Your browser doesn’t support HTML5
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အဘက်ဘက်က ပိုတိုးတက်အောင်လုပ်ဖို့ နိုင်ငံရေးပါတီသစ် ထူထောင်တာလို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်လည်းဖြစ်ခဲ့၊ ပြည်ထောင်စုလွှတ်တော်နာယကလည်း ဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းက ပြောပါတယ်။ပြည်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲမှာကို အစိုးရိမ်ဆုံးဖြစ်ပြီး သူ့ပါတီအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိကထားလုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသစ် ကို ထူထောင်သူ သူရဦးရွှေမန်းက ပြောဆိုပါတယ်။ VOA အမေရိကန်အသံ ဌာနမှူး ဦးသန်းလွင်ထွန်း က ဦးရွှေမန်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဥက္ကဋ္ဌကြီးတို့ရဲ့ နိုင်ငံရေးပါတီသစ် ထူထောင်ဖို့အကြောင်းတွေ ပေါ်လာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းစာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲတွေလုပ်တယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ သတင်းစာတွေနဲ့ တွေ့ဆုံတာတွေ၊ ပြောတာတွေ ရှိခဲ့ပါတယ်။ ဒီကြားထဲမှာ အခု ကျနော်မေးချင်တဲ့ အကြောင်းအရာလေးတခုကတော့ လက်ရှိအချိန်ရဲ့ လုပ်ငန်းတွေ ဖြစ်ပေါ်လာတဲ့ အနေအထားတွေရဲ့ ပြောရမယ်ဆိုရင်တော့ အချိန်ကိုက်ဖြစ်မှု - အဲဒါက ဥက္ကဋ္ဌကြီးတို့ နိုင်ငံရေးပါတီသစ်တခုထောင်ဖို့ဆိုပြီး ဖြစ်လာတဲ့အကြောင်းအရာက ဘယ်လိုအခြေခံတွေကြောင့် ဖြစ်ပေါ်လာလဲ။ ဘာကြောင့်မေးရသလဲဆိုတော့ ဥက္ကဋ္ဌကြီးအနေနဲ့ အခုလက်ရှိ အစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တော်တော်လေးကို နီးနီးကပ်ကပ် ပူးပေါင်းပြီးတော့၊ ဆက်ဆံပြီးတော့ အကူအညီပေး လုပ်ဆောင်ပေးနေခဲ့တဲ့ အနေအထားကနေ အခုလို ပါတီသစ်တခု ခွဲထောင်လိုက်တယ်ဆိုတဲ့ အကြောင်းအခြေခံအချက်က ဘာတွေများ ရှိသလဲဆိုတာကို နည်းနည်းလေးပြောပြပါ။
ဖြေ ။ ။ ဒါကတော့ ဒီနေ့ နိုင်ငံရဲ့ အရေးအရာကိစ္စများကို တကယ်စိတ်ဝင်စားပြီး လုပ်တော့မယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးပါတီတရပ် ထူထောင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အဲဒီလို အယူအဆရှိလို့ပဲ ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့လည်း ဒီနေ့ ဒီကာလမှာ နိုင်ငံရေးပါတီတခု တည်ထောင်ပြီးလုပ်မယ်ဆိုရင် ပို၍ကောင်းလာနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် နိုင်ငံရေးပါတီတရပ် ထူထောင်ခြင်း ဖြစ်ပါတယ်။
မေး ။ ။ ဒီနေရာမှာ ဥက္ကဋ္ဌကြီးစကားကို နားထောင်လိုက်တဲ့အခါကြတော့ ပို၍ကောင်းလာမယ်လို့ ယူဆတယ်။ ပို၍ကောင်းလာမယ်လို့ ယူဆတဲ့စကား အသွားအလာကို ကောက်ရမယ်ဆိုရင် အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ယေဘုယျအားဖြင့် သုံးသပ်မယ်ဆိုရင် အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စ။ နောက်တခု စီးပွားရေးကိစ္စ။ နိုင်ငံတကာဆက်ဆံရေးကိစ္စ - နိုင်ငံတကာရဲ့ သဘောထားတွေအပြင်ကို ရင်းနှီးမြှုပ်နံှမှုမျိုးတွေ၊ ဒီကိစ္စတွေမှာ အရေးကြီးတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌကြီးက အခုလက်ရှိ အစိုးရအပေါ် တော်တော်လေး နီးနီးကပ်ကပ်နဲ့ အကြံပြုခဲ့တာတွေ ရှိခဲ့တယ်။ ကူညီပြီးတော့ ဆောင်ရွက်သုံးသပ်ပေးခဲ့တာတွေ ရှိတယ်။ အခြေအနေကို ယေဘုယျအားဖြင့် ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ။ လက်ရှိအစိုးရအနေနဲ့ မူလမျှော်လင့်ထားတဲ့ အခက်အခဲတွေ တွေ့ကြုံရတာ ရှိသလို၊ မမျှော်လင့်ဘဲနဲ့ တွေ့ကြုံရတာတွေလည်း အများကြီးရှိပါတယ်။ ဒီနေ့ အဖြစ်အပျက်တွေကို ခြုံငုံသုံးသပ်မယ်ဆိုရင်တော့ တချို့ကိစ္စတွေက သိပ်မကောင်းပါဘူး။ ဘယ်လောက်ပဲ ကြိုးစားဆောင်ရွက်သော်လဲ လက်ရှိ အခြေအနေကတော့ အခုနက ကျနော်တို့ မျှော်လင့်ထားသလို မဖြစ်လာတဲ့အတွက်တော့ စိတ်မကောင်းဘူး။ အဲဒီအတွက်လဲ ကျနော့်အနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီတော့ ထပ်ပြီးဒီထက်ပို ပြောရမယ်ဆိုရင်တော့ ကျနော်က စည်းလုံးညီညွှတ်ရေး၊ သွေးစည်းညီညွှတ်ရေးကို ကြိုက်တယ်။ စည်းလုံးညီညွှတ်မှ၊ သွေးစည်းညီညွှတ်မှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်နိုင်မယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်မှ ကျနော်တို့နိုင်ငံ တိုးတက်မယ်။ ဒါကြောင့်မို့ ဒီလိုပါတီတရပ် ထူထောင်ရမှာလဲ တခြားရည်ရွယ်ချက်တွေအပြင် သွေးစည်းညီညွှတ်ရေး၊ သို့မဟုတ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ကျနော်တို့ ထူထောင်မယ့် ပါတီအနေနဲ့ အဓိကထား ကြိုးစားဆောင်ရွက်မှာပါ။
မေး ။ ။ ဒီလိုရည်ရွယ်ချက်တွေက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ရည်ရွယ်ချက်လည်း ဒီအတိုင်းပါပဲ။ ဒီအခြေခံပေါ် မူတည်တယ်။ အလားတူပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဆိုလည်း ဒီအခြေခံပေါ် မူတည်တာပဲ။ အဲဒီတော့ ဥက္ကဋ္ဌကြီးတို့ပါတီအသစ်ရဲ့ အသေးစိတ်မူဝါဒတွေကိုတော့ အခုလောလောဆယ်မှတော့ မေးဖို့စောနေသေးတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ အကြမ်းမျဉ်း မေးချင်တာက လက်ရှိ အခြေအနေအထိ ဖြစ်လာတဲ့ အနေအထားဟာ မူကွဲလို့လား။ လူကွဲလို့လား ဆိုတဲ့ အကြမ်းမျဉ်းအခြေအနေ ဖြစ်ပါတယ်။
ဖြေ ။ ။ ဆိုတော့ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် မူသဘော (သို့မဟုတ်) ရည်ရွယ်ချက်၊ ရည်မှန်းချက်ကတော့ အားလုံးကောင်းပါတယ်။ စာထဲမှာလည်း ကောင်းကောင်းရေးထားပါတယ်။ စကားပြောတော့လည်း ကောင်းကောင်းရွေးပြောကြတယ်။ ဒါပေမဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ဘက်က အဓိကကျပါတယ်။ ဒါကြောင့်မို့ နှစ်ခုစလုံး ကျနော်ပြောချင်ပါတယ် - မူကော၊ လူကော ကောင်းဖို့ နှစ်ခုစလုံး လိုတဲ့အတွက် ကျနော်တို့ တည်ထောင်တဲ့ပါတီမှာ မူကောင်းအောင်ဖို့နဲ့ လူကောင်းဖို့လည်း အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီရက်ပိုင်းအတွင်းမှာပဲ မကြာခင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စလေးတခုကို ပြန်ကောက်ပြီးတော့ မေးချင်ပါတယ်။ အဲဒါက ဥက္ကဋ္ဌကြီး တချိန်လုံး ဦးဆောင်လာခဲ့တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင်အဖြစ် - ဒီကော်မရှင်ကလဲ ဥက္ကဋ္ဌကြီး ဒီဘက်ပါတီမှာ ထူထောင်မယ်ဆိုတဲ့ မကြာသေးခင်ကာလအတွင်းမှာ ဒီကော်မရှင်ကို လွှတ်တော်ထဲမှာ သက်တမ်းတိုးမပေးဘူး။ သက်တမ်းမတိုးပေးတဲ့အခါကြတော့ ဒီကော်မရှင်က လွှတ်တော်ထဲမှာ အင်မတန်အရေးကြီးတဲ့ အလုပ်တွေ လုပ်နေခဲ့တယ်။ တော်တော်များများလည်း လုပ်ငန်းဆောင်တာတွေ လုပ်ခဲ့တဲ့ အနေအထားတွေ ရှိတော့ ဥက္ကဋ္ဌကြီး ထွက်သွားတယ်ဆိုရင်တောင် ကော်မရှင်က ဆက်မရှိသင့်ဘူးလား။
ဖြေ ။ ။ ဒါကတော့ အယူအဆပေါ်မှာ မူတည်ပါတယ်။ ကော်မရှင်မရှိဘဲနဲ့ လုပ်လို့ရတယ်ဆိုတဲ့ အယူအဆမျိုးဆိုရင်တော့ ဒီကော်မရှင်ကို အခုလို သက်တမ်း မတိုးလိုက်တာ မှန်ပါတယ်။ သို့ရာတွင် ကော်မရှင် ရှိသင့်တယ်ဆိုတဲ့ အယူအဆရှိတယ်ဆိုရင်တော့ ဥက္ကဋ္ဌကြီးတယောက် ကော်မရှင်က ထွက်သွားပြီးတော့ (သို့မဟုတ်) ထွက်သင့်တဲ့လူ ထွက်သွားပြီးနောက် ကော်မရှင် ဆက်လက်ကျန်ရှိနေခြင်းက နိုင်ငံအတွက်နဲ့ လွှတ်တော်အတွက်ကော ကောင်းမယ်လို့ ကျနော် ထင်ပါတယ်။
မေး ။ ။ ဆိုတော့ ဒီကော်မရှင်က အထူးသဖြင့် ကော်မရှင်ကို ဖျက်သိမ်းလိုက်တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင်လဲ အခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုပြီး တိုက်တိုက်တွန်းတွန်း လုပ်လာတဲ့အချိန် ဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ပြည်နယ်နဲ့ ဝန်ကြီးချုပ် ခန့်ထားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ သမ္မတက တိုက်ရိုက်မခန့်ဖို့ဆိုတဲ့ အခြေခံပြောင်းလဲမှုလေးတွေလုပ်ဖို့ တွန်းတွန်းတိုက်တိုက် ပြောလာတာတွေရှိတယ်။ ဒီလို ဥပဒေရေးရာ အရေးကြီးနေတဲ့အချိန်မှာ ဒီကိစ္စတွေကို စီစစ်ပေး၊ အထူးပြုပေးနေတဲ့ ကော်မရှင်တရပ် မရှိဘူးဆိုတော့ ဒီကော်မရှင်တရပ်အနေနဲ့ ဥက္ကဋ္ဌကြီးတို့ လက်ရှိအာဏာရပါတီနဲ့ အစိုးရကြားထဲမှာ ကွဲလွဲချက်တွေ ဖြစ်ခဲ့လို့လား။
ဖြေ ။ ။ ဆိုတော့ ဒီလိုတော့လဲ ပြောမယ်ဆိုရင် စဉ်းစားလို့ရပါတယ်။ ကျနော်တို့ကော်မရှင်က မူဝါဒ ချမှတ်ပေးတဲ့ အဖွဲ့အစည်းတရပ် မဟုတ်ပါဘူး။ အဲဒီအတိုင်းပဲ အဆုံးအဖြတ်ပေးတဲ့ အဖွဲ့အစည်းတရပ် မဟုတ်ပါဘူး။ မူဝါဒ ချမှတ်ပေးနိုင်တဲ့ အဖွဲ့အစည်းနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ကော်မရှင်က သုံးသပ်အကြံပြုခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကော်မရှင်သည် အခုန Policy Maker မဟုတ်ဘူး။ Decision Maker မဟုတ်ဘူး။ ကော်မရှင်သည် တင်ပြအကြံပြုချက်ပေးတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို အရေးကြီးတဲ့ကာလမှာ ကော်မရှင်ကို ဆက်ထားရှိခြင်း ရှိလို့ရှိချင်က သက်ဆိုင်သူတွေရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေကို လွှတ်တော်အနေနဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများသည်လည်းကောင်း ဖြစ်မြောက်အောင် လုပ်သွားမယ့် အနေအထားရှိတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီကော်မရှင်ကတော့ အခုလာမယ့် လွှတ်တော်သက်တမ်းကာလအတွင်းမှာတော့ နတ္ထိတန်သွားပြီပေါ့။ နောက် လာမယ့် လွှတ်တော်တွေမှာ ဒီလိုမျိုးအလာတူ ကော်မရှင် ဖြစ်လာစေဖို့ ဆန္ဒရှိလား။ လိုအပ်တယ်လို့ ထင်သလား။
ဖြေ ။ ။ ကျနော့်အယူအဆကို ပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ ဥပဒေကြမ်းမှာ ရေးဆွဲတင်ပြခြင်း၊ ဥပဒေက ထွက်ပေါ်လာမယ့် နည်းဥပဒေ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ အမိန့်ကြော်ငြာစာများ ဆောင်ရွက်ခြင်းကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ အဖွဲ့အစည်းတခုတော့ လိုအပ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အဲဒီအဖွဲ့အစည်းမျိုး ရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ မရှိသေးဘူး။ မရှိသေးတဲ့ကာလမှာ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းက စပြီးတော့ အဲဒီလိုအဖွဲ့အစည်း မရှိတဲ့အတွက် လွှတ်တော်အနေနဲ့ ဒီအဖွဲ့အစည်းကို ဖွဲ့ပြီးတော့ အခုနကိစ္စများကို စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
မေး ။ ။ ဆိုတော့ ဥက္ကဋ္ဌကြီးရဲ့ လွှတ်တော်အတွင်း ဖြတ်သန်းမှုနဲ့ လွှတ်တော်အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ ပုံစံတွေအရ ကြည့်မယ်ဆိုရင် ဥက္ကဋ္ဌကြီးအနေနဲ့ အခုအစောပိုင်းမှာ သမ္မတဦးသိန်းစိန်လက်ထက်မှာ လွှတ်တော်ကို ဦးဆောင်နိုင်ခဲ့တယ်။ လွှတ်တော်ထဲကိုလည်း အတိုက်အခံအဖွဲ့အစည်းတွေ ဝင်ရောက်လာအောင် လွှတ်တော်ကို အစိုးရရဲ့ Check and Balance အစိုးရရဲ့ လုပ်ရပ်တွေပေါ်မှာ တော်တော်လေးကို ထောက်ပြနိုင်တဲ့ ချိန်းခွင်လျှာညှိပေးနိုင်တဲ့ အနေအထားမျိုး လုပ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ အခုလက်ရှိ လွှတ်တော်ကာလမှာကော ဒီအခြေအနေကို ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ ဒီဟာကတော့ ကျနော်က ဟိုတုန်းက လွှတ်တော်မှာ အဓိကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကိုယ်ငါးချဉ်ကိုယ်ချဉ်တယ်လို့ ပြောတဲ့သဘောမျိုးလည်း ဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါကတော့ ကျနော့်အနေနဲ့ သုံးသပ်တာထက် အများပြည်သူက သုံးသပ်တာ ကောင်းတယ်လို့ပဲ ဖြေချင်ပါတယ်။
မေး ။ ။ ဒါက ဥက္ကဋ္ဌကြီးရဲ့ အရင်ကာလအကြောင်းကို ပြောတာလေ။ အခုလက်ရှိ မြင်သမျှမှာကော လက်ရှိအစိုးရရဲ့ လူပုဂ္ဂိုလ်ရဲ့ လွှမ်းမိုးမှုတွေက လွှတ်တော်ထဲမှာ ဘယ်လောက်ထိများ သိပ်ကြီးမားနေသလဲ။ ဥပမာအားဖြင့် နိုင်ငံတကာမှာ လွှတ်တော်တွေရဲ့ ထုံးစံအရဆိုရင် လွှတ်တော်အမတ်တယောက်ဟာ ပါတီကို ကိုယ်စားပြုမှုထက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေနဲ့ မဲဆန္ဒရှင်တွေရဲ့ အခြေအနေကို ကိုယ်စားပြုကြတယ်။ အကြောင်းအရာ အရေးကြီးတဲ့ တကယ့်ကို ဘုံ သိပ်သဘာဝကျတဲ့ အကြောင်းအရာကျမှ ပါတီလိုင်း ပါတီကိုကိုယ်စားပြုပြီး မဲပေးကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေ အခုလက်ရှိ လွှတ်တော်ထဲမှာ ဖြစ်လာရဲ့လား။ ဒီလိုသာ မဖြစ်ဘူးဆိုရင် လွှတ်တော်တရပ်က နိုင်ငံတကာမှာဆိုရင် တံဆိပ်တုံးထု လွှတ်တော် (Rubber Stamp) လွှတ်တော်လို့ ခေါ်ကြတယ်။ ဆိုတော့ အဲဒီအနေအထားမျိုးတို့ ရှိနေတယ်လို့ ထင်လား။
ဖြေ ။ ။ အဲဒီလိုကြီးလဲ ဒီလိုလဲ စွပ်စွဲပြောဆိုလို့တော့ မရနိုင်ပါဘူး။ ဒီနေ့ လွှတ်တော်ကိုလည်း ပြည်သူများကို ကိုယ်စားပြုပြီး လုပ်နေတယ်ဆိုတဲ့ အယူအဆ ရှိတယ်။ ပြီးတဲ့အခါမှာ ပါတီရဲ့ သက်ဆိုင်တဲ့ဘက်က ပါမှုလည်း ရှိနေတယ်။ ဒီကြားမှာ စဉ်းစားဆုံးဖြတ်တာ ဖြစ်တယ်လို့ပဲကျနော် ထင်ပါတယ်။
မေး ။ ။ ဘာကြောင့်လဲဆိုတော့ ဥက္ကဋ္ဌကြီးက အခု ပါတီသစ်ထောင်တယ်။ အဲဒီအဓိပ္ပါယ် ရည်ရွယ်ချက်ကလဲ ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်ထဲမှာ မတူကွဲပြားတဲ့ အသံတွေ၊ ထွက်လာစေဖို့ ရည်ရွယ်ထားတာ။ ဆိုတော့ ဒီရည်ရွယ်ချက်က ဘယ်လောက်ထိ အောင်မြင်လာမလဲ။ ဥက္ကဋ္ဌကြီး အခု ဒီလို ပါတီသက်သက် ထူထောင်ရတဲ့ ရည်ရွယ်ချက်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်ပျက်တာတွေ၊ မကျေနပ်တာတွေ၊ အားမရတာတွေ ပါနေလို့လား။
ဖြေ ။ ။ ဒီထက်ပိုပြီးတော့ အဓိပ္ပါယ်ပြည့်ပြည့်ဝဝ ပြောရမယ်ဆိုရင် ဒီနေ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ မူလပိုင်ရှင်များဟာ ပြည်သူများ ဖြစ်ပါတယ်။ ပြည်သူများတွေရဲ့ စိတ်ဆန္ဒတွေကို အကောင်အထည်ဖော်ပေးရမှာက ပါတီများပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီပါတီတရပ်အနေနဲ့ ပြည်သူများရဲ့ အလိုဆန္ဒ၊ ပြည်သူများရဲ့ အချုပ်အခြာအာဏာကို ဖော်ဆောင်ပေးတဲ့ နေရာမှာ ကျနော်တို့ပါတီအနေနဲ့လဲ ဒီနေရာ ဒီအခန်းကဏ္ဍမှာ ထိုက်သင့်တဲ့နေရာက ပါဝင်လိုခြင်း ဖြစ်ပါတယ်။
မေး ။ ။ ဒါက ပါတီကနေတဆင့် ဥက္ကဋ္ဌကြီး ပုဂ္ဂိုလ်ရေးရည်မှန်းချက်အနေနဲ့ ဘာတွေများ ထူးထူးခြားခြား ပိုလုပ်ပေးနိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ဆိုတာထက် ပါတီရဲ့ ရည်မှန်းချက်ကို၊ ပါတီရဲ့ လုပ်ဆောင်ချက်ကို ပိုအားပြုရမယ့်သဘော ရှိပါတယ်။ လူပုဂ္ဂိုလ်က အရေးကြီးပါတယ်။ ဒါက မှန်တယ်။ မငြင်းပါဘူး။ အဲဒီမှာ ခေါင်းဆောင်မှု အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ အဲဒီလိုပဲ ခေါင်းဆောင်မှုနောက်မှာ တွယ်ကပ်လာမယ့် အဖွဲ့အစည်းတွေကလည်း အရေးကြီးတယ်။ အဲဒီလိုပဲ အဖွဲ့အစည်း ဆောင်ရွက်ရမယ့် ရှေ့လုပ်ငန်းစဉ်၊ တနည်းအားဖြင့်ပြောရင် ဒါပေမဲ့ လူကော၊ မူကော အရေးကြီးသလိုပဲ၊ လူပုဂ္ဂိုလ်ရဲ့ တဦးချင်း ရည်မှန်းချက်ဆိုတာထက် အဖွဲ့အစည်းတခုရဲ့ ရည်မှန်းချက်က ပိုခိုင်ခိုင်မာမာ ရှိဖို့လိုတယ်။ ကျနော်တို့နိုင်ငံမှာ အဲဒီလိုရှိလာဖို့ ပြုစုပျိုးထောင်ပေးရမယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့်မို့ ပါတီတရပ် ထူထောင်တဲ့နေရာမှာ ပါတီရဲ့ ဖွဲ့စည်းမှု Institution ကောင်းအောင် ပါတီမှာရှိတဲ့ ပါဝင်အဖွဲ့ဝင်များရဲ့ Capacity မြှင့်မားအောင် လုပ်ပေးရမယ်။ ဒါမှသာ ကျနော်တို့နိုင်ငံကို အဲဒီအဖွဲ့အစည်းက ရေရှည် ထိန်းသိမ်းကာကွယ် စောင့်ရှောက်မယ့်နေရာက ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ဥက္ကဋ္ဌကြီးရဲ့ပါတီက လူပုဂ္ဂိုလ် အခြေပြုပါတီ ဖြစ်လာမယ်လို့ - ဥက္ကဋ္ဌကြီးအနေနဲ့ စစ်တပ်ဘက်မှာလည်း အတွေ့အကြုံတွေ ရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့လည်း လွှတ်တော်အတွင်း အတွေ့အကြုံတွေ ရှိတယ်။ နိုင်ငံရေး၊ စစ်ဘက် အတွေ့အကြုံတွေ များစွာရှိလာတဲ့ လူတယောက်အနေနဲ့ ဒါက လူပုဂ္ဂိုလ် တယောက်ကိုပဲ အခြေခံပြီးတော့ ထောက်ခံကြပါဆိုတဲ့ ချဉ်းကပ်မှုမျိုးကို ဖြစ်လာနိုင်မလား။
ဖြေ ။ ။ ကျနော်ကတော့ ဒီနေရာမှာ လူလည်းကြည့်ပါ။ မူလည်းကြည့်ပါ။ အဖွဲ့အစည်းလည်းကြည့်ပါ။ လူကြည့်တယ်ဆိုတဲ့နေရာမှာ ခေါင်းဆောင်လည်းကြည့်ပါ။ အတွေးချင်းယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းများကိုလည်း ကြည့်ပါ။ အဲဒီလို ပြည့်ပြည့်စုံစုံ ကြည့်ပြီးမှ ရွေးချယ်တဲ့ ရွေးချယ်နိုင်မှ မှန်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင် ကျနော်တို့က နှလုံးသားနဲ့လည်း စဉ်းစားရလိမ့်မယ်။ ဦးနှောက်လည်း စဉ်းစားရလိမ့်မယ်။ ဦးနှောက်ကို ဦးစားပေးမလား၊ နှလုံးသားကို ဦးစားပေးမလား။ နှစ်ခုစလုံးကို စဉ်းစားပေးဖို့ လိုပါလိမ့်မယ်။
မေး ။ ။ ဆိုတော့ အခုလက်ရှိ အခြေအနေမှာတော့ မူဝါဒတွေအစား အများပြည်သူ စိတ်ဝင်စားနေတာကတော့ လောလောဆယ် လူကိစ္စတွေတော့ ပါတာပေါ့။ လူကိစ္စတွေ ဆိုတဲ့နေရာမှာ ဥက္ကဋ္ဌကြီးက ထူးထူးခြားခြား အခုလို နိုင်ငံရေးပါတီအသစ် ထူထောင်တဲ့ အခြေအနေမျိုး။ ဒီလိုအခြေအနေမျိုး ရောက်သွားရအောင်ဆိုလို့ရှိရင် ထူးထူးခြားခြား ဥက္ကဋ္ဌကြီးနဲ့ အတော်လေးနီးနီးစပ်စပ် ရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ရပ်တချို့နဲ့ ပတ်သက်ပြီး ဘယ်လောက်များ ကွဲလွဲချက်တွေ ရှိခဲ့သလဲ။
ဖြေ ။ ။ ဒီနေရာမှာ ကျနော်တို့နှစ်ဦးရဲ့ ဆက်ဆံရေးက လူပုဂ္ဂိုလ်ဆက်စပ် အခြေခံပါတယ်။ ပါတီနှစ်ခု ဆက်ဆံရေးဆိုတာက မရှိသလောက် နည်းပါတယ်။ ကျနော် လွှတ်တော်ဥက္ကဋ္ဌကာလတုန်းက ပြည်ထောင်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီမှာ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌက ဒီနေ့ အတိုင်ပင်ခံပုဂ္ဂိုလ်ပါ။ အဲဒီလို ဆက်ဆံတဲ့အခါမှာ ကျနော်တို့က လူပုဂ္ဂိုလ်အခြေခံ ဆက်ဆံတယ်။ အဲဒီကနေ ကျနော်က ပါတီနှစ်ရပ်ကို တဘက်နဲ့တဘက် နားလည်မှုရှိစွာနဲ့ တိုင်းပြည်တိုးတက်အောင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ဟာကို ပိုလက်ခံတယ်။ သို့ရာတွင် အဲဒီအဆင့်ကို ကြိုးစားဆောင်ရွက်နေစဉ်ကာလမှာပဲ ကျနော်ဘက်က ပြောရမယ်ဆိုရင် ကျနော် အရုပ်ကြိုးပြတ် ဖြစ်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ ဒီမူလဆန္ဒရှိတာကို ဆက်လက်ပြီးတော့ တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။
အဲဒီအချိန်မှာ နောက်ဆုံးအချိန်မှာ ကျနော်သည် ပါတီမရှိပါဘူး။ ကျနော်တို့ပါတီက ကျနော့်ကို ထုတ်ပြစ်ပါတယ်။ ကြားအောင်တော့ အနားပေးတယ်လို့ ပြောပါတယ်။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် အဲဒီပါတီမှာ မရှိတော့ပါဘူး။ မရှိတဲ့အတွက် နိုင်ငံတခုကို တည်ထောင်တဲ့နေရာမှာ ပါတီက ဒီနေ့ဒီကာလမှာ အရေးကြီးတယ်။ အရင်တုန်းက အရေးမကြီးဘူး။ ဒီနေ့ဒီကာလမှာ အရေးကြီးတဲ့အတွက် ကျနော်လည်း ကျနော်တို့ထူထောင်မယ့် ပါတီမှာ တတတ်တအား၊ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ဦးဆောင်ပြီးတော့ မည်သည့်ပါတီ၊ မည့်သည်အဖွဲ့အစည်းနဲ့မဆို နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စိတ်အရင်းအခံနဲ့ပဲ ဒီလိုလုပ်ခြင်း ဖြစ်ပါတယ်။
မေး ။ ။ အခုလက်ရှိ အခြေအနေမှာက အင်မတန် အရေးကြီးတဲ့ကိစ္စက နိုင်ငံရေးပါတီတွေအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး။ ဥက္ကဋ္ဌကြီးကလည်း တကယ်တမ်းဆိုရင် တပ်မတော်ရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ အခုလို အများပြည်သူမြင်နေကြတာတော့ ဥက္ကဋ္ဌကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရင်းနှီးမှု။ ပါတီထဲမှာ ဥက္ကဋ္ဌကြီးရဲ့ အကြံပေးမှု၊ သြဇာအာဏာ နီးနီးစပ်စပ် ဆောင်ရွက်မှုတွေ၊ အခြေအနေတွေကိုကြည့်ပြီး တချိန်ကျလို့ရှိရင် ဥက္ကဋ္ဌကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်လာမလားဆိုတဲ့ တွေးထင်ထားတာတွေလည်း ရှိတယ်။ ဒီနေရာမှာ တဘက်ကကြတော့လဲ ဥက္ကဋ္ဌကြီးက ဒီလိုတော့ လုပ်မယ်မထင်ဘူး။ ဒါဆိုရင် တပ်မတော်က သစ္စာဖောက်လို့ ပြောမယ်ဆိုတဲ့ ပုံစံမျိုး။ ဒီလို စိုးရိမ်ချက်တွေကော ရှိခဲ့လို့လား။
ဖြေ ။ ။ ကျနော်က အဲဒီလို စိုးရိမ်ချက်တွေ မရှိခဲ့ပါဘူး။ အဓိက ဘာလဲဆိုတဲ့အခါမှာ နိုင်ငံရေးပါတီတရပ် ထူထောင်လာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ကြာခဲ့ပါပြီ။ ကြာခဲ့ပြီဆိုတဲ့နေရာမှာ သူ့ရဲ့ပါတီက ပုဂ္ဂိုလ်များလည်း ဒီနေ့ ဘာပဲဖြစ်ဖြစ် သူတို့ပါတီ ဒီလိုအခွင့်အရေး၊ အာဏာရတဲ့အချိန်မှာ သူတို့လည်း အဲဒီအပေါ်မူတည်ပြီး သူ့နေရာနဲ့သူ ပါဝင်ချင်ပါတယ်။ အဲဒီအချိန်မှာ ကျနော်ကနေ ကြားပေါက်ဝင်ပြီးတဲ့အခါမှာ အခုန သူတို့ပါတီရဲ့နေရာ၊ ပါတီက ပေးအပ်တဲ့ တာဝန်တွေအပါအဝင်။ ပါတီရဲ့ စီမံခန့်ခွဲနေတာတွေကို ကျနော်ကို ပေးမယ်ဆိုလို့ရှိရင်လည်း ပေးသူအတွက်လဲ သင့်မသင့် စဉ်းစားရပါလိမ့်မယ်။ ယူသူအတွက်လဲ သင့်မသင့် စဉ်းစားရပါလိမ့်မယ်။ အဲဒီပါတီဝင်များလည်း သင့်မသင့် စဉ်းစားရပါလိမ့်မယ်။ ဒီအတွက် ကျနော်က အခုန NLD ပါတီမှာ နေရာမရတဲ့ကိစ္စ။ ပြီးတဲ့အခါမှာ ကျနော်ကိုယ်တိုင် နေရာ လိုချင်တဲ့ကိစ္စ ကျနော့်မှာ ဘာမှပြဿနာ မရှိပါဘူး။ အဲဒီအတိုင်းပဲ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဒီအစိုးရလက်ထက်မှာ အောင်မြင်ပြီးတော့ အဆင်ပြေသွားတဲ့ အနေအထားဖြစ်အောင် ကျနော်ဖက်က တတ်နိုင်သမျှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဥက္ကဋ္ဌကြီး စိုးရိမ်တဲ့အချက်က ဘာရှိလဲ။
ဖြေ ။ ။ ကျနော်တို့က စည်းလုံးညီညွှတ်မှု ပျက်မှာကို စိုးရိမ်တယ်။ အစိုးရိမ်ဆုံး။
မေး ။ ။ စည်းလုံးညီညွှတ်မှုဆိုတာ ဘာအချက်လဲ။
ဖြေ ။ ။ စည်းလုံးညီညွှတ်မှုဆိုတာ အကုန်လုံးပေါ့။ စည်းလုံးညီညွှတ်မှုဆိုတာ တိုင်းရင်းသားအချင်းချင်းမှာလဲ စည်းလုံးညီညွှတ်မှု ပျက်ဆဲမှာ စိုးရိမ်တယ်။ အခြားတိုင်းရင်းသားတွေအတွင်းမှာလဲ စည်းလုံးညီညွှတ်မှု ပျက်ပြားမှာ စိုးရိမ်တယ်။ အဲဒီအတိုင်းပဲ အမျိုးသားစည်းလုံး ညီညွှတ်မှု ပျက်ပြားမှာလဲ စိုးရိမ်တယ်။ စည်းလုံးညီညွှတ်မှုဟာ ကျနော်တို့ရဲ့အသက်။ နိုင်ငံတနိုင်ငံရဲ့ အသက်။ စည်းလုံးညီညွှတ်မှုရှိမှ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်နိုင်မယ်။ ဒါကြောင့် အစိုးရိမ်ဆုံးက စည်းလုံးညီညွှတ်မှု ပျက်ပြားမှာကို အစိုးရိမ်ဆုံးပါ။
မေး ။ ။ အခုလက်ရှိဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ဆိုလဲ လက်ရှိအာဏာရပါတီအနေနဲ့လဲ လူအများစုရဲ့ ထောက်ခံမှုကိုလဲ ရထားတယ်။ ရှိသမျှ တော်တော်များများ တချိန်တုန်းက တိုင်းရင်းသားအဖွဲ့အစည်းတွေ ယုံကြည်ကိုးစားမှုတွေလည်းရှိတော့ ဒီအခြေအနေဟာ ဘာကြောင့် တိုးတက်မလာတာလို့ ယူဆလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဋ္ဌကြီးတို့အနေနဲ့ အနီးကပ်လုပ်လာတဲ့အခါကြတော့ ဒီလို inside ဘာကြောင့်ဆိုတဲ့ အကြောင်းလေးတခုကတော့ ရှင်းရှင်းလင်းလင်း ဥက္ကဋ္ဌကြီးဆီကနေ သိချင်ပါတယ်။
ဖြေ ။ ။ ရှိကောင်းရှိနိုင်ပါတယ်။ ဘာကြောင့်ဆိုတဲ့ဟာကတော့ လောလောဆယ် တဘက်နဲ့တဘက် ယုံကြည်မှုအပေါ်လဲ အခြေခံမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ယုံကြည်မှု ရှိခြင်းမရှိခြင်းကိုတော့ ကျနော်အနေနဲ့ ပြောစရာလဲ မရှိပါဘူး။ သေချာတာကတော့ ယုံကြည်မှု အပြည့်အဝ မရသေးတဲ့အတွက် ဆိုရင်တော့ လုံလောက်မယ်ထင်ပါတယ်။
မေး ။ ။ တပ်မတော်ရဲ့ အခန်းကဏ္ဍအနေနဲ့ကော ဥက္ကဋ္ဌကြီးလည်း တပ်မတော်ရဲ့ တကယ့်ဦးစီးဦးဆောင် လုပ်လာတယ်။ အခု နိုင်ငံရေးကဏ္ဍမှာ ဥက္ကဋ္ဌကြီးအနေနဲ့ တပ်မတော်ကို ဘယ်လိုနေရာမျိုးမှာ ရှိစေချင်လဲ။ ဘာတွေဆက်ပြီးတော့ ဖြစ်စေချင်လဲဆိုတာလေးကို တချက်ပြောပြပေးပါ။
ဖြေ ။ ။ တပ်မတော်ဟာ နိုင်ငံတနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်လဲ အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော် - ဒီနေ့ Professional ပဲပြောပြော၊ Standard Army ဖြစ်စေချင်တယ်။ အဲဒီလို ဖြစ်စေချင်ပါတယ်။ Professional သို့မဟုတ် Standard Army ပြောလိုက်တဲ့အခါမှာ Standard Army မှာ ရှိသင့်တဲ့ အချက်အလက်တွေ ပြည့်စုံစေချင်ပါတယ်။ အဲဒီအတွက်လဲ ကျနော့်အနေနဲ့ ဒီလိုဖြစ်ပေါ်ဖို့အတွက်လဲ ကျနော် စိတ်အားထက်သန်မှုလည်း ရှိပါတယ်။
မေး ။ ။ နောက်တခုက အခု ဒီမိုကရေစီအစိုးရလက်ထက်မှာ နိုင်ငံရဲ့ ပုံရိပ် (Image) က နိုင်ငံတကာမှာ တော်တော်ကျဆင်းနေပါတယ်။ ကျဆင်းတဲ့ အကြောင်းရင်းကလဲ ဒုက္ခသည်တွေကိစ္စ။ ဘာသာရေးကိစ္စ။ ဒီလိုကိစ္စတွေဟာ နိုင်ငံတကာကနေ ဝေဖန်ပြောဆိုနေတာတွေဟာ အကြောင်းမဲ့ ဝေဖန်ပြောဆိုနေပြီးတော့ အကွက်ဆင် ဝေဖန်နေတယ်လို့ ယူဆသလား။ ဒါမှမဟုတ် ပြည်တွင်းမှာရော ပြုပြင်ပြောင်းလဲဖို့၊ ဒီအခြေအနေတွေကို ထိန်းကွပ်ပေးဖို့ လိုအပ်တယ်လို့ ယူဆပါလား။
ဖြေ ။ ။ ကျနော် ဒီဘက်က ဒီလိုပြောမယ်ဆိုရင် အမြင်ချင်း မတူဘူးလို့ ထင်ပါတယ်။ ဒီဘက် ပြည်တွင်းကအမြင်၊ တာဝန်ရှိသူများအမြင်နဲ့ ပြည်ပကအမြင်များ မတူချင်းကြောင့် ဒီလိုဖြစ်တယ်လို့ ထင်ပါတယ်။ ဒီပေါ်မူတည်ပြီးတော့ ဒီလိုဖြစ်တဲ့အတွက် အမြင်ချင်း တူနိုင်အောင် ဘယ်လိုညှိနှိုင်းရမလဲဆိုတဲ့ဟာလဲ စဉ်းစားစရာ ရှိပါတယ်။
မေး ။ ။ အခုနေများ ဥက္ကဋ္ဌကြီးကို နိုင်ငံတကာသတင်းဌာနတွေက လာတွေ့မယ်ဆိုလို့ရှိရင် သေချာပေါက်ပဲ ကျနော် မေးတာထက်ပိုပြီးတော့ အာရုံထားပြီး မေးမှာက ရိုဟင်ဂျာကိစ္စကို ဘယ်လိုရှင်းမလဲလို့ မေးမှာပေါ့။
ဖြေ ။ ။ အဲဒီလို မေးမယ်ဆိုလို့ရှိရင် ရိုဟင်ဂျာကိစ္စကို ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်များပေါ် လေ့လာသုံးသပ်ပြီးတော့ အမှန်ကန်ဆုံးရအောင် ဖြေရှင်းမယ်လို့ ကျနော် ဖြေပါမယ်။
မေး ။ ။ အဲဒီတော့ လက်ရှိအားဖြင့်ဆိုလို့ရှိရင် Kofi Anan ရဲ့ အစီရင်ခံစာတွေ၊ လေ့လာသုံးသပ်မှုတွေအရဆိုရင် အကြံပြုချက်တွေလည်း ရှိတယ် ဥက္ကဋ္ဌကြီးတို့လဲ ဒီကိစ္စကို မြင်ခဲ့ပါတယ်။ ဒီထဲမှာဆိုရင် ဥက္ကဋ္ဌကြီးတို့ အရင်တုန်းက သူတို့ပြောခဲ့တဲ့ နိုင်ငံတကာ သုံးသပ်တဲ့အထဲမှာ ဥပဒေရေးရာကိစ္စတွေပါတယ်။ အထူးသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်ပြီးတော့ စီစစ်ပေးဖို့ ကိစ္စဘာညာ - ဒီနေရာကို ကျနော် ပြန်ကြည့်တဲ့အခါမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာနဲ့ အစိုးရအဖွဲ့အနေနဲ့ ဥက္ကဋ္ဌကြီးတို့ အခုဖျက်သိမ်းလိုက်တဲ့ ကော်မရှင်ကပါ ဒီအကြောင်းကို ကိုင်တွယ်တာ မတွေ့ရသေးဘူး။ အဲဒါ ကျနော် မသိလို့လား။ မကိုင်တွယ်တာလား။
ဖြေ ။ ။ အဲဒီတော့ Kofi Anan က အင်မတန် လေးစားစရာကောင်းပါတယ်။ ဒါပေမဲ့ Kofi Anan ရဲ့ အစီရင်ခံစာအားလုံး မှန်တယ်၊ ကောင်းတယ်ဆိုတဲ့ဟာကို ဒီလိုပြောဆိုမယ်ဆိုလို့ရှိရင် အဲဒီလိုပြောဆိုတာ ဘယ်လောက်အထိ မှန်လဲ၊ သင့်မြတ်သလဲဆိုတာကို တော်တော်လေးစဉ်းစားဖို့ လိုပါတယ်။ ဘာကြောင့်လဲ ကိုဖီအာနန်သည် ကျနော်ပြောခဲ့တယ် လေးစားတယ်။ သူ့ရဲ့ကော်မရှင် ဒီကိုလာတယ် လာပြီးလုပ်တဲ့အခါမှာ အချိန် ဘယ်လောက်ကြာကြာ လေ့လာသုံးသပ်သလဲ။ အဲဒီနည်းတူပဲ တချိန်တုန်းက ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ဒီလိုအဖွဲ့အစည်းဖွဲ့ပြီးတော့ လုပ်ဆောင်တာလဲ ရှိပါတယ်။ ဒါကြောင့်မို့ တဦးတယောက်တည်းရဲ့ သုံးသပ်ချက်က အားလုံးအမှန်လို့ ယူဆပြီးဆောင်ရွက်မလား။ သို့မဟုတ် ပြည့်ပြည့်စုံစုံ ဆောင်ရွက်တာ ကောင်းမလား။ ဒီဟာရှိပါတယ်။ ဒါကြောင့်မို့ ကျနော် ပြန်ချုပ်မယ်ဆိုရင် ကိုဖီအာနန်ကို လေးစားပါတယ်။ ပြောရရင် သူ့အစီရင်ခံစာအတိုင်းပဲ တသွေးမတိမ် လုပ်ရမယ်ဆိုလို့ရှိရင်တော့ ဒီနေ့ နိုင်ငံကိုယ်စားပြုနေတဲ့ အချုပ်အခြာအာဏာနိုင်ငံတခုအနေနဲ့ သင့်မသင့်ဆိုတာလဲ စဉ်းစားစရာရမယ့်သဘော ရှိပါတယ်။
မေး ။ ။ အဲဒီတော့ ဥက္ကဋ္ဌကြီးအနေနဲ့ တခြားလက်ရှိ အခြေအနေပေါ်ကို ဘယ်လိုများ ဖြည့်စွက်ပြောပြစရာလေး နည်းနည်းရှိသလဲ။ အချိန်လဲ တော်တော်လေး ရှိလာပြီဆိုတော့ ရသလောက်လေးပေါ့။
ဖြေ ။ ။ အထွေအထူးတော့ မရှိပါဘူး။ ကျနော် နိုင်ငံအတွက် ပြောမယ်ဆိုရင်တော့ ပြည်သူတွေကို စပြောရပါလိမ့်မယ်။ ပြည်သူများဟာ စည်းလုံးညီညွှတ်ရေး၊ သွေးစည်းညီညွှတ်ရေးအတွက် အဓိကထားပြီးတော့ စဉ်းစားလုပ်ဆောင်ကြပါ။ ကိုယ့်မှာ အယူအဆတွေအမျိုးမျိုး ရှိကြပါလိမ့်မယ်။ အဲဒီအတိုင်းပဲ နိုင်ငံရေးပါတီတွေမှာလဲ အယူအဆ၊ မူဝါဒအမျိုးမျိုး ရှိကြပါလိမ့်မယ်။ ဘယ်လိုပဲ အယူအဆ၊ မူဝါဒတွေအမျိုးမျိုးရှိရှိ ကျနော်တို့တွေဟာ ပြည်သူ့မျက်နှာကြည့်၊ တိုင်းပြည်မျက်နှာကြည့်၊ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် အဓိကထား ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ မမေ့ဖို့ လိုပါတယ်။ တခါတရံမှာ ဒီစကားတွေပြောပြီးတဲ့အခါမှာ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးဆိုတာထက် မိမိနဲ့ မိမိအကျိုးစီးပွားတွေအတွက် ဆောင်ရွက်တာများသွားတယ်ဆိုရင် ပြည်သူနဲ့ နိုင်ငံအတွက် လျော့နည်းမှုဖြစ်စေတာကိုတော့ ကျနော် ဖြတ်သန်းလာရတဲ့ အတွေ့အကြုံအရ အဲဒီလို တင်ပြခြင်းပဲ ဖြစ်ပါတယ်။
မေး ။ ။ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။