Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာအစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည် က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး စိန်ခေါ်ချက်တွေ၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှာတွေကို ပြောကြားသွားပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ပုံတွေကို မကျေနပ်ချက်တွေက ကြီးထွားလာနေတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်း မြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ကိုအောင်လွင်ဦး က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
အေထူးကျေးဇူးတင်ပါတယ်။ အရင်ဆုံး ကျနော် မေးချင်တာကတော့ အခု ကုလသမဂ္ဂ ညီလာခံမှာ မြန်မာအစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောသွားပါတယ်။ ဒီမိန့်ခွန်း ပြောသွားတဲ့အထဲမှာ သူက အသွင်ကူးပြောင်းရေးစိန်ခေါ်မှုတွေ၊ နောက်ပြီးတော့ အစိုးရသစ်အနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အလေးအနက်ပြောသွားပါတယ်။ တခုရှိတာက ဒါ ဆယ်စုနှစ်ပေါင်းများစွာမှာ ပထမဦးဆုံး အရပ်သားအစိုးရကနေပြီးတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့ မိန့်ခွန်းစကားတခုအနေနဲ့ ထူးခြားချက်လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကုလသမ… မိန့်ခွန်းက နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ကို ဘယ်လောက်အထိ စွမ်းဆောင်မှု ရှိနိုင်မလဲ။ ဘယ်လောက်အထိ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တိမ်ညွှန့်လာအောင် ပြောနိုင်မယ်လို့ ယူဆပါလဲ။
ကိုအောင်မျိုးမင်း ။ ။ ပထမဦးဆုံးကတော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရ ကိုယ်စားပြုပြီးတော့ ဒီလိုမျိုး တင်ပြနိုင်တာ ကျနော်တို့တိုင်းပြည်အတွက် ဂုဏ်ယူလျှက် ရှိပါတယ်။ နောက်တခါ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီဘက်ကို ဦးတည်ပြီး ပြောင်းလဲနေတဲ့ အယူအဆကို ကမ္ဘာကနေ သိသွားမယ် ရှိပါတယ်။ အဲဒီနေရာမှာ တခြားအရင် အစိုးရနဲ့ မတူညီတဲ့ တချက်ကတော့ အရင်အစိုးရကတော့ တိုင်းပြည်အတွင်းမှာ ဖြစ်တဲ့အကြောင်းအရာတွေကို အမှန်အတိုင်း တင်ပြတာ မဟုတ်ဘဲနဲ့ မြန်မာပြည် အေးချမ်းသာယာတယ့် ပုံစံမျိုး။ နောက်တခါ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက အနောက်နိုင်ငံ (သို့) တိုင်းပြည်ကို ဆူပူသူတွေရဲ့ လုပ်ဆောင်ချင်သူတွေလို့ပဲ မြင်ကြတာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတာကတော့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ သူ့အနေနဲ့ လုပ်ဆောင်မှုတွေ ဖော်ပြတာ မကဘဲနဲ့ တကယ်တမ်း ကြုံတွေ့ရမယ့်အရာတွေ၊ ဒါတွေ လုပ်ဆောင်ဖို့အတွက် ဆက်လက် ခရီးရှည်ကြီး ဘယ်လောက်အထိ ရှိနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း တင်ပြခြင်းက ရိုးသာပွင့်လင်းမှုလို့ ပြောချင်ပါတယ်။ နောက်တခါ ကမ္ဘာက အာရုံစိုက်နေတဲ့ ဒီမှာဖြစ်နေတဲ့ ပြည်တွင်းရေးကိစ္စကို၊ ငြိမ်းချမ်းရေးကိစ္စကို အထူးဦးစားပေးသွားတယ်။ မေးခွန်းတွေ အများကြီးရှိနေတဲ့ ရခိုင်ပြည်နယ်နဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အကြောင်း ပြောသွားတယ်။ ဒီဟာတွေက စိန်ခေါ်မှုတွေ ရှိနေတုန်းပဲ။ သူ့အနေနဲ့ ဒါကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ သံဓိဌာန် ချထားတဲ့ပုံစံ ပြောခြင်းက တိုင်းပြည်ရဲ့ အခြေအနေမှန် စိန်ခေါ်မှုတွေကို ကမ္ဘာကနေ သိသွားအောင် လုပ်ဆောင်နိုင်တဲ့အတွက် Impressive လို့ခေါ်တဲ့ ဂုဏ်ယူစရာ ပြောကြားချက် ဖြစ်ပါတယ်။
ကိုအောင်လွင်ဦး ။ ။ တခုရှိတာက ဒီအစိုးရအသစ်အနေနဲ့ တာဝန်ယူတာက (၁) နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ ဒီကြားကာလမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရခိုင်အရေးကိစ္စတွေ၊ နိုင်ငံတကာ အာရုံစိုက်နေတဲ့ ကိစ္စမျိုးတွေမှာ တိုးတက်မှု ဆုတ်ယုတ်မှု ဘာတွေများ မြင်ရလဲ။ အခု အစိုးရသစ် သက်တမ်းတလျှောက်မှာ။
ကိုအောင်မျိုးမင်း ။ ။ အစိုးရသက်တမ်းတလျှောက်မှာ ကျနော်တို့ ကြိုးစားလုပ်ဆောင်မှုတွေတော့ တွေ့ရတယ်။ အရင်ကလို မဟုတ်ဘဲနဲ့ ဖြစ်နေတဲ့ ပြဿနာကို မရှိသလို ငြင်းတဲ့အဆင့်တော့ မဟုတ်ဘူး။ ရှိနေတာကို သုံးသပ်တဲ့ ကြိုးစားပြီး လုပ်ဆောင်တယ်။ တချို့နေရာမှာ အခက်အခဲ ရှိသည့်တိုင်အောင် လုပ်ဆောင်တဲ့ပုံမျိုး။ ဥပမာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုပြီး ပြောထားတဲ့ အရင်အစိုးရ ပြောကြားချက်ကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှုတွေ လုပ်ဆောင်တယ်။ ဖိနှိပ်တဲ့ ဥပဒေတွေ မရှိပါဘူးလို့ ပြောထားတဲ့အချက်ကို ဥပဒေတွေပြောင်းအောင်၊ ပြင်အောင် ကြိုးစားပြီး လုပ်ဆောင်ချက်က ဒီလုပ်ဆောင်ချက်ပါ။ တချိန်တည်းမှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တဲ့ဟာတွေ ရှိတယ်။ အထူးသဖြင့် ကျနော်တို့ ပြောနေကြတဲ့ ရခိုင်ပြည်နယ်အရေးမှာဆိုရင် လုပ်လို့ရှိရင်လဲ ပြဿနာတက်မယ်။ မလုပ်ဘဲထားရင်လဲ ပြဿနာတက်မယ်။ ဒါပေမဲ့ ရဲရဲဝံ့ဝံ့နဲ့ သူယုံကြည်ချက်အတိုင်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့မယ်။ ဒီကိစ္စကို အရေးတကြီး လုပ်ဆောင်မယ်ဆိုတဲ့ အကြောင်းအရာကို သူ့အနေနဲ့ လုပ်ဆောင်မယ်။ စိန်ခေါ်မှုက ဘာလဲ။ လက်မခံတဲ့သူတွေ ပါတယ်။ လက်မခံတဲ့သူတွေ ရှိလာတယ်။ ပဋိပက္ခတွေ တိုးလာတယ်။ ဒါပေမဲ့ သူရအောင် လုပ်ဆောင်သွားတယ်။ လုပ်ဆောင်သင့်တာ လုပ်ဆောင်သွားတာကို တွေ့ရတယ်။ ငြိမ်းချမ်းရေးကိစ္စလည်း ဒီအတိုင်းပဲ ငြိမ်းချမ်းရေးကိစ္စမှာ အရင်တုန်းက လိပ်ခဲတတင်းတင်း ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို အကောင်အထည် မဖော်နိုင်ဘူး။ ရှေ့မတိုးနိုင်ခဲ့ဘူး။ ဒါပေမဲ့ ပင်လုံညီလာခံနဲ့ ရှေ့တိုးနိုင်အောင် ကြိုးစားတယ်။ ဒါပေမဲ့ ပြဿနာက ကျန်သေးတဲ့လူတွေ ကျန်နေတယ်။ နောက်တခါမှာ ငြိမ်းချမ်းရေးကိစ္စမှာ လုပ်ဆောင်တဲ့ တိုင်းရင်းသားတွေဘက်နဲ့ အဓိက ဒီဘက်မှာ လက်နက်ကိုင်ကိစ္စကို တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြဿနာတွေ ရှိနေတာ တွေ့ရတယ်။ အပြောအဆိုအရ သိပ်အဆင်မပြေတာတွေ ရှိတယ်။ ဝန်ခံမှုတွေ၊ စိန်ခေါ်မှုတွေ ရှိတယ်။ ဒါပေမဲ့ ဒါကိုရအောင် သူကြိုးစားပြီး သွားလုပ်တယ်။ အဲဒီတော့ လုပ်တဲ့နေရာမှာတော့ ကျနော်က ဖြစ်ချင်တဲ့ဆန္ဒ Political Will လို့ခေါ်တဲ့ စိတ်ဆန္ဒပိုင်းကို သဘောကျတယ်။ ဒါပေမဲ့ အခက်အခဲတွေက အများကြီးပဲ။ တဘက်က ဖိအားတွေ ရှိသလို၊ ဖိအားတွေစုံနေတယ်။ နောက် ပြောင်းချင်သည်တိုင်အောင် ပြောင်းလိုမရတဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့ လုပ်ချင်သည်တိုင်အောင် အခက်အခဲတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။
ကိုအောင်လွင်ဦး ။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် နယူးရော့ခ်မှာ ရောက်နေတုန်းမှာ ပြောသွားတာ တခု ရှိပါတယ်။ ဒါက ဒီနှစ်မှာ ထူးထူးခြားခြား ကုလသမ--- မြန်မာနိုင်ငံ ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူးလို့ သူပြောသွားပါတယ်။ အထူးသဖြင့်တော့ ပုံမှန် လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ တတိယကော်မတီက အဆိုပြုမှာ မဟုတ်တော့ဘူး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်က ဒီနှစ်က ထွက်လာစရာ မရှိဘူးဆိုတော့ တခုရှိတာက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ထွက်မလာတဲ့အတွက် လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မကြာခဏ ကြားနေရတယ်။ ဒါတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်အကဲခတ်မှု အပိုင်းတွေမှာ အားနည်းသွားစရာတွေ မရှိဘူးလား။
ကိုအောင်မျိုးမင်း ။ ။ ကျနော်တို့ နှစ်တိုင်းပါနေကြ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးကို အကြံပြုတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်၊ ဒီနှစ်က တက်လာဖို့အတွက် အတော်ခက်ခဲသွားတာကို တွေ့ရပါတယ်။ တဘက်က ကျနော်တို့ ကြည့်မယ်ဆိုရင် တိုင်းပြည်က အမှန်တကယ် ပြောင်းလဲတယ်ဆိုရင် ကျနော်တို့ကိုယ်တိုင်လည်း ရွေးချယ်ပြီးတော့ နိုင်ငံတကာက ဖိအားပေးတာ မကြိုက်ပါဘူး။ တကယ်ပွင့်လင်းလာရင် ပွင့်လင်းလာတာတွေကို လက်ခံပါ။ တိုးတက်မှုတွေကို အသိအမှတ်ပြုပါ။ ကျနော်တို့ကိုယ်တိုင် ဒါမျိုး တောင်းဆိုပါမယ်။ ဒါပေမဲ့ အခုတခေါက်မှာ ကျနော်တို့ဆီမှာ တကယ်တမ်း စိုးရိမ်စရာအချက်တွေက ပျောက်သွားပြီလား။ ဒါတွေ မပျောက်သေးဘူး။ ထိုးစစ်ဆင်မှုတွေ ဆက်ရှိနေတယ်။ အရင်တုန်းက သေနတ်သံတွေ တိတ်ခဲ့တဲ့ ကရင်မှာတောင် ပြန်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေ ရှိနေတယ်။ တိုင်းရင်းသား ဒုက္ခသည်တွေကိစ္စ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက မပြီးသေးဘူး။ အဲဒီတွေ ပြီးဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေတာဟာ လူတိုင်း သိနေတဲ့အချက်။ အဲဒီတော့ ဒါမျိုးကိစ္စတွေကို အမြန်အဆန် ပြီးစီးဖို့။ နောက်တခါ အဖြေရှာတဲ့အချိန်မှာ ဒီတိုင်းပြည်ရဲ့ အကျိုးအတွက် ဝိုင်းဝန်ပြီးတော့ ဆန့်ကျင်ပြီးတော့ တားဆီးနေတဲ့အရာတွေ မဖြစ်ဖို့အတွက်။ နောက်တခါ လက်နက်ကိုင် ပဋိပက္ခတွေ ငြိမ်းချမ်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးစားသလို၊ တခြားလူတွေလည်း ကြိုးစားဖို့ လိုအပ်တယ်။ အခုလိုမျိုး ဖိအားပေးမှုတွေ လျော့သွားရင် ကျနော်တို့ အခုနလို ပူးပေါင်းဆောင်ရွက်သင့်သူတွေ မပူးပေါင်းတော့ဘဲနဲ့ ကမ္ဘာကြီးကို ဂရုစိုက်စရာ မလိုပါဘူး စိတ်ဓါတ် ဖြစ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုမိုတောင်မှ အခက်အခဲတွေ ပိုများလာမယ်။ အဲဒီတော့ ကျနော်တို့ အယူအဆအရ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ လုံးဝမပြီးသေးဘူး။ တိုးတက်လာတာ ရှိသလို၊ စိန်ခေါ်မှုအသစ်တွေလည်း ပေါ်လာနိုင်မယ်။ အဲဒါကို မျက်ခြေမပြတ် စောင့်ကြည့်နေဆဲပါဆိုတဲ့ နိုင်ငံတကာ အာရုံစိုက်မှုတော့ ဒီနှစ်တော့ ရှိသင့်သေးတယ်။ ဒါပေမဲ့ မရှိတဲ့အချိန်မှာတော့ ကျနော်တို့ကတော့ ထပ်ပြီးတော့ လုပ်နိုင်တာကတော့ ဖြစ်နေတဲ့ အဖြစ်အပျက်ကို ကမ္ဘာသိအောင် ကြေညာတာပဲ လုပ်လို့ရမယ်။ အမှန်တော့ စောသေးတယ်လို့ပဲ ကျနော် ပြောချင်တယ်။
ကိုအောင်လွင်ဦး ။ ။ ဒါကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပိုင်းပေါ့။ နောက်တခါ အခုတပိုင်း ဆက်ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ပြောမယ်ဆိုရင်တော့ အခု လောလောလတ်လတ် အုတ်အော်သောင်နင်း ဖြစ်နေတဲ့ကိစ္စ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေလို့ပြောရင် မြန်မာနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အခြေအနေက မပါမဖြစ် ထည့်ပြောရမယ့်ကိစ္စ။ အခုနောက်ဆုံးဆိုရင်လည်း လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီး အုတ်အော်သောင်နင်း ဖြစ်နေတာတွေရှိတယ်။ အပ်ချုပ်ဆိုင်က ကောင်မလေးနှစ်ယောက်ကို ညဉ်းပမ်းနှိပ်စက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ ဖြေရှင်းပုံ ဖြေရှင်းနည်းက နည်းလမ်းမကျဘူးဆိုပြီး တော်တော်များများက ဝေဖန်တယ်။ ဝေဖန်တာကိုလည်း သူတို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းပါတယ်။ ကိုအောင်မျိုးမင်းတို့ သွားတာလည်း ကျနော်တို့ တွေ့ပါတယ်။ ဆိုတော့ ဒီလို ဖြေရှင်းတဲ့အပေါ်လဲ လူတွေက သိပ်ဘဝင်မကျတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာတောင် လွှတ်တော်မှာ ဒါကို အရေးကြီးအဆိုတင်ပြီးတော့ ကော်မရှင်တဲ့ လူတချို့ကို အရေးယူပေးဖို့အထိတောင် ပြောတာဆိုတာတွေ ဖြစ်လာတယ်ဆိုတော့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးအနေနဲ့ ဒီကော်မရှင်ရဲ့ ကလေးမလေးတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ပုံတွေက ကျေနပ်အားရစရာလို့ ယူဆလား။
ကိုအောင်မျိုးမင်း ။ ။ ကျနော်အနေနဲ့ ဒါကို တော်တော်များများ ပြောပြပြီးပါပြီ။ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အရ ဒီကိစ္စကို စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိတယ်။ အဲဒါကို သူတို့ အပြည့်အဝ အသုံးချပါတယ်။ ဒါကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို သူတို့သုံးတာ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ထဲမှာ စုံစမ်းစစ်ဆေးတဲ့အချိန်မှာ တကယ်လိုများ တိုင်းပြည်မှာရှိတဲ့ ဥပဒေတွေကို ချိုးဖောက်တယ်၊ တည်ဆဲဥပဒေတွေကို ချိုးဖောက်တယ်ဆိုရင်လဲ သင့်တော်သလို လုပ်ဆောင်ရမယ်ဆိုတာ ပါထားပြီသား။ အခုတော့ စုံစမ်းစစ်ဆေးတယ်။ ဒါပေမဲ့ ဒီလောက် ကြီးမားလှတဲ့ ရာဇဝတ်မှုမျိုး။ ကလေးတွေ ရက်ရက်စက်စက် ထိခိုက်တဲ့ ကလေးအခွင့်အရေး ချိုးဖောက်မှုမျိုးကို တကယ်တမ်း အမြင့်ဆုံး တရားဥပဒေနဲ့အညီ အရေးယူတဲ့ လုပ်ဆောင်မှုအပိုင်းမှာ သူတို့ အားနည်းသွားခဲ့တယ်။ အမှန်တော့ လူ့အခွင့်အရေးအကြောင်း ကျွမ်းကျင်တဲ့သူဆိုရင် ဒီအမှုမျိုးက ကျေအေးရုံနဲ့ မလုံလောက်ဘူးဆိုတာကို သိမှာပါ။ ဒါပေမဲ့ ဒီလိုမျိုး အမှုမျိုး ကျေအေးမှုနဲ့ ကျေအေးလိုက်တာ။ ငွေနဲ့ ကျေအေးလိုက်တာကို သူတို့ လက်ခံခြင်းက သူတို့ အားနည်းချက်ဖြစ်တယ်။ အမှန်ဆို လူ့အခွင့်အရေး ကာကွယ်မယ့်သူက ကျူးလွန်မှုက သိရုံတင်၊ ဖော်ထုတ်ရုံတင်မကဘဲ ထိုက်သင့်တဲ့ အရေးယူမှုဖြစ်အောင် လုပ်ဆောင်ပေးရမယ့် တာဝန် ရှိပါတယ်။ ဒါကို သူတို့ မလုပ်ဆောင်ခြင်းက ပြည်သူလူထုက ထောက်ပြစရာ ဖြစ်သွားတယ်။ သူတို့ဘက်က ပြောစရာ ရှိပါတယ်။ သူတို့ရဲ့ ဥပဒေအရ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးတာဝန်ပဲ ရှိတယ်။ အရေးယူပေးဖို့ တာဝန်မရှိဘူးဆိုတာ ဟုတ်ပါတယ်။ ဒါက ဥပဒေရဲ့ အားနည်းချက် ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်တိုင် အမှုဖွင့်သည့် မရသည့်တိုင်အောင် ဒီကိစ္စ မတရားမှန်းသိတယ်။ ငွေနဲ့ကျေအေးလို့ မသင့်တဲ့ကိစ္စမျိုးရှိရင် တခြားသူတွေကို ဒါမျိုးနည်းနဲ့ တရားအမှုစွဲလို့ရတယ်ဆိုတဲ့ဟာကို ဘာကြောင့် မလုပ်ဆောင်လဲ။ ဒီလောက်လေး ကြိုးပမ်းမှုတောင် မလုပ်နိုင်ဘူးလား။ တဦးချင်းရဲ့ ကြိုးပမ်းမှု အားထုတ်မှုက မရှိတော့ဘူးလား။ အဲဒါကို ထောက်ပြချင်ပါတယ်။ အဲဒီတော့ လုပ်ဆောင်မှုအတိုင်း လုပ်တာရှိပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်တာရယ်။ လုပ်ဆောင်မှု ဒီလောက်ရှိတယ်ဆိုတဲ့ ဆင်ခြင်နဲ့ ဖြစ်သမျှ ပြီးရောဆိုတဲ့ လုပ်ဆောင်ချက်က အမှန်တကယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်လိုသော ကော်မရှင်များနဲ့ အားကောင်းသော လူ့အခွင့်အရေးရဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဲဒီအပိုင်းမှာ တော်တော်အားနည်းသွားပါတယ်။
ကိုအောင်လွင်ဦး ။ ။ ဆိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တကယ့်တကယ်တော့ အရင်အစိုးရလက်ထက်မှာ စပြီးဖွဲ့စည်းလာတော့ မေးခွန်းထုတ်စရာတွေလည်း ရှိတယ်။ တချို့က ဝေဖန်တာတွေလည်း ရှိတယ်။ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်များ စဖွဲ့စည်းစဉ်ကာလကနေ အခုအချိန်ထိ ကြီးကြီးမားမား ဆောင်ရွက်ချက်တွေ၊ အားရကျေနပ်စရာတွေကော ဘာတွေများ ရှိခဲ့ဖူးလဲ။
ကိုအောင်မျိုးမင်း ။ ။ အဲဒီနေရာမှာ ကော်မရှင်များ သွားမေးမယ်ဆိုရင် ပညာပေးမှုတွေ လုပ်ပါတယ်။ သွားရောက်စုံစမ်းမှုတွေ လုပ်ပါတယ်ဆိုတဲ့ အောင်မြင်မှုတွေကို ပြောပါမယ်။ ကျနော့်အနေနဲ့ ဒါကို အသိအမှတ် ပြုပါတယ်။ ကြိုးစားမှု။ ဒါပေမဲ့ ရလဒ်ကို ပိုကြည့်ချင်တယ်။ တိုင်းကြားမှုတွေ ရရှိလာပြီးနောက်ပိုင်း ဘယ်လောက်အထိ တရားဥပဒေကို ဆောင်ကြဉ်နိုင်သလဲ အဲဒီအပိုင်းမှာ အားနည်းတယ်။ ဘာကြောင့်လဲ ဥပဒေကိုယ်တိုင်က သူတို့က တကယ်လိုများ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ရှိရင် အဲဒီလူကို ဘယ်လိုမျိုး အရေးယူသင့်လဲဆိုတဲ့ အကြံပေးချက် ပေးနိုင်တဲ့အဆင့်တောင် မရှိဘူး။ အခုက လက်ခံလာတဲ့ဟာကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို လွှဲပေးတဲ့ စာတိုက်သဘောမျိုး ဖြစ်နေတာက ဥပဒေရဲ့ အားနည်းချက်။ ပထမဦးဆုံး ဥပဒေကို ကျနော်တို့ အားမရဘူး။ နောက်တခုကတော့ ကော်မရှင်တွေရဲ့ ပညာရပ်နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ကျနော်တို့ တချို့လူတွေအပေါ် သဘောမကျပါဘူး။ အခုနလို ဖြစ်တဲ့ကိစ္စလိုမျိုး ဒါက အရမ်းကို ချိုးဖောက်တာ ဖြစ်တယ်။ ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှုလည်း ဖြစ်တယ်။ ကလေးသူငယ်ဆိုင်ရာ ချိုးဖောက်တာလည်းမြောက်တယ်။ ဘာကြောင့် အဲဒီလိုမျိုး ဆိုးဆိုးဝါးဝါး ဖြစ်တဲ့ဟာကို ဒီလောက်နဲ့ ပြီးရင်ပြီးရော ကျေနပ်ရင်ပြီးရော နှစ်ဦးနှစ်ဘက် ကျေနပ်ရင်ပြီးရောဆိုတဲ့ အတွေးတိမ်မျိုးရှိတာက ဘာကိုပြနေသလဲဆိုတော့ လူ့အခွင့်အရေး ဥပဒေပိုင်း ကျွမ်းကျင်မှုရယ်။ လူ့အခွင့်အရေးကို ငါတို့ တကယ်တမ်း ကာကွယ်မယ်ဆိုတဲ့ စိတ်ရောကိုယ်ပါ စိတ်အားထက်သန်မှုနဲ့ နှလုံးသားပါ လူ့အခွင့်အရေးပေါ် ယုံကြည်မှု အားနည်းနေပါတယ်။ အဲဒီနှစ်ချက်နဲ့ပဲ ကျနော် ပြောချင်ပါတယ်။
ကိုအောင်လွင်ဦး ။ ။ အဲဒီလိုဆိုရင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် တိုးတက်ဖို့ဆိုရင် သူ့ရဲ့ ဖွဲ့စည်းပုံတွေ ပြင်ဖို့လိုလား။ လူတွေပြောင်းဖို့ လိုတာလား။
ကိုအောင်မျိုးမင်း ။ ။ နှစ်ခုစလုံး လိုအပ်ပါတယ်။ ဥပဒေကိုယ်တိုင်က တကယ် လုပ်ပိုင်ခွင့်ရှိသော အရာမျိုး ရှိဖို့လိုအပ်တယ်။ ဒါမှသာ စိတ်ဓါတ်မှန်မှန်နဲ့ နေရာမှန်ကို ရောက်လာမယ့် ကော်မရှင်ဝင်အသစ်တွေကလည်း တာဝန်ကို ဒီထက်ပိုမို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ တခါတလေ ဘယ်လောက်အထိ ဥပဒေကကောင်းကောင်း ဥပဒေကို အသုံးပြုပြီးတော့ ကာကွယ်ပေးချင်တဲ့စိတ်မျိုး မရှိဘူး။ ဒါကို တာဝန်အရ မဟုတ်ဘဲနဲ့ ခန့်အပ်မှုကြောင့်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ခံစားမှုနဲ့ လုပ်လို့ရှိရင်လဲ ဥပဒေကို အသုံးမချတာ ဖြစ်တဲ့အတွက် လူကောမူကော ပြင်ဖို့ လိုအပ်ပါတယ်။ မူက လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ အခွင့်အာဏာရှိသော မူရှိဖို့ လိုအပ်သလို။ ဒီမူကို အသုံးချပြီးတော့ နိုင်ငံသားအားလုံးကို ခွဲခြားမှုမရှိဘဲနဲ့ ထိုက်သင့်သော ပေးဆပ်မှုတွေ၊ ထိုက်သင့်သော နစ်နာကြေးတွေကို ရရှိပိုင်ခွင့်ကို လုပ်ဆောင်နိုင်တဲ့သူ အချိန်မရွေး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒရှိသူတွေလည်း လိုအပ်ပါတယ်။