Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းမှန်တွေကို စုံစမ်းဖော်ထုတ်ရေးသားတဲ့ သတင်းထောက်တွေအတွက် အကာအကွယ်ပေးမှု အများကြီး အားနည်းနေသေးတယ်လို့ ၂၀၁၆ ခုနှစ် Pulitzer ဆုရှင် AP သတင်းဌာနက သတင်းထောက် Esther Htusan က ပြောဆိုလိုက်ပါတယ်။ Seafoods from Slaves - ကျွန်တွေထံမှ ပင်လယ်စာ” ဆိုပြီး သတင်းဖော်ထုတ် ရေးသားခဲ့တဲ့ သတင်းဌာနကို လူထုအကျိုးပြု သတင်းယူတဲ့ကဏ္ဍအတွက် Pulitzer ဆုကို ချီးမြှင့်ခဲ့တာပါ။ AP သတင်းထောက် လေးယောက်ထဲမှာပါ Esther Htusan ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလိုမျိုး VOA ကို လာပြီးတော့ မေးတဲ့မေးခွန်းတွေကို ဖြေပေးတဲ့အတွက် အက်စ်စတာ ကို ကျေးဇူးတင်ပါတယ်။ အခု အက်စ်စတာ က ဗမာနိုင်ငံမှာဆိုရင် ပထမဦးဆုံး မြန်မာအမျိုးသမီးထဲကလည်း ဖြစ်တယ်။ Pulitzer ဆုလည်းရတဲ့ တယောက်ပေါ့။ ပထမဦးဆုံး Pulitzer ဆု ဆိုတာက သတင်းသမားတွေ အရမ်းဂုဏ်ယူတဲ့ဆုပါ။ ဒီလို ဆုမျိုးကို ထူးထူးခြားခြား ရတယ်။ ဒီဆုနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ပြောပြပေးပါ။
Esther Htusan ။ ။ ဒီဆု က ကျမတို့ ၂၀၁၆ ခုနှစ် Pulitzer ဆု Announcement မှာ ကျမတို့ အမျိုးသမီးသတင်းထောက်အဖွဲ့ AP သတင်းဌာနက အမျိုးသမီး (၄) ယောက် ပါဝင်ပြီးတော့မှ လုပ်ဆောင်တဲ့ စုံစမ်းထောက်လှမ်းတဲ့ သတင်းပေါ်မှာ ဒီနေ့ လူမှုဝန်ဆောင်မှုအောက်ကနေ ဆုပေးတာပါ။ လုပ်တဲ့သတင်းကတော့ ပင်လယ်စာ လုပ်ငန်းတွေမှာ ကျွန်ပြုခံရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းထောက်လှမ်းပြီးတော့ ဖော်ထုတ်ခဲ့တာပါ။
ဒေါ်ခင်မျိုးသက် ။ ။ ဒီထဲမှာ အက်စ်စတာတို့ ရေးလိုက်တဲ့ ဆောင်းပါး၊ ဖော်ထုတ်လိုက်တဲ့ သတင်းထဲမှာ အဓိက မြန်မာငါးဖမ်းလုပ်သားတွေအနေနဲ့ အများကြီး ပါနေပါတယ်။ ဒီသတင်းအစအနကို ဘယ်လို စပြီးတော့ ရခဲ့ပါလဲ။ အဲဒါလေးကစပြီး ပြောပြပါ။
Esther Htusan ။ ။ ဂျာကာတာ (Jakarta) မြို့မှာ အခြေစိုက်တဲ့ သတင်းဌာနမှာ အလုပ်လုပ်တဲ့ မာဂျီ မေဆန် () - ကျမတို့ လေးယောက်ထဲက တယောက် - သူကနေစပြီး IOM (International Organization for Migration) အဖွဲ့အစည်းကနေ ကျမတို့ကို “နင်တို့ သတင်းလုပ်နေတာ၊ အင်ဒိုနီးရှားအရှေ့ဘက်ကျွန်းတွေကို တချက်ကြည့်ကြည့်ပါလား။ ငါးဖမ်းလှေတွေပေါ်မှာ ရေလုပ်သားတွေ တော်တော်များများ မတရားခံနေရတယ်လို့ သတင်းကြားတယ်။” လို့ သတင်းစပေးပါတယ်။ ကျမတို့က ဘယ်နားကနေ ဘယ်လိုစလုပ်ရမှန်း လုံးဝမသိပါဘူး။ အင်ဒိုနီးရှားမှာ ကျွန်းပေါင်းထောင်နဲ့ချီ ရှိတယ့်အတွက်ကြောင့်မို့ ဘယ်နေရာကနေ ဘယ်ကျွန်းလဲဆိုတာလည်း သူတို့ အတိအကျ မသိဘူး။ ဒါပေမဲ့ သူတို့က သံသယ ဖြစ်တယ်လို့ ကျမတို့ကို ပြောပြသွားတယ်။ အဲဒီလို ရှစ်လကိုးလလောက်ကိုတော့ ကျမတို့ အစအနတွေ ဖော်တာပေါ့။ လူကုန်ကူးခံရတဲ့လူတွေက ဘယ်ရောက်သွားတာလဲ။ ဘယ်နေရာကနေ ဘယ်ကို ပျောက်သွားတယ်။ ပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း လိုက်ပြီးတော့ မေးကြည့်ကြတယ်။ မေးရင်နဲ့ နောက်ဆုံးမှာ ထိုင်းအဖွဲ့အစည်းတခု၊ ထိုင်းတွေရဲ့ NGO အဖွဲ့က တခုကနေ ဒီကျွန်းတွေ အရှေ့ဘက်ကျွန်းတွေကို သွားမယ်ဆိုတဲ့အချိန်မှာ စပြီးတော့ သူတို့နောက်ကိုလိုက်ပြီးတော့ စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာခဲ့တာပါ။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အဲဒီလိုမျိုး သွားတဲ့အခါမှာ ကျွန်းတွေဆီကို အရင်ဆုံးသွားတာလား။ သင်္ဘောတွေကို စောင့်ပြီးတော့ သင်္ဘောတွေနောက်ကနေ လူကုန်ကူးခံရတဲ့လူတွေ ပါမယ်ထင်တဲ့ သင်္ဘောတွေနောက်ကို လိုက်တာလား။ ဘယ်လို ပုံစံနဲ့ သွားတာလဲ။
Esther Htusan ။ ။ ကျမတို့ ဒီသတင်းကို အင်ဒိုနီးရှားကျွန်းတွေကို သွားမယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ ကျမတို့ ဘယ်သင်္ဘောကိုမှ မသိသေးပါဘူးရှင့်။ အဲဒီတော့ ကျမတို့ ကျွန်းတွေကို သွားတာပါ။ အင်ဒိုနီးရှားရဲ့ အရှေ့ဘက်စွန်းစွန်းမှာရှိတဲ့ ဘန်ဂျီနာ (Benjina) ဆိုတဲ့ ကျွန်းပေါ်ကို ကျမ မဟုတ်သေးဘူး။ ကျမတို့ထဲက ရော်ဘင် မက်ဒေါဝဲလ် (Robin McDowell) က အရင် ရောက်သွားတာပါ။ သူ ရောက်သွားပြီးတဲ့အချိန်မှာ အလွန်အင်မတန် ဝေးလံခေါင်သီတဲ့ ကျွန်းပေါ်မှာ ကုမ္ပဏီ ကြီးကြီးမားမားတခု ရှိနေတာကို တွေ့တယ်။ ပြီးတော့ လူတော်တော်များများ အလုပ်လုပ်နေတာကို တွေ့တယ်။ ရုပ်တွေက မြန်မာပြည်က ရုပ်တွေလို၊ ထိုင်းနိုင်ငံက ရုပ်လိုလို၊ ကမ္ဘောဒီးယား၊ လားအို က ရုပ်တွေ ပုံစံမျိုုးတွေကို သူကတွေ့ရတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ လူတွေ ဘယ်လိုရောက်နေ၊ ဖြစ်နေလဲဆိုတာ သူ့အတွက် ဆက်စုံစမ်းဖို့ ဘာသာစကား အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာပြည်မှာ သတင်းလုပ်နေတဲ့အချိန်မှာ သူက လှမ်းဖုန်းဆက်ပြီးမှ သူက အရှေ့ဘက်ကျွန်းကို ချက်ချင်းလိုက်လာခဲ့ဖို့၊ ပြီးတော့ ဆက်ပြီးစုံစမ်းထောက်လှမ်းဖို့ လှမ်းပြီးခေါ်ပါတယ်။ အဲဒီအချိန်မှာ ကျမက နောက် (၃) ရက်အကြာမှာ ရောက်သွားပါတယ်။ တော်တော်လေးကို ဝေးလံှခေါင်သီတယ်။ လေယာဉ် (၅) ကြိမ် စီးရပါတယ်။ ပြီး သင်္ဘောတကြိမ်စီးမှ အဲဒီကျွန်းကို ရောက်တယ်။ ရောက်တဲ့အချိန်မှာ ကမ္ဘာ့အစွန်းဆုံးကို ရောက်သွားသလိုမျိုး ခံစားရပါတယ်။ ဘာမှ မရှိတဲ့နေရာကို ရောက်သွားခဲ့ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီလူတွေက ဗမာတွေမှန်း ဘယ်လိုလုပ် သိလာလဲ။
Esther Htusan ။ ။ အဲဒီကျွန်းကိုရောက်တဲ့နေ့မှာပဲ ထွက်ပြေးသွားတဲ့ ငါးဖမ်းသမားထဲက တယောက်ကို လိုက်ရှာဖို့ဆိုပြီး ရွာတရွာကိုသွားတယ်။ သွားတော့ အဲဒီလူနဲ့ တွေ့တယ်။ တွေ့ပြီးတော့မှ သူက စပြီးရှင်းပြတယ်။ အဲဒီကျွန်းမှာ မြန်မာရေလုပ်သားတွေ အများကြီး ရှိတဲ့အကြောင်း။ ဒါပေမဲ့ သူကိုယ်တိုင်ကိုယ်က ဒီငါးဖမ်းလှေတွေမှာ လုပ်ခဲ့တဲ့အတွက်ကြောင့်မို့ အတိအကျ သူ့ရဲ့ connection ကို မသိခဲ့ဘူး။ အဲဒီတော့ ကျမတို့ သူကို အင်တာဗျူးတွေလုပ်တယ်။ ဘာတွေဖြစ်ခဲ့သလဲလို့ မေးတဲ့အခါမှာ တော်တော်လေးကို ဆိုးဝါးတဲ့ အဖြစ်အပျက်လေးတွေ၊ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ရတာ ပင်ပန်းတဲ့အကြောင်းတွေ ပြောပြတယ်။ ပြီးတော့မှ ပြန်လာတဲ့အချိန်မှာ သူနေတဲ့နေရာက ကျမတို့တည်တဲ့နေရာနဲ့ တော်တော်လေးကို ဝေးတယ်။ အဲဒီအဝေးကြီးကနေ ပြန်လာတော့ နဂိုတည်တဲ့ကျွန်းကို ပြန်ရောက်လာချိန်မှာ ညနေပိုင်းရောက်လို့ ထမင်းစားစရာဆိုလို့ ဆိုင်သေးသေးလေးရှိတော့ အဲဒီမှာ သွားစားမယ်ဆိုလို့ ပြောလို့ သွားကြတော့ မြန်စကား ပြောသံတွေကို စပြီးတော့ ကြားရတယ်။ ယောကျ်ားလေး နှစ်ယောက်သုံးယောက်လောက် စကားပြောနေတော့ ကျမ ချက်ချင်းပဲ သူတို့ဘက်ကို လိုက်ကြည့်ပြီး မြန်မာပြည်ကလားလို့ လှမ်းမေးလိုက်တော့ သူတို့ မျက်လုံးပြူးပြီး ကြည့်လာတယ်။ “အမ က မြန်မာလား” လို့ အဲဒီလိုမျိုး ပြောတော့ “ဟုတ်တယ်” ဆိုပြီး စရှင်းပြတယ်။ ရောက်လာတဲ့အကြောင်း … ကျမ သတင်းထောက်ပါ။ ဒီမှာ ဒီရေလုပ်သားတွေ ဘယ်လို ရောက်လာသလဲဆိုတဲ့ အကြောင်းကို လာပြီး စုံစမ်းတာပါဆိုပြီး ရှင်းပြတယ်။ ရှင်းပြတော့ သူတို့အကုန်လုံး လန့်သွားတာပေါ့။ ဒီလောက်အထိ ဝေးလံခေါင်သီတဲ့ကျွန်း။ ရေလမ်းကြောင်းက လာတယ်ဆိုရင် (၁၅) ရက်ကနေ၊ ရက် (၂၀) ရက် (၃၀) အထိ ကြာတဲ့ခရီးမှာ သူတို့ တော်တော်လေးကို လန့်ဖြန့်သွားတယ်။ ကျမကို ကြည့်ပြီးတော့မှ။ အဲဒီမှာ စပြီးတော့ စကားပြောဖြစ်တာပါ။ အဲဒီမှာ ကျမ မြန်မာတွေကို စတွေ့တာပေါ့။
ဒေါ်ခင်မျိုးသက် ။ ။ သတင်းလုပ်တော့မယ်ဆိုတော့ မြန်မာတွေနဲ့လည်း တွေ့နေပြီ။ ဒီလူတွေဟာ ခက်ခက်ခဲခဲ ခရီးကို မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားက ဝေးလံခေါင်သီတဲ့ ကျွန်းတွေ ရောက်လာပြီ။ အဲဒီအခါမှာ ဘယ်လို စိတ်ကူးရလဲ။ ဒီဟာမျိုးကို သတင်းရေးဖို့ဆိုရင် ဘယ်လိုမျိုး စပြီးတော့ လုပ်မယ်လို့ စိတ်ကူးရပါလဲ။
Esther Htusan ။ ။ ကျမတို့က အဲဒီအချိန်မှာ ဝေးလံခေါင်သီတဲ့ ကျွန်းမှာ ရောက်နေတယ်။ ကျမမှာ ကိရိယာပစ္စည်းလေးတွေတော့ ပါသွားတယ်။ ဥပမာ အင်တာဗျူး လုပ်ဖို့။ သူတို့တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းဖို့။ အဲဒီတော့ ကျမတို့ သူတို့တွေကို ချက်ချင်းပဲ ရောက်တဲ့ညနေကတည်းကစပြီး အင်တာဗျူး လုပ်ပါတယ်။ ဘာကြောင့်မို့ ဒီနေရာကို ဘယ်လို ရောက်လာလဲဆိုတာ။ ကျမတို့အတွက်က အကြီးဆုံးမေးခွန်း။ ဘယ်လို ရောက်လာလဲ - ဝေးတဲ့နေရာကနေဆိုတော့။ များသောအားဖြင့် တယောက်ပြီးတယောက်က သူတို့ရဲ့ အကြောင်းအရာတွေကို စပြီးပြောပြတယ်။ ကျနော်တို့ကို မြန်မာနိုင်ငံကနေ ရွာကနေ ပွဲစားလာပြီးတော့ ထိုင်းနိုင်ငံမှာ အလုပ်ပေးမယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ထိုင်းနိုင်ငံ ရောက်တဲ့အခါကြတော့ ချက်ချင်း ဆိပ်ကမ်းတွေကို ခေါ်သွားတယ်။ ဆိပ်ကမ်းတွေ ရောက်တာနဲ့ ငါးဖမ်းလှေပေါ်မှာ သူတို့ ဘာမှ မသိလိုက်ခင်မှာ တခါထဲ ရောင်းစားလိုက်တယ်ဆိုတာတွေကို ပြောပြပါတယ်။ တချို့က ရောင်းစားတယ်ဆိုတဲ့ စကားလုံး မပြောတတ်ဘူး။ သူတို့ကိုယ်သူတို့ ရောင်းစားခံရမှန်း မသိတဲ့လူတွေ အများကြီး။ ဒါပေမဲ့ သူတို့ ပြောပြတာက ငါးဖမ်းလှေပေါ် ချက်ချင်းတက်ရတယ်။ သူတို့ မသိလိုက်ခင်မှာပဲ သူတို့ အင်ဒိုနီးရှား ရေပေါ်ကို ရောက်နေပြီ။ သူတို့ ပဲ့နင်းတွေကို စပြီးမေးတဲ့အခါ အဲဒီအချိန်မှာ မြန်မာပြည်နဲ့ အဝေးကြီးကို ရောက်နေတယ်ဆိုတဲ့အကြောင်းကို သူတို့ သိတယ်။ အဲဒီအခါမှာ ပြောလာတဲ့ ယောကျ်ားလေးတွေ အကုန်လုံးသည် ဒီ Case တခုထဲမှာပဲ ဖြစ်နေတယ်။ ပွဲစားခေါ်သွားတယ်။ ထိုင်းနိုင်ငံ ရောက်ပြီးတဲ့အခါမှာ ထိုင်းငါးဖမ်းလှေတွေ ချက်ချင်း ရောက်သွားတယ်ဆိုတာကို အများကြီး ပြောပြလာပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဒီလိုမျိုး အင်ဒိုနီးရှားကျွန်းမှာ မြန်မာနိုင်ငံသားတွေ လူမှောင်ခိုးကူးခံရတာ တွေ့လာတယ်။ အဲဒီအခါမှာ သူတို့တွေ နောက်ဆက်တွဲ ကျေးကျွန်ပြုခံနေရတယ်ဆိုတဲ့ ပုံစံမျိုး အဲဒါမျိုးကို ဘယ်လိုမျိုး ဖော်ထုတ်ပါလဲ။
Esther Htusan ။ ။ ကျမတို့ သူတို့ကို စပြီး အင်တာဗျူးလုပ်တယ်။ သူတို့ ဘယ်လို ရောက်လာသလဲဆိုတာကို သိပြီ။ သိတဲ့အချိန်မှာ ချက်ချင်းပဲ ဘယ်လှေပေါ်မှာ အလုပ်လုပ်တာလဲ။ ထိုင်းငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တယ်။ အကုန်လုံးက ထိုင်းငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တယ်။ ပြီးတော့မှ သူတို့တွေကို လခ ရလား။ လခ တစက်မှ မရဘူး။ လခ တပြားမှ မရဘဲနဲ့ နှစ်ပေါင်းများစွာ။ တချို့နှစ်ပေါင်းများစွာ။ တချို့ဆို (၁၅) နှစ်၊ တချို့က (၈) နှစ်၊ တချို့က စရောက်တဲ့လူတွေ ရှိတယ်။ အဲဒီတော့ သူတို့ကို ပြောတယ် … ဘာကြောင့်မို့လို့ နှစ်အကြာကြီး နေနေရလဲ။ ကျနော်တို့ကို ပြန်ခွင့်မပြုဘူး။ ဒီမှာပဲ သေဖို့ ပစ်ထာတာဆိုတဲ့ ပုံစံမျိုးတွေ စပြီးပြောလာတယ်။ ကျမကလည်း သူတို့တွေ ဒီအကြောင်းတွေ ပြောလာအောင် တဖြည်းဖြည်း သွားရတယ်။ အဲဒီတော့ သူတို့က များသောအားဖြင့် ပြောတဲ့လူတွေက တပုံစံထဲ ဖြစ်နေတယ်။ သူတို့တွေကို အစာလုံလောက်ရုံပဲ ကျွေးတယ်။ ပြီးတော့မှ တနေ့ကို နာရီ (၂၀) ကျော် အလုပ်လုပ်ရတယ်။ မအိပ်ရတဲ့ အချိန်တွေ ရှိတယ်။ တချို့ဆိုရင် တအားပင်ပန်းလို့ ငါးဖမ်းလှေတွေပေါ်မှာ သေသွားတဲ့ လူတွေ ရှိတယ်ဆိုပြီး စပြောပြတော့ ကျမတို့ သူတို့ရဲ့ အကြောင်းအရာတွေကို အကုန်လုံးကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူတို့တွေသည် ခေတ်သစ်ကျွန်ပြုတဲ့ အနေနဲ့ သတ်မှတ်လိုက်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ထိုင်းငါးဖမ်းလုပ်ငန်းက တကယ်တမ်း ငွေပမာဏ အတော်များပါတယ်။ တနှစ်ကို (၇) ဘီလီယန်လောက် ဝင်တာပါ။ ဒေါ်လာသန်း ခုနှစ်ထောင်ကျော်လောက်ကို ဝင်တဲ့ လုပ်ငန်းကြီးပါ။ ဒီဟာမှာ အန္တရာယ်တွေ ရှိမယ်လို့ ထင်ပါတယ်။ အနောက်မှာ ဒီလုပ်ငန်းကြီးတွေနောက်ပိုင်း ငွေအင်အားကြီးတဲ့ လူတွေ အများကြီးက ရှိနေတဲ့အခါကြတော့ ဒီအန္တရာယ်တွေကို ဘယ်လို ရှောင်ခဲ့လဲ။ ပြောပြပေးပါ။
Esther Htusan ။ ။ ဘယ်လို ရှောင်ခဲ့သလဲဆိုတော့ ကျမတို့က အတတ်နိုင်ဆုံး ကုမ္ပဏီခွဲမှာရှိတဲ့ လူတွေနဲ့ စကားပြောစရာ မလိုအောင်နေတယ်။ ခပ်ဝေးဝေးကနေ အတတ်နိုင်ဆုံး အဲဒီကျွန်းမှာရှိတဲ့ မြန်မာပြည်သားတွေ တချို့နေရာမှာဆိုရင် ကျွန်းရဲ့ တခြားတနေရာကို ခေါ်သွားပြီးမှ အင်တာဗျူး လုပ်တာတို့။ သူတို့တွေကိုလည်း အတတ်နိုင်ဆုံး အန္တရာယ်မဖြစ်အောင် ကျမတို့က အင်တာဗျူးလုပ်တဲ့လူတွေ ကျွန်ပြုခံရတဲ့ လူတွေကိုလည်း ကျမတို့ ပြန်သွားတဲ့အခါမှာ အန္တရာယ် မဖြစ်အောင် အင်တာဗျူး လုပ်ပါတယ်။ အဲဒီတော့ အတတ်နိုင်ဆုံးကတော့ သူတို့နဲ့ ခပ်ဝေးဝေးမှာ နေတယ်။ ဒါပေမဲ့ တခါတလေကြတော့ သူတို့ဘက်ကနေ အဲဒီ ဧရိယာမှာ လူစိမ်းလာလို့ မရဘူး။ ထွက်သွားရမယ်။ ခြိမ်းခြောက်တာမျိုးတွေတော့ ရှိပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အသက်အန္တရာယ်အထိ ကြုံခဲ့ရတာမျိုး ရှိပါလား။
Esther Htusan ။ ။ တခါတလေကြရင်တော့ သူတို့က ကျမတို့ကို ဆက်ပြီး သတင်းမလိုက်အောင် သူတို့လှေတွေနဲ့ ခြိမ်းခြောက်တာမျိုးတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဒီခြိမ်းခြောက်မှုက ကျမတို့အတွက် ဘယ်လောက်အထိ အန္တရာယ်ရှိစေနိုင်ဆိုတာကိုတော့ အဲဒီတုန်းက တော်တော်လေး မသိလိုက်ဘူး။
ဒေါ်ခင်မျိုးသက် ။ ။ သတင်းလုပ်တဲ့ လုပ်ငန်းမှာ ဒီ စုံစမ်းထောက်လှမ်းပြီးတော့မှ သတင်းဖော်ထုတ်တာ တော်တော်ခက်ခဲတဲ့ အဆင့်မှာ ရှိပါတယ်။ ဆိုတော့ အခု မြန်မာနိုင်ငံကလည်း ဖြစ်တယ်။ ကချင်တိုင်းရင်းသူလည်း ဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသူလေးတယောက်က ဒီလိုခက်ခက်ခဲခဲတွေ ဖော်ထုတ်ပြီးမှ ရေးသားတဲ့ စာတမ်းတခု သတင်းနဲ့ ပတ်သက်ပြီး Pulitzer ဆု ရတယ်ဆိုတော့ မြန်မာနိုင်ငံက သတင်းသမားတွေအတွက် ဘာတွေများ မျှော်လင့်ထားပါလဲ။ အခုလိုမျိုး ရလာတဲ့အတွက်။
Esther Htusan ။ ။ ကျမ ဥပမာတခုအနေနဲ့ ရပ်တည်ချင်ပါတယ်။ ကျမတို့ဆီမှာ စုံစမ်းဖော်ထုတ်စရာတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ ကျမတို့ မြန်မာသတင်းထောက်တွေကလည်း အများကြီး အရည်အချင်း ရှိကြပါတယ်။ အဲဒီတော့ သူတို့တွေမှာလည်း ပိုပြီးတော့ သူတို့အလုပ်မှာ ပိုပြီးစုံစမ်းထောက်လှမ်းနိုင်တဲ့ အရာတွေ။ သူတို့သတင်းကြောင့် အကြောင်းအရာတခုကို ပြောင်းလဲနိုင်တဲ့ အရာကို သူတို့ လုပ်နိုင်တယ်ဆိုတာကို ကျမ ဥပမာတခုအနေနဲ့ ဖြစ်စေချင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံမှာဆိုရင်လဲ အခုဆိုရင် စစ်အုပ်ချုပ်မှုတော့ မရှိတော့ပါဘူး။ စစ်အုပ်ချုပ်မှု မရှိပေမယ့် စုံစမ်းထောက်လှမ်းဖို့က ခက်ခဲမယ်လို့ ထင်ပါတယ်။ ဒီလူတွေအတွက်ကို ဘာများ ပြောချင်ပါလဲ။ ဘယ်လို အားပေးချင်ပါလဲ။
Esther Htusan ။ ။ ကျမတို့နိုင်ငံက စပြီးပွင့်လင်းလာတယ်ဆိုတော့ အခု လူငယ်တွေက အရမ်းတက်ကြွတယ်။ ကျမတို့အတွက် နောက်ကနေ ကာကွယ်ပေးတဲ့ အရာတွေက သိပ်ကိုနည်းပါးနေပါတယ်။ ကျမတို့ လူငယ်ကြီးပဲ မဟုတ်ပါဘူး။ သတင်းလုပ်တဲ့ သူတွေအတွက်ဆိုရင် ကာကွယ်မှုကနည်းတယ်။ သူ့ရဲ့ သတင်းတိုက်အနေနဲ့လည်းကောင်း၊ အစိုးရဘက်ကလည်းကောင်း ကာကွယ်မှုက အများကြီး အားနည်းနေပါသေးတယ်။ အဲဒီတော့ ကျမတို့အတွက် ကာကွယ်မှု လိုအပ်တယ်။ ပြီးတော့မှ အခုလို စုံစမ်းထောက်လှမ်းတဲ့ သတင်းတွေကို လုပ်ဖို့အတွက် သတင်းတိုက်တွေကလည်း အားပေးဖို့ အများကြီး လိုအပ်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလိုမျိုး VOA မှာ မေးမြန်းခွင့် ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
Esther Htusan ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။