ Drug Law တခုလုံးကို ပြန်ပြီးတော့ Review လုပ်တယ်။ Drug Policy ပဲ ကျနော်တို့က ပြန် Review လုပ်တယ်။ Drug Policy ပြန်လုပ်တာ အခုဆိုရင် Fourth Stage, Fifth Stage လောက် ရောက်နေပါပြီ။ တော်တော်တိုးတက်နေပါပြီ။ တကယ့် ပြောင်းလဲလာမယ့် Drug Reform က ချက်ချင်းတော့ မဖြစ်ဘဲ၊ နောက်နှစ်လောက်ဆိုရင်တော့ End of 2017 လောက်ဆိုရင်တော့ ရုပ်လုံးပေါ်လာမယ့် သဘောရှိတယ်။ အခု Reform လုပ်နေတယ်။ Drug Policy ကို Reform လုပ်နေတယ်။ Very positive ကျနော်ကတော့ အရမ်းအားရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အဲဒီ Process ထဲမှာ ပါပါတယ်။ ကျနော်တို့ကိုဖိတ်လို့ သွားတက်တယ်။ ကျနော့်အမြင်တွေကို ပြောပြပါတယ်။ ဆိုတော့ မပြီသေးဘူး။ ကျနော် သိသလောက်တော့ International Experts တွေလည်း ခေါ်ပြီးတော့ လုပ်ထားတဲ့ Draft ပေါ့။ အဲဒီ Draft ကိုလည်း ပြမယ်ဆိုတာ မူးယစ်ဗဟိုကနေ စီစဉ်ထားတယ်။ ဒါက Very positive step ပါ။ Right direction ဘက်ကို သွားနေတယ်လို့ ကျနော်က မြင်တယ်။ ဒါပေမဲ့ လောလောဆယ်တော့ နည်းနည်းကြာနေတော့ လူတွေကတော့ စိတ်စောတာပေါ့။ ကြာတယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ် အပြစ်ပဲပြောကြတယ်။ သို့သော်လဲ ဒီလို Process က ကြာတတ်တယ်ဆိုတာ ကျနော်လည်း သဘောပေါက်တော့ အချိန်တော့ နည်းနည်းစောင့်ဖို့ လိုတယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

ဦးခမ်းအောင် ။ ။ ကျေးဇူးတင်ပါတယ်။