ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေအတွင်း ငြိမ်းချမ်းရေးအောင်မြင်အောင် တည်ဆောက်ဖို့ဆိုရင်၊ အရင်အစိုးရတွေလက်ထက် တိုင်းရင်းသားမြေယာတွေကို အတင်းကြပ်သိမ်းယူခဲ့တဲ့ မြေယာပဋိပက္ခတွေကို အရင် ဖြေရှင်းဖို့ လိုမယ်လို့ ကချင်ပြည်နယ်အတွင်း မြေယာအရေး လူ့အခွင့်အရေး လှုပ်ရှားနေသူ ဒေါ်ဘောက်ဂျာက ဗွီအိုအေကို ပြောပါတယ်။ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ တရုတ်ဘက်က ရည်ညွန်းပြောဆိုနေပေမယ့် ဘယ်အစိုးရ လက်ထက်မှာဖြစ်ဖြစ် ဒေသခံ ကချင်ပြည်သူတွေက လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေါ်ဘောက်ဂျာ ပြီးခဲ့တဲ့လက ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့အချိန် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ကိုသားညွန့်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။
Your browser doesn’t support HTML5
ကိုသားညွှန့်ဦး ။ ။ ဒေါ်ဘောက်ဂျာ VOA မေးမြန်းခန်း၊ မေးမြန်းမှုကို လာရောက်ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ အရင်ဆုံး မေးချင်တာက မြစ်ဆုံရေကာတာကိစ္စပါ။ အခု အစိုးရသစ်ကလည်း အပြောင်းအလဲဖြစ်ပြီ။ အခု တရုတ်အစိုးရက ပြောလာပြီ။ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘာပြောလဲဆိုတော့ မြစ်ဆုံဆည်စီမံကိန်းကဆိုရင် မြန်မာအစိုးရနဲ့ လုပ်ထားတဲ့ Contactor က သက်ဝင်နေတုန်းပဲ။ သူတို့အနေနဲ့ ဆက်လုပ်ဖို့ တွန်းအားပေးတဲ့သဘောမျိုး ပြောလာတယ်။ မြစ်ဆုံရေကာတာ လုပ်ရေးမလုပ်ရေးက မြန်မာနဲ့ တရုတ်ကြားထဲမှာ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုမှာ အတော်လေး အဓိကကျတဲ့အချက်ဆိုပြီးတော့ နည်းနည်းလေး ဖိဖိစီးစီးလေး ပြောလာတာကို တွေ့ရတယ်။ အဲဒီတော့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ အစိုးရသစ်ကလည်း အပြောင်းအလဲ ဖြစ်တော့မယ်။ ဒေါ်ဘောက်ဂျာတို့အမြင် ဘယ်လို ရှိသလဲ။
ဒေါ်ဘောက်ဂျာ ။ ။ မြစ်ဆုံကတော့ ကျမတို့ မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ကိစ္စ ဖြစ်တယ်။ ဒီမြစ်ဆုံကိစ္စကိုပဲ တပြည်လုံး၊ တနိုင်ငံလုံးက အထူးစိတ်ဝင်စားမှုနဲ့ ဒီနေ့အထိ စောင့်ကြည့်နေကြတာကို တွေ့တယ်။ အစိုးရသစ်လက်ထက်မှာ ဒီမြစ်ဆုံကို ရပ်နားမလားဆိုပြီး ကျမတို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခု တရုတ်တွေနဲ့ ကျမတို့ ခေါင်းဆောင်ကြီးနဲ့ တွေ့တဲ့အခါကြတော့ မြစ်ဆုံကို တခြားပုံစံတမျိုးနဲ့ စဉ်းစားမယ်ဆိုပြီးတော့ ပြုလုပ်မယ်ဆိုတဲ့အခါမှာ ကျမတို့မှာ အခုအချိန်အထိ ရင်မအေးနိုင်ရသေးဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အဓိက အသက်သွေးကြော မြစ်တယ်။ ပြည်သူတရပ်လုံးကလည်း မြစ်ဆုံကိစ္စကို ရပ်နားသွားအောင် တားရဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ကိုသားညွှန့်ဦး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရတဲ့ သူတို့ကတော့ ပြောနေပါတယ် - မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ သူတို့ Review Process တွေ လုပ်ငန်းစဉ်တွေ လုပ်နေပါပြီလို့ ပြောတယ်။ ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒေသခံတွေကို မေးတာမြန်းတာ ညှိနှိုင်းတာမျိုးတွေ တွေ့ရပါသလား။
ဒေါ်ဘောက်ဂျာ ။ ။ သူတို့ကတော့ ဒေသခံတွေနဲ့ အဆင်ပြေတယ်လို့သာ ပြောတာပါ။ ဒေသခံတွေက ဒီနေ့အထိ မြစ်ဆုံလုပ်ဖို့ကို လုံးဝလက်မခံကြဘူး။ ဒါပေမဲ့ တရုတ်က တဖက်လှည့်နဲ့ အကြောင်းအမျိုးမျိုးပြပြီးတော့ စည်းရုံးတာမျိုးတွေ လုပ်တယ်။ မြစ်ဆုံကိစ္စဆိုပြီးတော့ အဓိကထား လုပ်တာမျိုး မဟုတ်ဘဲနဲ့ တဖက်လှည့်ပြီးတော့ စည်းရုံးနေတာကို တွေ့ရတယ်။ အဲဒါက တခု။ နောက် မြစ်ဆုံနဲ့ ပတ်သက်လို့ တောက်လျှောက်က တရုတ်က ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအသီးသီးကို၊ ပါတီအသီးသီးကို နည်းအမျိုးမျိုးနဲ့ ခေါ်ယူပြီး စည်းရုံးခဲ့တယ်။ ဒီအစိုးရသစ် တက်လာတဲ့အခါမှာ မြစ်ဆုံကို ဆက်ပြီးတော့ ဆောက်မယ်ဆိုရင် ပြည်သူရဲ့ အယုံအကြည် တော်တော်လေး ကင်းမဲ့သွားမှာကို ကျမ မြင်တွေ့ရတယ်။
ကိုသားညွှန့်ဦး ။ ။ အခုအနေအထားမှာ တရုတ်နိုင်ငံက ပြောနေတာက ဒီ မြန်မာအစိုးရနဲ့ ချုပ်ဆိုထားတဲ့ Contract က သက်ဝင်နေတုန်းပဲတဲ့။ ဒေါ်အောင်ဆန်းစုကြည်က တချိန်က ပြောဖူးတယ်။ အရင်အစိုးရ လုပ်ခဲ့တဲ့ဟာတွေကို သူ့အနေနဲ့ အားလုံးပယ်ဖျက်မှုတော့ မရှိဘူး။ အခုက ပြန်လည်သုံးသပ်နေတဲ့ကာလ အခြေအနေ ဖြစ်နေတော့ တဖက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ NLD အနေနဲ့ အကြပ်အတည်းလို့ ဖြစ်နေတဲ့ အခြေအနေ။ တဖက်ကလဲ လူထုရဲ့ ဖိအား။ အဲဒီလို အခြေအနေ ဖြစ်နေတဲ့အခါ ဒေါ်ဘောက်ဂျာ ဘယ်လိုမြင်လဲ။ သူတို့ ပြန်စနိုင်မယ့် အရိပ်အရောင်ရှိလား။ ဒါမှမဟုတ် တစုံတခု ပြောင်းလဲပြီးတော့ ပြန်စရင်ကော။
ဒေါ်ဘောက်ဂျာ ။ ။ သူတို့က ပြည်သူတွေရဲ့ ဆန္ဒခံယူဖို့ ကြိုးစားတယ်။ အဲဒီအခါကြတော့ ပြည်သူတွေရဲ့ ဆန္ဒ ခံယူဖို့ဆိုတာ ပြည်သူတွေက အကြောင်းအမျိုးမျိုးကြောင့် နားမလည်မှုတွေ များစွာနဲ့ ရင်ဆိုင်နေရတယ်။ ဒေသခံပြည်သူတွေက ပိုဆိုးတာပေါ့။ ဘာမှ နားမလည်ဘူး။ အဲဒီမှာ ဒီဆုံးဖြတ်ချက်ဟာ ကျမတို့ပြည်သူအတွက် ပိုပြီးတော့ အခက်တွေ့စေတယ်။ တက်လာတဲ့ အစိုးရအနေနဲ့ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားတယ်။ တိုင်းပြည်ရဲ့ အခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ မြစ်ဆုံက လုံးဝရပ်သင့်တယ်။ ကျန်တဲ့အပိုင်းကို မျက်နှာထောက်ထားစရာတွေကို နောက်ထားပြီးတော့ မိမိရဲ့တိုင်ပြည်နဲ့ ပြည်သူအတွက် အဓိကထားမယ်ဆိုရင် သူ့အတွက်လည်း ထွက်ပေါက်တခု ရလိမ့်မယ်လို့ ကျမ မြင်ပါတယ်။
ကိုသားညွှန့်ဦး ။ ။ တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရက မြစ်ဆုံစီမံကိန်းကို ပြန်လည်သုံးသပ်ပြီးတော့ သူတို့ပြောအရ ဒေသခံတွေအတွက် အကျိုးရှိမယ့်အခြေအနေမျိုး၊ တဘက် တရုတ်ကလဲ ကုမ္ပဏီကလည်း မနစ်နာမယ့် အခြေအနေမျိုး ပြန်လုပ်မယ်၊ ပြန်စမယ်ဆိုရင်ကော ..
ဒေါ်ဘောက်ဂျာ ။ ။ ဒေသခံတွေအတွက် အကျိုးရှိမယ့်အလုပ်က မြစ်ဆုံ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ တိုင်းရင်းသားဒေသတွေ အထူးသဖြင့် ခံစားနေရတာက သမိုင်းပျောက်ပျက်သွားမယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသွားမယ်။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမှာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ဒါကြောင့် ကျမတို့အနေနဲ့ အစိုးရသစ်အနေနဲ့ ဒီမြစ်ဆုံကို ရအောင်ဆောက်မယ်ဆိုရင်လဲ ကျမတို့လည်း ရအောင်တားမှာပါ။
ကိုသားညွှန့်ဦး ။ ။ နောက်တခု မေးချင်တာက ဒေါ်ဘောက်ဂျာ အမေရိကန်ပြည်ထောင်စုကိုလာတာ ကမ္ဘာ့ဘဏ်က ဖိတ်ခေါ်တဲ့ နိုင်ငံတကာ မြေယာကိစ္စ ဆွေးနွေးပွဲ၊ မြေယာပြဿနာ။ မြန်မာနိုင်ငံမှာ ကြုံရတဲ့ မြေယာပြဿနာ။ အထူးသဖြင့် ကချင်ပြည်နယ်လို တိုင်းရင်းသားဒေသတွေမှာ ကြုံနေရတဲ့ မြေယာပြဿနာက ဘယ်လောက်ထိ ကြီးကြီးမားမား ရှိလို့လဲ။
ဒေါ်ဘောက်ဂျာ ။ ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ခံစားနေရတာက မြေယာပြဿနာ နဲ့ တိုင်းရင်းသားအရေး။ တိုင်းရင်းသားအရေး ဆိုတာနဲ့ ငြိမ်းချမ်းရေးက ပါလာတယ်။ ငြိမ်းချမ်းရေး ဖြစ်လာဖို့အရေးဆိုရင် မြေယာပြဿနာကလည်း စလာတယ်။ ငြိမ်းချမ်းရေး နဲ့ မြေယာက အမြဲဒွန်တွဲနေသလို၊ တိုင်းရင်းသားနဲ့ မြေယာပြဿနာကလည်း အမြဲတမ်း ဒွန်တွဲလျှက်ရှိတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ သယံဇာတတွေ ပေါကြွယ်ဝတယ် ဖြစ်တဲ့အခါကြတော့ အာဏာရှင်တွေ ခရိုနီတွေကလည်း မြေသိမ်းဖို့၊ ပိုင်ဆိုင်ဖို့တွေကို အများကြီး ကြိုးစားလာခဲ့တယ်။ မြေသိမ်းဆည်းမှု ဖြစ်လာတဲ့အခါမှာ ဘယ်လို စဖြစ်လာလဲဆိုရင် (၃) ဖွဲ့အနေနဲ့ ခရိုနီ၊ စစ်တပ်၊ အာဏာရှင် - ဒီသုံးမျိုးကို ဦးဆောင်ပြီး မြေကိုသိမ်းခဲ့တယ်။ မြေသိမ်းလာတဲ့အခါကြတော့ ဦးဆောင်တာက စစ်တပ်က လက်နက်ကိုင်တွေက ဦးဆောင်တဲ့အခါမှာ နောက်ကလိုက်လာတဲ့ လူတွေက ပိုပြီးတော့ အားကြီးတယ်။ အားကြီးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့ရတာက မြေယာပြဿနာအပြင် နှစ်ပေါင်းမြောက်မြားစွာ နှစ်သုံးရာချီပြီးတော့ စစ်နဲ့ ထိတွေ့ခံစားနေရတယ်။ အဲဒီလို ခံစားနေရတဲ့အပေါ်မှာ တိုင်းရင်းသားတွေဟာ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့နယ်မြေကို စွန့်ခွါလိုက်ရတဲ့အပေါ်မှာ ကိုယ့်ရဲ့သမိုင်း ပျောက်ပျက်သွားတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းသွားတယ်။ ဘာသာတရား လူမျိုးရေး၊ ဘာသာရေးအမျိုးမျိုး အားလုံးက အဲဒီမှာ ကျဆုံးခဲ့ရတယ်။ ကျဆုံးခဲ့ရတဲ့အပေါ်မှာ အစိုးရအနေနဲ့ နားလည်မှုမရှိဘဲ၊ ဒီမှာ မြေသိမ်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အပေါ်မှာ ဒီလို ပြဿနာတွေကို မရှင်းဘဲနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် တိုင်းရင်းသားအတွက် မြေယာဟာ အင်မတန် အရေးကြီးတယ်။ မြေမရှိဘူးဆိုရင် သမိုင်းပျောက်၊ လူမျိုးစုတခုရဲ့ အဓိက သမိုင်းဟာ မြေကြီးဖြစ်တဲ့အတွက် မြေဟာ အင်မတန်မှ အရေးကြီးပါတယ်။
ကိုသားညွှန့်ဦး ။ ။ မြေယာသိမ်းဆည်းမှုတွေက သမ္မတဦးသိန်းစိန်လက်ထက်နဲ့ အရင်တုန်းက သမ္မတဦးသိန်းစိန်မတိုင်မီ နဝတ၊ နအဖ အစိုးရလက်ထက်ထက် ဘယ်အချိန်ကာလမှာ ပိုဆိုးဆိုးဝါးဝါး ကြုံရလဲ။
ဒေါ်ဘောက်ဂျာ ။ ။ နအဖ၊ နဝတ သိန်းစိန်မတက်ခင်ကာလ စစ်အာဏာရှင်လက်ထက်မှာ မြေကို ကြိုက်သလို သိမ်းခဲ့တယ်။ ကြိုက်သလို သိမ်းခဲ့တယ်ဆိုတာ ပြည်သူတွေရဲ့ မြေတွေကိုလည်း သူတို့ရအောင် အာဏာနဲ့ သိမ်းခဲ့တယ်။ သိမ်းခဲ့တဲ့အပြင် အခုနောက်ပိုင်းကျန်တဲ့ ဦးသိန်းစိန်လက်ထက်မှာတော့ အကြွင်းအကျန်လေးတွေကို အုပ်ချုပ်ရေးပိုင်းတွေ၊ အာဏာပိုင်တွေက ထပ်ပြီးသိမ်းတယ်။ အဲဒီမှာ အထူးသဖြင့် ပိုပြီးသိမ်းခံရတာက စစ်အာဏာရှင်လက်ထက်မှာ အကြီးကြီးသိမ်းခံရတယ်။ အခုနောက်ပိုင်းသိမ်းတာကတော့ သေးသေးလေးတွေပေါ့။ .. ရေတွင်းပါ မကျန်ဘူး ကျမတို့ဒေသတွေမှာ မြေသိမ်းတာက။
ကိုသားညွှန့်ဦး ။ ။ အဲဒီတော့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဒီလို မြေသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုများ ဖြေရှင်းပေးခဲ့လဲ။ ဒေသပိုင်း အာဏာပိုင်တွေကဖြစ်ဖြစ်၊ ဗဟိုအစိုးရပဲဖြစ်ဖြစ်..
ဒေါ်ဘောက်ဂျာ ။ ။ ဥပဒေက ရှိပေမယ့် အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ အများဆုံးသိမ်းတာနဲ့ အများဆုံး ဖြစ်နေတာ အုပ်ချုပ်ရေးနဲ့ အာဏာပိုင်တွေရဲ့ အောက်ခြေမှာ အလုပ်မလုပ်တဲ့ပေါ်မှာ အများကြီး ကျမတို့ ခံရတယ်။ ဦးသိန်းစိန်ကတော့ ဒီမြေကို ဖြေရှင်းပေးဖို့ဆိုပြီး နှုတ်နဲ့ သူပြောခဲ့ပါတယ်။ ဒါပေမဲ့ ထိရောက်စွာ ဖြေရှင်းမှုတွေ မတွေ့ရဘူး။ ကျမတို့ဆိုရင် ၂၀၁၄-၁၅ လောက်မှာ လွှတ်တော်ကို ကျမတို့ မြေယာပြဿနာကို တင်ပြတယ်။ လွှတ်တော်ကနေ ဒါကို စီစစ်ပြီးတော့ ပြန်ချပေးဖို့ လုပ်ပေမယ့် ဒီနေ့အထိ လုပ်ဆောင်ပေးနေတာ မတွေ့ရတဲ့အတွက် အောက်ခြေမှာ တရားရုံးကသော်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်းကသော်လည်းကောင်း၊ လုံးဝမပြောင်းလဲသေးတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ အဲဒီအခက်အခဲ ပြဿနာ အများဆုံး ခံစားနေရတယ်။
ကိုသားညွှန့်ဦး ။ ။ အခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရတရပ် ပေါ်ထွက်လာတော့မယ်။ တိုင်းဒေသကြီးတွေ၊ တိုင်းရင်းသားဒေသတွေမှာ အစိုးရပိုင်းကပြောမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရပိုင်းတွေ ပေါ်လာမယ်။ အဲဒီတော့ ဒီအခြေအနေမှာ မြေယာပြဿနာနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဒေါ်ဘောက်ဂျာတို့ မျှော်လင့်ထားလဲ။
ဒေါ်ဘောက်ဂျာ ။ ။ အဓိက အခုနပြောသလို အောက်ခြေအာဏာပိုင်တွေ၊ တရားရုံးကို အဓိက ထိန်းချုပ်ပေးမယ်ဆိုရင် ဒီပြဿနာ ပြေလည်ဖို့ များပါတယ်။ အောက်ခြေက မပြောင်းမလဲခြင်းတော့ - အောက်ခြေဆိုတာ အုပ်ချုပ်ရေးပိုင်းတွေ၊ မြို့နယ်အဆင့်တွေ ဒါတွေ ပြောင်းလဲလာမှပဲ ဒီအခက်အခဲတွေကို ကျော်လွှာနိုင်မယ်လို့ ယုံကြည်တယ်။ ဒါ မပြောင်းမလဲခြင်းတော့ မြေယာပြန်လည်ရရှိဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ အဓိကတော့ ဥပဒေကလည်း ကျမတို့အတွက် သိပ်ထိရောက်မှု မရှိတာ။ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အကုန်လုံး ချုပ်ကိုင်ထားတယ်။ သူတို့ဆီကို တက်လာတဲ့ကိစ္စတွေကို အောက်ခြေမှာလည်း ဘာမှ မဆုံးဖြတ်တဲ့အတွက် အဲဒီပြဿနာတွေက ပိုဆိုးတယ်။ အဓိကတော့ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးကို နံပတ်တစ် အရေးကြီးတဲ့နေရာမှာ ထားပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ဒီမြေယာပြဿနာကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းလို့ရှိရင် ကျန်တဲ့အရာတွေ အောင်မြင်လာလိမ့်မယ်လို့ ကျမအနေနဲ့ မြင်တယ်။
ကိုသားညွှန့်ဦး ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးကိစ္စတွေ။ နောက် ဆင်းရဲသားပပျောက်ရေးကိစ္စတွေ အဓိက ဆောင်ရွက်သွားမယ်လို့ ပြောနေတာ ရှိပါတယ်။ တကယ်လို့များ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုတွေ ဖြစ်လာမယ်။ မြစ်ဆုံရေကာတာ အပါအဝင်ပေါ့။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေက မြေယာပြဿနာပေါ် တစုံတရာ သက်ရောက်မှုတွေ ရှိလာမယ်ဆိုရင် သက်ဆိုင်ရာဒေသမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ NLD နဲ့ ထိပ်တိုက်ဖြစ်လာစရာတွေ ရှိပါလား။
ဒေါ်ဘောက်ဂျာ ။ ။ ဖွံ့ဖြိုးရေးထက် ကျမမြင်တာက တိုင်းရင်းသားအရေးကို အရင်ဖြေရှင်းသင့်တယ်။ ဒါမှ ဒုတိယအဆင့်အနေနဲ့ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် သူတို့အတွက် အောင်မြင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွံ့ဖြိုးရေးပဲ လုပ်တဲ့အခါကြတော့ ဒေသခံတွေအနေနဲ့ လိုအပ်တဲ့ ထိရောက်မှု သိပ်မရှိတဲ့အခါမှာ ထိပ်တိုက်ရင်ဆိုင် တွေ့ရတာမျိုးတွေ ဖြစ်နိုင်တယ်။
ကိုသားညွှန့်ဦး ။ ။ ဖွံ့ဖြိုးရေးထက် တိုင်းရင်းသားအရေးဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ။
ဒေါ်ဘောက်ဂျာ ။ ။ တိုင်းရင်းသားအရေးဆိုတာ ငြိမ်းချမ်းရေး နဲ့ မြေယာပြဿနာကို ရှင်းမှ ငြိမ်းချမ်းရေးက ဖြစ်လာစရာရှိတယ်။ ဒီနှစ်ခုက ဒွန်တွဲပြီး အဓိကဖြေရှင်းနေရတာ ဖြစ်တဲ့အတွက် ဒီကိစ္စကို ဦးဆုံးကိုင်တွယ်ပြီးမှ ဒုတိယအနေနဲ့ ဖွံ့ဖြိုးရေးကို လုပ်စေချင်တယ်။
ကိုသားညွှန့်ဦး ။ ။ ဒေါ်ဘောက်ဂျာ ပြောတာက ဖွံ့ဖြိုးရေးထက် အခွင့်အရေးကိစ္စတွေကို ပိုပြီးဦးစားပေးဖို့…
ဒေါ်ဘောက်ဂျာ ။ ။ အခွင့်အရေး ဟုတ်ပါတယ်။ တိုင်းရင်းသားဆိုတာ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အဓိက သူတို့ခံစားနေတာ ဘာလဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်။ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့်။ ဒါတွေကို အဓိကဦးဆုံး လုပ်ပေးပြီးမှ ငြိမ်ချမ်းရေးတို့ ဘာတို့က အကုန်လုံး ဒီမှာ ပါသွားပြီ။ ဒါတွေ ဖြေရှင်းပြီးတဲ့အခါမှာ ဖွံ့ဖြိုးရေးကို ဒုတိယအနေနဲ့ ခြေလှမ်းလိုက်ရင် မြန်မာနိုင်ငံရဲ့ ရင်ကြားစေ့လုပ်ငန်းတွေ အောင်မြင်မယ်လို့ ကျမအနေနဲ့ မြင်တွေ့ရတယ်။
ကိုသားညွှန့်ဦး ။ ။ ဒေါ်ဘောက်ဂျာ အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
ဒေါ်ဘောက်ဂျာ ။ ။ ကျေးဇူးပါ။