Your browser doesn’t support HTML5
နှစ်နိုင်ငံအစိုးရသဘောတူညီချက်အရ ထိုင်းမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအရေး အစိုးရက သေချာမဆောင်ရွတ်ပေးတဲ့အပြင် သူတို့တွေအတွက် သေချာကိုယ်စားပြုပေးသူ မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွတ်နေသူတွေက ဝေဖန်ပါတယ်။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဦးထူးချစ် ကို ကိုဇော်ဝင်းလှိုင် မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဦးဆုံးအနေနဲ့ ကိုထူးချစ်တို့ရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအနေနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး လုပ်ဆောင်နေတာ ဘာတွေများလုပ်ဆောင်နေတယ်ဆိုတာကို ပြောပြလို့ရမလား။
ဖြေ ။ ။ အဓိက လုပ်ဆောင်နေတာတော့ အစီအစဉ် (၃) ခုပါ။ ပထမ (၁) ခုက ပညာရေးပါ။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက် ပညာရေးလုပ်ငန်း ရှိတယ်။ နောက်တခုက ကျန်းမာရေး - ကျန်းမာရေးပညာပေးတာ၊ အရေးပေါ် ကျန်းမာရေး ဆေးကုသမှုတွေအတွက် ကူညီဆောင်ရွက်ပေးတာ ရှိတယ်။ နောက် ကျနော်တို့ရဲ့ အဓိကလုပ်ငန်းအနေနဲ့တော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းဥပဒေနဲ့ နိုင်ငံတော်ဥပဒေအရ အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
မေး ။ ။ အစောပိုင်းတုန်းကတော့ ထိုင်းမှာရှိတဲ့ ကုမ္ပဏီတွေမှာ ကဏ္ဍစုံမှာလုပ်ကြတဲ့လူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ကျယ်ကျယ်ပြန့်ပြန့် အသံတွေလည်းထွက်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ဥစ္စာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေ တော်တော်လေး သတင်းတွေထဲမှာ တွေ့ရတယ်။ ထိုင်းကလဲ သူကိုယ်တိုင် အလုပ်သမား လိုအပ်ချက်တွေ တော်တော်များများ ရှိနေတယ်ထင်တယ်။ အဲဒါကြောင့် ဗမာပြည်ကလူတွေလာကြတယ် မဟုတ်လား။
ဖြေ ။ ။ နှစ်ပိုင်းပေါ့ ထိုင်းတွေကလဲ ထိုင်းမှာရှိတဲ့ ထိုင်းလူမျိုးတွေကလဲ အခြေခံအလုပ်တွေ - ကျနော်တို့ အင်မတန်ပြောတဲ့ အန္တရာယ်ရှိတဲ့၊ ပေတေညစ်ပတ်တဲ့ အလုပ်၊ အိမ်တွင်းအလုပ်တွေကို ထိုင်းတွေက မလုပ်တော့ဘူး။ အဲဒါကလဲ ကျနော်တို့အနေနဲ့ အိမ်နီးနားချင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အားကိုးကြတယ်။ ကျနော်တို့ မြန်မာနိုင်ငံကတော့ ကျနော်တို့ရဲ့ အခြေခံလစာကို ကျနော်တို့ မြန်မာနိုင်ငံမှာ အခုသတ်မှတ်ထားတဲ့ အခြေခံလစာနဲ့ ထိုင်းကပေးတဲ့ အခြေခံလစာနဲ့ အရမ်းကွာတယ်။ အလုပ်အကိုင် ရှာဖွေတဲ့နေရာမှာလဲ သူတို့အနေနဲ့ အင်မတန်မှ ခက်ခဲတယ်။ ဆိုတော့ မြန်မာအလုပ်သမားတွေက အများကြီးက ကဏ္ဍစုံမှာ အစောကပြောသလိုပဲ ပန်းရံလုပ်ငန်း၊ ငါးလုပ်ငန်း၊ ဟိုတယ်လ်နဲ့ ခရီးသွားလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်းတွေအနေနဲ့ နောက်တခု ပင်လယ်စာထုတ်တဲ့ လုပ်ငန်းတွေမှာ အဓိကလုပ်ကြတယ်။ အခုက ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကြတဲ့ အလုပ်သမားတွေက ၂၀၁၄ ပတ်ဝန်းကျင်မှာ အထောက်အထားတွေနဲ့ နိုင်ငံတကာက အတိအကျ ပြောလာချိန်မှာ ထိုင်းနိုင်ငံကို အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်တယ်။ နောက်တခုက တချိန်တည်းမှာပဲ ဥရောပသမဂ္ဂကလဲ ၂၀၁၅ မှာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်မယ်။ ကျေးကျွန်သဖွယ် ခိုင်းစေနေမယ်။ ကလေးအလုပ်သမားတွေ သုံးနေမယ်ဆိုရင် ခင်များတို့ရဲ့ ပင်လယ်စာတွေကို နိုင်ငံခြားကို၊ သူတို့နိုင်ငံကို မယူဘူးဆိုတဲ့အထိ အဲဒီလိုမျိုး ဖိအားတွေပေးလာတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒါကိုပိုပြီး လေးစားလိုက်နာမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ရဲ့ C188 - အဲဒါကတော့ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက်တယ်။
ကျနော်တို့က ဒါကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ဖိအားတွေသာ မရှိဘူးဆိုရင် ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် လေးစားလိုက်နာမှု အင်မတန်မှ နည်းအုံးမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်ကစပြီးတော့ ဒီလုပ်ငန်းတွေကို လုပ်နေတယ်။ ကျနော်တို့ပြောတဲ့၊ တောင်းဆိုတဲ့ဟာတွေကို ထိုင်းအစိုးရအနေနဲ့ တောက်လျှောက် လစ်လျူရှုခဲ့တယ်။ အခုကြတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဆိုင်တယ်လို့ ပြောလို့ရတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြီးခဲ့တဲ့နှစ်ကဆို နံပတ် (၃) နေရာမှာ ရှိတယ်။ ပင်လယ်စာ ပို့တဲ့နေရာမှာ။ ဆိုတော့ သူတို့ရဲ့ ပင်လယ်စာတွေကို နိုင်ငံတကာက လက်မခံဘူး။ အဓိကအားဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက လက်မခံဘူးဆိုရင် သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အင်မတန်မှ ထိခိုက်တယ်။ ဒါကြောင့်မို့ ကျနော်တို့ကပြောတယ် - ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို နှစ်နှစ်ကာကာ လိုလိုလားလားနဲ့ ထောက်ပံ့ကူညီရမယ်ဆိုတဲ့ဟာမျိုး။ တကယ်လို့ သူတို့က အဲဒီလိုမျိုး မကူညီဘူး။ မလေးစားဘူးဆိုရင် ဒါက သူတို့ရဲ့ ပင်လယ်စာ မဝယ်မှာစိုးလို့။ အဓိကတော့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကို သိပ်စေတနာရှိလို့၊ မရှိလို့ထက်စာရင် - သူတို့က တချိန်တည်းမှာ ဒါက အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး နိုင်ငံ ဖြစ်လာတယ်။ အစောကပြောတဲ့ အလုပ်သမားအဖွဲ့ချုပ်ရဲ့ သဘောတူညီချက်စာချုပ် (၁၈၈) ကို လက်မှတ်ထိုးလိုက်တယ်ဆိုတာ။ ဒါက အများကြီးပဲ သေချာရေးထားတာတော့ သင်္ဘော၊ လှေတွေပေါ်မှာ အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လိုမျိုး ကာကွယ်ရမလဲ။ အလုပ်ချိန်တွေကအစ ကျန်းမာရေးစောင့်ရှောက်မှု၊ နားနေဖို့ အခန်းတွေအပါအဝင် စနစ်တကျ ရှိရမယ်ဆိုတဲ့ သဘောတူညီချက် ဖြစ်တယ်။ ဒါက အခြေခံအားဖြင့် ပြောပြတာပါ။
မေး ။ ။ နောက်ပိုင်းမှာ ကိုထူးချစ်ရဲ့ အမေရိကန်ခရီးစဉ်ကိုလည်း မေးချင်ပါသေးတယ်။ လောလောဆယ် ကျနော်သိချင်တာက အဲဒီလိုမျိုး စာချုပ်တွေ၊ ဘာတွေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်တို့က လုပ်လာတဲ့အခါကြတော့ ထိုင်းအစိုးရကပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကကုမ္ပဏီတွေကဖြစ်ဖြစ် ကိုထူးချစ်တို့လို NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ၊ ဒါမှမဟုတ် လာတွေ့တာ၊ စကားပြောတာ အဲဒီလိုမျိုးတွေ အကူအညီတောင်းတာ၊ ဗမာတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ရှိလာပါလား။
ဖြေ ။ ။ ကျနော်တို့ ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ အရင်ကထက်စာရင် တစုံတရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုရှိလာပါတယ်။ အဓိကအားဖြင့်တော့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ဌာနဆိုင်ရာတွေ၊ ထိုင်းနိုင်ငံရဲ့ ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ တခါတရံ လုပ်ငန်းရှင်တွေအစ သူတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပညာပေးခိုင်းတယ်ဟာမျိုးတွေ။ အခုဆိုရင် ကျနော်တို့အနေနဲ့ အလုပ်သမားအဖွဲ့ချုပ်၊ ထိုင်းအစိုးရအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်မယ့် အလုပ်သမားတွေကို လှေပေါ်မှာ မလုပ်ခင်၊ သူုတို့ကို သိသင့်သိထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေနဲ့ ရေပေါ်မျာ ဘယ်လိုကျင့်ကြံနေထိုင်ရမယ်ဆိုတာကို ပညာပေးပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။
မေး ။ ။ တရားဝင်နံပတ်နဲ့ တရားဝင်စာအုပ်နဲ့ တရားဝင်သွားပြီး အစိုးရအချင်းချင်း စာချုပ်တွေချုပ်ပြီး လုပ်ကြတာဆိုတော့ ဒီဥစ္စာကို ရှေ့မှာ အစိုးရအနေနဲ့ ဘာတွေများ လုပ်ပေးနိုင်တာ ရှိနေသေးလဲ။ သူကို ဒီလိုမျိုး ရှိနေတဲ့အချိန်မှာ။
ဖြေ ။ ။ အဓိက အစောကပြောသလို သူတို့က MOU နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာနဲ့ ပို့ထားတဲ့ အလုပ်သမားတွေ ဖြစ်နေတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့မှာ လုံးလုံးလျားလျား တာဝန်ရှိတယ်။ ကျနော်တို့အနေနဲ့ အမြဲတမ်းပြောတယ် - မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရ ထိုးထားတဲ့စာချုပ်ပါ အချက်အလက်တွေကို ဂဃနဏ ရှင်းရှင်းလင်းလင်း သိရမယ်။ စာချုပ် (၁၈၈) ဆိုတာ ဘာလဲ။ နောက်ပြီးတော့ Capetown Agreement ဆိုတာ ရှိတယ်။ အဲဒါကလဲ လှေလုပ်သားတွေနဲ့ ပတ်သက်တဲ့ လှေရဲ့ အရည်အသွေးကစ သတ်မှတ်ထားတာ ရှိတယ်။ လူဦးရေ ဘယ်လောက်ပါရမလဲ။ အိမ်ခန်းဘယ်လို ရှိရမလဲ။ ဒါမျိုးတွေကအစ ပြဌာန်းထားတယ်။ ဥပဒေတွေကို မြန်မာအစိုးရအနေနဲ့ အဲဒါတွေကို တစုံတရာ စနစ်တကျလေ့လာရမယ်။ ပြီးတော့ လက်မှတ်ထိုးထားတဲ့ သူတို့နှစ်နိုင်ငံ သဘောတူညီမှုနဲ့ပို့တယ်။ ထိုင်းအစိုးရအနေနဲ့ အလုပ်သမားကို တကယ်လိုအပ်နေတာ။ သူတို့က ပင်လယ်ငါးဖမ်းလှေက ထိုင်းအစိုးရမှာ တစ်သောင်းကျော်၊ တစ်သောင်းလေးထောင်လောက် ရှိတယ်။ ဆိုတော့ အဲဒီအချိန်မှာ လူက အဓိကအားဖြင့် ကမ္ဘောဒီးယား၊ လားအို၊ မြန်မာဆိုပေမယ့်လဲ မြန်မာက အဲဒီလှေလုပ်သားရဲ့ သုံးပုံနှစ်ပုံလောက်က မြန်မာအလုပ်သမားတွေက အများဆုံး ဖြစ်နေတယ်။
ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ မြန်မာအစိုးရအနေနဲ့ အခုလို ပြီးရင်ပြီးရော လက်လွတ်ရှုထားတဲ့ပုံစံ မဟုတ်ဘဲနဲ့ အခုထက် စနစ်ကျတဲ့ ပုံစံမျိုးကို လုပ်သင့်တယ်။ နောက်တခုက ဒီဘက်မှာ ထိုင်းနိုင်ငံမှာ မြန်မာ့ရွှေ့ပြောင်းအရေး ဆောင်ရွက်နေတဲ့ ထိုင်းအဖွဲ့အစည်းတွေရှိတယ်။ မြန်မာအဖွဲ့အစည်းတွေ - ကျနော်တို့ပဲ မဟုတ်ပါဘူး အများကြီး ရှိပါတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ စနစ်တကျ ပူးပေါင်းပြီးတော့ လှေပေါ်တွေမှာ စောင့်ကြည့်တဲ့သဘောတွေ လုပ်ရမယ်။ ဒါမျိုးတွေ ပြဿနာ တက်လို့ရှိရင်လဲ ထိုင်းအစိုးရကို တိတိကျကျ ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စနစ်တကျ အကာအကွယ်ပေးမှ ထိရောက်နိုင်လိမ့်မယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ NLD အစိုးရ မတက်ခင်မှာ တကြိမ်လာတုန်းက၊ အစိုးရဖြစ်ပြီးမှ လာတုန်းက ထိုင်းမှာရှိတဲ့ အလုပ်သမားတွေနဲ့ တွေ့တယ်။ ပထမတခေါက် ထိုင်းသွားတုန်းက မဟာချိုင်းမှာရှိတဲ့ အဓိကရေလုပ်ငန်းလုပ်တဲ့ နေရာတွေသွားပြီးတော့ သူကိုယ်တိုင် လုပ်ပေးမးယ်ပြောပေးမယ်ဆိုပြီး ကတိကဝတ်တွေ ပေးခဲ့တယ်။ နောက်ပြီးတော့ ထိုင်းမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့လဲ တာဝန်ရှိတဲ့လူတွေကို ပြောခဲ့ဆိုခဲ့တာတွေ ရှိတယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ရှိပါလား။
ဖြေ ။ ။ ကျနော်ထင်တယ် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ အခြားလုပ်ငန်းတွေနဲ့ သူ့မှာ တအားအလုပ်ရှုပ်နေလား မသိဘူး။ ကျနော်တို့ မြင်ရတာ နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ကော ရွှေ့ပြောင်းအလုပ်သမားအရေးကို ထဲထဲဝင်ဝင် တိတိကျကျ ဆောင်ရွက်တာမျိုးတော့ သိပ်မသိရပါဘူး။ အခုဖြစ်နေတဲ့ ရွှေ့ပြောင်းအရေး ကိစ္စတွေကို အဓိကစပြီးတော့ အခြေတည်တာပါ။ ကျနော်တို့ ပြီးခဲ့တဲ့ အစိုးရနဲ့လဲ ကျနော်တို့ကိုယ်တိုင် ဆွေးနွေးပြီးတော့ အလုပ်သမားသံအရာရှိတွေ ထားပေးခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရကနေ စခဲ့တာပါ။ ပြီးခဲ့တဲ့အချိန်ကနေ အခုနည်းနည်းတော့ ဒီဘက်အစိုးရက ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ ကျနော်ထင်တယ် သူလဲ အလုပ်တွေရှုပ်နေလား မသိဘူး။ ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတော့ ဘာမှထိထိရောက်ရောက် ဆောင်ရွက်ပေးနေတာတော့ မြင်မြင်သာသာ မရှိပါဘူး။
မေး ။ ။ အခု ကိုထူးချစ် အမေရိကကို လာတဲ့ခရီးစဉ်ကိုလည်း ရှင်းပြပေးပါအုံး။
ဖြေ ။ ။ အဓိကတော့ အစောကပြောသလို ကျနော်တို့ ပြီးခဲ့တဲ့အပတ်ထဲမှာ မတ်လ (၁၇) ကနေ (၁၉) ရက်နေ့အထိ ပင်လယ်စာ ကုန်စည်ပြပွဲလုပ်တယ်။ အဲဒီမှာ ကျနော်တို့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လာကြတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လေ့လာပြီး ဆွေးနွေးခွင့်ရတယ်။ ဆိုလိုချင်တာက ဒီပင်လယ်စာကို နိုင်ငံတကာကို ပင်လယ်စာစားဖို့ Campaign လုပ်တယ်။ အဲဒါတွေကို ဘယ်သူတွေက အဓိကလုပ်တာလဲ။ ကျနော် အစောကပြောသလိုမျိုး အမေရိကန်အစိုးရအစ ၂၀၁၄ မှာ ထိုင်းနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီပင်လယ်စာတွေက ခေတ်သစ်ကျေးကျွန်တွေလိုလုပ်မှ ရတဲ့အစာတွေဖြစ်တယ်လို့မြင်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တွေ့တဲ့အခါမှာ လာပြီးတော့ မျှဝေတယ် ကျနော်တို့ရဲ့ အတွေ့အကြံုံတွေကို လာပြီးတော့ ဖလှယ်တာဖြစ်တယ်။ တချိန်တည်းမှာ ကျနော်တို့နဲ့ အမေရိကန်အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်။ အမေရိကန်အလုပ်သမားသမဂ္ဂတွေကလဲ ဝါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနကအစ ပါတယ်။ နောက်တခုကတော့ အဓိကတော့ အလုပ်သမားသမဂ္ဂတွေနဲ့ ကျနော်တို့ကို ပေးတွေ့တယ်။ ကျနော်တို့ရဲ့ အခြေခံလိုအပ်ချက်တွေ အဓိကအားဖြင့် နည်းပညာလိုအပ်ချက်၊ ဘဏ္ဍာရေးလိုအပ်ချက်ကအစ တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုးမယ်။ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ လက်ရှိအနေအထားကို စောင့်ကြည့်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်တာပါ။ ရေရှည်များ အမေရိကန်အလုပ်သမားသမဂ္ဂ၊ အစိုးရတွေနဲ့ ကျနော်တို့ ပေါင်းပြီးတော့ ဆောင်ရွက်မှာပါ။ မနေ့ကလည်း အမေရိကန်အလုပ်သမားဝန်ကြီးဌာနဲ့ သွားဆွေးနွေးခဲ့ပါတယ်။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ကိုထူးချစ်။