Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒီ ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေး ဦးဆောင်လုပ်ကိုင်နေတဲ့ ကချင်တိုင်းရင်းသားများ ပူးပေါင်းလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဂွမ်ရှာအောင်ကို ကိုဇော်ဝင်းလှိုင်က VOA Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ အခုလတ်တလေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကချင်မှာ ဖြစ်နေတဲ့ကိစ္စတွေဟာ တနိုင်ငံလုံးတင်မကဘူး၊ ကမ္ဘာကပင် အာရုံစိုက်သွားတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ ဒုက္ခသည်တွေ ရာနဲ့ချီထွက်ပြေးကြတယ်။ ရွာလုံးကျွတ် ထွက်ပြေးတာတွေလည်းရှိတယ်။ တောထဲမှာ ဒုက္ခရောက်ကြတယ်။ ကျန်းမာရေးလည်း ချို့တဲ့ကြတဲ့လူတွေလည်းပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကို အကူအညီပေးဖို့၊ သွားပြီးတော့ ကယ်ထုတ်ဖို့ကိစ္စတွေမှာ တပ်မတော်က အဟန့်အတားတွေ ရှိတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်ရာတာတွေလည်းရှိတယ်။ ဆိုတော့ အဲဒီလိုတွေ အကူအညီပေးဖို့ အဟန့်အတားတွေ ရှိနေတာ ဘာကြောင့်လဲလို့ ကိုဂွမ်ရှာအောင်တို့ မြင်မိသလဲ။
ဖြေ ။ ။ သူတို့ထွက်ပြေးတိမ်ရှောင်ရတာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီကြားထဲမှာ လတ်တလောမှာ ဖြစ်ပျက်ခဲ့တဲ့ဟာဆိုရင် အကြီးမားဆုံးစိန်ခေါ်မှုအနေနဲ့ ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် သူက တနေရာမှာပဲ ဖြစ်တာမဟုတ်ဘဲနဲ့ ကချင်ပြည်နယ်အနံ့ှအပြားမှာ ဖြစ်သွားတဲ့အသွင်သဏ္ဍာန်ဖြစ်တော့ ပိုပြီးတော့ ခက်ခဲသွားပါတယ်။ အထူးသဖြင့်တော့ အရင်တုန်းကနဲ့ ကွာတာကတော့ ဒီတခေါက် တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ပြည်သူလူထုတွေ ထွက်ပြေးဖို့အရေးအထိပါ သူတို့အတွက် အဟန့်အတားတွေ ကြုံခဲ့ရပါတယ်။ ကျနော်တို့အားလုံး သိတဲ့အတိုင်း ..ဘက်မှာ ကျနော်တို့ ထွက်ပြေးရသလို၊ ..ဘက်မှာလည်း ထွက်ပြေးရတယ်။ ပြီးတော့ ကာမိုင်းဘက်မှာလည်း အသီးသီး ထွက်ပြေးရတယ်။ မိုးကောင်းမှာလည်း ထွက်ပြေးရတယ်။ ဒီလိုထွက်ပြေးတိုင်း သူတို့ ထွက်ပြေးဖို့ကိစ္စတွေမှာ ခက်ခဲမှု၊ ကြန့်ကြာမှု၊ ဟန့်တားမှု အမျိုးမျိုးကို ကြုံခဲ့ရပါတယ်။
အထူးသဖြင့် တိုက်ပွဲဖြစ်တဲ့ ဒေသအားလုံးမှာ စစ်တပ်ရဲ့ ခွင့်ပြုချက် မရဘူးဆိုရင်တော့ ပြည်သူလူထုတွေအတွက် အဲဒီကနေ ထွက်ပြေးတိမ်ရှောင်လာဖို့အရေးက တော်တော်လေး ခက်ခဲပါတယ်။
မေး ။ ။ အခုန ကိုဂွမ်ရှောင် ပြောတဲ့အထဲမှာ ထုံးစံအရဆိုရင် တိုက်ပွဲတွေဖြစ်တဲ့အခါ ဖြစ်တဲ့နေရာမှာရှိတဲ့ ရွာတွေ၊ ဒေသခံတွေက ဝုန်းဝုန်းနဲ့ ထွက်ပြေးကြတယ်။ အခုတော့ ထွက်ပြေးဖို့တောင် အခက်အခဲ ရှိခဲ့တဲ့ဆိုတော့ သူတို့ပိတ်မိပြီးတော့ ဒုက္ခပိုရောက်ကြတယ်ဆိုတဲ့ သဘောလား။
ဖြေ ။ ။ ကျနော်တို့အားလုံး သိတဲ့အတိုင်း ကာမိုင်းမြို့နယ်မှာ ဖြစ်ခဲ့တဲ့ … ဧရိယာမှာဆိုရင် အရပ်သားပြည်သူလူထု တရွာလုံးနီးပါး ဧပြီလ (၁၁) ရက်ကနေ တောက်လျှောက်ပိတ်မိတဲ့ အနေအထားမျိုး ဖြစ်ခဲ့တယ်။ အဘက်ဘက်က အားလုံးကြိုးစားတယ်။ ပြည်နယ်အစိုးရ ခွင့်ပြုချက်တွေလည်း ပြုခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ကယ်ထုတ်တဲ့အချိန်မှာ ကြန့်ကြာတယ်။ နောက်ဆုံး ပြည်ထောင်စုဝန်ကြီး တက်လာတဲ့အချိန် စစ်တပ်နဲ့ ပြန်ညှိနှိုင်းတဲ့အချိန်ကြတော့ မေလ (၅) ရက် (၆) ရက်နေ့လောက်မှာမှ သူတို့ ပြန်ထွက်လာနိုင်တဲ့ အနေအထားဆိုတော့ ဒါဟာ တော်တော်လေး ရက်ကြာကြာ ကိုယ့်ရဲ့ရပ်ရွာမှာ ပိတ်မိနေတဲ့အနေအထားရှိတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း … ဒေသဘက်မှာ အဲဒီလို ပိတ်မိနေတဲ့လူတွေ ဆက်ပြီးတော့ ရှိနေပါတယ်။
မေး ။ ။ အခု အကူအညီပေးတဲ့နေရာမှာ ကိုဂွမ်ရှောင်တို့ အဖွဲ့တွေအနေနဲ့ အဓိက အလိုအပ်ဆုံးက ဘာတွေဖြစ်မလဲ။ လိုအပ်တာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အခြေခံအားဖြင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ဒုက္ခသည်တွေ၊ စစ်ဘေးရှောင်တွေအတွက်ကတော့ လိုအပ်နေမှာပဲ။ ဒါပေမဲ့ အဲဒီအထဲမှာမှ ကိုဂမ်ရှောင်တို့ အထူးပြုပြီး လိုအပ်တယ်ဆိုတာ ဘာတွေလဲ။
ဖြေ ။ ။ ကျနော်တို့ လိုအပ်ချက်ကို နှစ်ပိုင်းခွဲပြီး ပြောလိုပါတယ်။ ပထမပိုင်းက လတ်တလော ဧပြီနဲ့ မေလမှာ ထွက်ပြေးတိမ်ရှောင်ကြတဲ့ အရေအတွက်က ခုနှစ်ထောင်ကျော် ရှိပါတယ်။ သူတို့အတွက်တော့ လတ်တလောတော့ စားနပ်ရိက္ခာတို့တော့ ကူထားနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ အစုအဖွဲ့အတွက်ဆိုရင် သူတို့ တကယ်ပဲ ဒီမှာ IDP စခန်းမှာ ရေရှည်နေရတော့မယ်ဆိုရင် သူတို့အတွက် လိုအပ်ချက်တွေက အင်မတန်မှ များလာမှာ ဖြစ်ပါတယ်။ အခုဆိုရင် ယာယီတဲထိုးပြီးတော့ နေနေရတယ်။ အခု သိပ်မကြာဘူးဆိုရင် မိုးရာသီဝင်တော့မယ်။ သူတို့အတွက် အမိုးအကာ လုံလုံခြုံခြုံ နေနိုင်ဖို့ကိစ္စဟာ အင်မတန်မှ အရေးကြီးလာပြီ။ ကလေးတွေ ကျောင်းတက်ဖို့ လိုလာပြီ။ ကိုယ့်ရဲ့ရပ်ရွာကို စွန့်ပစ်လာရတယ်ဆိုတော့ အဲဒီဟာတွေဟာ လတ်တလော ထွက်ပြေးလာတဲ့ လူတွေအတွက် အများကြီးလိုမှာ ဖြစ်ပါတယ်။
တဘက်မှာကြတော့ ဒီတခေါက် ထွက်ပြေးတိမ်ရှောင်ကြတဲ့ လူအုပ်စုကြတော့ တော်တော်လေး တောထဲတောင်ထဲမှာ ရက်လကြာပြီးမှ ထွက်ပြေးရတဲ့အတွက်ကြောင့် သူတို့အတွက် Psycho Social Support စိတ်ပိုင်းဆိုင်ရာအစ သူတို့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေတဲ့ အနေအထား၊ စိတ်ဖိစီးနေတဲ့ အနေအထားတွေလည်း အများကြီးရင်ဆိုင်နေရတယ်။ အများစုက အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတွေပါတော့ သူတို့ကို တော်တော်လေး အချိန်ပေးပြီးတော့ ကူညီရမယ့်အပိုင်း ရှိပါတယ်။
တဘက်မှာကြတော့ IDP စခန်းတွေမှာ နေနေတဲ့ အရပ်သားပြည်သူလူထုဟာ (၇) နှစ်ထဲကို ဝင်လာပြီ။ နိုင်ငံတကာ အကူအညီပေးမှုတွေကလည်း လျော့ကျလာတာနဲ့အမျှ သူတို့အတွက် အခြေခံလိုအပ်ချက်တွေ အများကြီး ရှိလာပါတယ်။ စားနပ်ရိက္ခာ မလုံလောက်တဲ့ကိစ္စ၊ တချို့စခန်းတွေဆိုရင် စားနပ်ရိက္ခာ ဖြတ်တောက်မှုခံရတဲ့ အနေအထားတွေ ရှိလာတယ်။ ဒါ့အပြင် သူတို့နေခဲ့တဲ့ အမိုးအကာတွေဆိုရင် အခုနှစ်ပေါင်းကြာလာတဲ့ အချိန်မှာ ယိုးယွင်းလာတယ်။ ပျက်ဆီးလာတယ်။ အသစ်ပြန်ဆောက်ဖို့ လိုလာတယ်။ ဒါတွေအပြင် အထူးသဖြင့်တော့ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ရှေ့ရေး၊ ပညာရေး၊ ကျောင်းထွက်တဲ့ လူဦးရေဟာ တော်တော်လေး များလာတယ်။ မိဘကို ပြန်ပြီးတော့ ရှာကျွေးနိုင်ဖို့ ကလေးတွေ အရွယ်ရောက်တာနဲ့ ကျောင်းထွက်တဲ့ အနေအထားတွေလည်း တိုးလာတယ်။ စားဝတ်နေရေးအတွက် တော်တော်လေး လိုအပ်တယ်။ အဲဒီအနေအထားမှာ တဘက်မှာတော့ ကိုယ့်ရဲ့စခန်းမှာနေရပြီ၊ တဘက်မှာကြတော့ ကိုယ့်အရပ်ဒေသ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ နေရာကိစ္စတွေကလည်း စိန်ခေါ်မှုပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်လာရတယ်။ အထူးသဖြင့် စိန်ခေါ်မှု အကြီးမားဆုံးကတော့ ကချင်ပြည်နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နံှမှုနဲ့ ဝင်လာတဲ့ ငှက်ပျောစိုက်ခင်းဟာ IDP တွေအတွက် တော်တော်လေး စိန်ခေါ်မှုကြီးပါတယ်။ အကယ်၍ ငြိမ်းချမ်းသွားလို့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်မယ်ဆိုရင် သူတို့ရဲ့ အရပ်ဒေသမှာ မြေပိုင်ဆိုင်မှုကိစ္စကအစ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ပြန်လည်းလုပ်ကိုင်နိုင်ဖို့အစ တော်တော်လေး စိန်ခေါ်မှု များလာမှာ ဖြစ်ပါတယ်။
မေး ။ ။ ကျနော်လည်း ကြားဖူးပါတယ် ဧကတွေ ထောင်နဲ့ချီသိမ်းပြီးတော့ ငှက်ပျောခင်းတွေ စိုက်ကြတယ်ဆိုတာ။ ကချင်ပြည်နယ်မှာ လယ်သိမ်ယာသိမ်းတဲ့ကိစ္စတွေ။ ဒါပေမဲ့ ကျနော် ထပ်ပြီးတော့ မေးချင်တာက အခု ဒုက္ခသည်တွေ ကူညီဖို့တို့၊ စစ်ဘေးရှောင်တွေကို ကူညီဖို့တို့ ပြောကြတဲ့နေရာမှာ လတ်တလော အကူအညီ လိုအပ်တာကို အာရုံစိုက်ပြီးတော့ လုပ်ကြတာများတယ်။ သဘောက စားဝတ်နေရေး၊ သူတို့နေဖို့ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေတို့ ပြောကြတယ်။ စောစောက ကိုဂမ်ရှောင် ပြောပြတဲ့အထဲမှာလည်း ပါပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကူညီမှု၊ ရေရှည်မှာ ကလေးတွေဆိုရင် Trauma ရသွားတယ်။ စိတ်ထိခိုက်သွားတယ်။ သူတို့ကြီးလာရင် ဘာဖြစ်သွားမလဲ မသိဘူး။ ဒီရဲ့ effects တွေက သူတို့ကို သူတို့တသက်မှာ ဘယ်လောက်အထိ ရေရှည်ပါသွားမလဲဆိုတာ မသိဘူး။ ပညာရေးကလည်း တဘက်မှာ ဆုံးရှုံးရတဲ့ဟာလည်းရှိတော့ အဲဒီဟာအတွက်ကော စဉ်းစားပြီးတော့ ပြင်ဆင်တာတွေ ရှိနေပြီလား။ လုပ်ကြပြီလား။
ဖြေ ။ ။ ကျနော်တို့ရဲ့ စိန်ခေါ်မှု အကြီးမားဆုံးကတော့ ဒီရေရှည်ပိုင်းကို ထည့်သွင်းစဉ်းစားဖို့က ကျနော်တို့အနေနဲ့ စဉ်းစားတယ်။ လက်တွေ့မှာ စိန်ခေါ်မှု တော်တော်လေး များနေတာ ဖြစ်ပါတယ်။ တဘက်မှာကြတော့ အကူအညီတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ လတ်တလောအထိ ကျနော်တို့ရရှိတဲ့ အလှုငွေ အများစုဟာ ကာလတိုအတွက်ပဲ ဖြစ်နေတယ်။ တကယ်ပဲ အခြေခံကျတဲ့ စားနပ်ရိက္ခာအတွက်ပဲ ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့လည်း စိုးရိမ်တာက ဒီကိစ္စကို လတ်တလောအနေနဲ့ပဲ ဖြေရှင်းလို့ မဖြစ်နိုင်တော့၊ ဒါကြောင့် စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးကို ကြည့်မယ်ဆိုရင် ရေရှည်လို့ ပြောတဲ့အချိန်မှာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကိစ္စ၊ ကလေးတွေရဲ့ ပညာရေးကိစ္စ။ အထူးသဖြင့်တော့ ဒီအပိုင်းတွေ ပိုပြီး အရေးကြီးလာမယ်။ တဘက်မှာတော့ ဒါတွေပြောနေတဲ့အချိန်မှာ သူတို့ ဘေးကင်းလုံခြုံဖို့ကိစ္စ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖို့ကိစ္စ။ အခုနပြောတဲ့ စိတ်ဒဏ်ရာရရှိတဲ့ကိစ္စ။ ပြီးတော့ ပဋိပက္ခဒေသမှာ ဒီလိုထွက်ပြေးတိမ်ရှောင်ရတော့ မိသားစုထဲမှာလည်း အိမ်တွင်းအကြမ်းဖက်မှုတွေလည်း များလာတယ်။ ဒီကိစ္စတွေကို ဂရုစိုက်ပြီးတော့ လုပ်ဆောင်ရမယ့် အနေအထားမျိုး ဖြစ်လာတာ ဖြစ်ပါတယ်။
မေး ။ ။ ရန်ပုံငွေကိစ္စကို မေးချင်တာ။ အခု ကူညီနေကြတယ်ဆိုတာ ကိုယ့်အိတ်ကိုယ်စိုက်ပြီး ကူညီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆိုတော့ ပမာဏကလည်း ကြီးလွန်တယ်။ နောက်ပြီးတော့ နှစ်တွေကလည်း အများကြီး ဖြစ်လာပြီ။ အခု ကူညီနေတဲ့ဟာတွေက ဘယ်အဖွဲ့အစည်းတွေက အကူအညီရလဲ။ ပြည်ပက အကူအညီတွေ ရသလား။ ကျနော်တို့ကို ပြောပြလို့ရမလား။
ဖြေ ။ ။ လတ်တလော ဖြစ်မယ့်အချိန်မှာတော့ ပြည်သူလူထုအနေနဲ့ နီးစပ်ရာအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ တသီးပုဂ္ဂလိကအနေနဲ့ဖြစ်စေ၊ အသင်းတော်အနေနဲ့ဖြစ်စေ ကမာကထပြုပြီးမှ ကူညီကြတယ်။ ဒါပေမဲ့ အဲဒီအကူအညီတွေက လချီကြာပြီမှ မသုံးနိုင်ဘူး။ ကာလတခုအထိတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒီထက်ပိုကြာသွားပြီဆိုရင် အနည်းနဲ့အများ နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့ ကူညီရတာ ဖြစ်ပါတယ်။ တဘက်မှာကြတော့ နိုင်ငံတကာအကူအညီတွေက တနှစ်ပြီးတနှစ် နှိုင်းယှဉ်ပြီး ကြည့်လာမယ်ဆိုရင် တဖြည်းဖြည်း လျော့ကျလာတဲ့ အနေအထား ဖြစ်လာပါတယ်။ အဲဒါကြောင့်လဲ အရပ်သားပြည်သူလူထု စစ်ဘေးဒုက္ခသည်တွေကြားမှာ စိန်ခေါ်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒါနဲ့ နောက်ဆက်တွဲ ထပ်မေးချင်တာက ပြည်တွင်းက ကူညီချင်တဲ့လူတွေကော ကူညီလို့ရသလး။ ပြည်တွင်းအကူအညီကော ဘယ်လောက်အတိုင်းအတာ ရသလဲ။ သဘောက အခုအတိုင်း ကျနော်တို့ နားလည်တာက ပြည်ပအကူအညီက ပိုများတယ်။ ပြည်တွင်းက လှုချင်တဲ့လူတွေ သဘောက ကချင်ပြည်နယ်ကပဲဖြစ်ဖြစ်၊ တခြားပြည်နယ်တိုင်းဒေသတွေကဖြစ်ဖြစ် ကူညီချင်လို့ ကူညီတဲ့လူတွေကော ရှိသလား။
ဖြေ ။ ။ အထူးသဖြင့် ကျနော် ကနဦးကပြောသလို ပြည်တွင်းကအဖွဲ့အစည်းတို့၊ လူတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ အများစုကြတော့ ပဋိပက္ခဖြစ်လို့ ကနဦးထွက်ပြေးတိမ်ရှောင်လာတဲ့အချိန်မှာ ဒါလဲ မျက်ဝါးထင်ထင်မြင်ရတဲ့ အချိန်မှာ လှုဒါန်းတဲ့ အနေအထား ပိုများပါတယ်။ ကာလကြာလာပြီဆိုရင် သူတို့အနေနဲ့လဲ တောက်လျှောက်ဆက်ကူညီနိုင်မယ့် အနေအထား တော်တော်လေး လျော့လာတယ်။ အခုဆိုရင်လဲ စစ်ဘေးဒုက္ခသည်တွေကို အများစု Host လုပ်ထားရတဲ့အနေအထား၊ အိမ်ရှင်အဖြစ် လက်ခံထားရတဲ့ အနေအထားကို အသင်းတော်တွေ အများစုလုပ်နေပါတယ်။ သူတို့ကလည်း ပုံမှန်လတိုင်း အသင်းတော်မှာ အလှုငွေတွေကောက်ပြီးတော့ ကူညီနေတဲ့အပိုင်း ရှိပါတယ်။ ဒါပေမဲ့ ကာလကြာလာတဲ့အချိန်မှာ ထည့်ဝင်တဲ့ အလှုငွေတွေက အသင်းတော်မှာ တော်တော်လေး အားနည်းလာတဲ့အပိုင်းရှိလာပါတယ်။
ကျနော့်အနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့အချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ သူတို့တတ်နိုင်တဲ့ဘက်ကနေ ကူညီတဲ့အပိုင်းတွေ တောက်လျှောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော် အခုနပြောသလို ရေရှည်ဖြစ်လာတဲ့အချိန်ကြတော့ သူတို့အနေနဲ့ ရေရှည်မကူညီနိုင်ဘူး။ တော်တော်များများတော့ တကြိမ်တခါ၊ နှစ်ကြိမ်သုံးကြိမ် ကူတဲ့ အနေအထားတော့ ရှိပါတယ်။
မေး ။ ။ တခြားဒေသကလူတွေက ကူညီချင်တယ်ဆိုရင် လွယ်လွယ်ကူကူ ကူညီလို့ရတယ့် Website, Facebook လိုမျိုး ရှိသလား။ ဥပမာ ဗမာပြည်မှာ ရေကြီးတယ်ဆိုရင် ဘယ်အဖွဲ့ကို လှုကြပါဆိုပြီး ရှိတယ်။ ဒီကိစ္စမှာဆိုရင် ဒီကိစ္စက ရေရှည်ဖြစ်ပေမယ့်လဲ ပုံမှန်ကူညီသွားဖို့အတွက် လွယ်လွယ်ကူကူ ကူညီရနိုင်တဲ့နေရာ ရှိပါလား။
ဖြေ ။ ။ အဲဒီဟာ ရှိပါတယ်။ တဘက်မှာဆိုရင်တော့ ကျနော်တို့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အနေနဲ့လည်း လှုတန်းတဲ့အလှုငွေတွေကိုလည်း လက်ခံပြီးတော့ ထပ်ဆင့်ပြန်ပြီးတော့ ကူညီပေးတဲ့ အနေအထားရှိတယ်။ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့လို့ပြောတဲ့အချိန်မှာ အသင်းတော်တွေလည်း အားလုံးပါတယ်။ ဒါကို ကူညီလို့ရတယ်။ တဘက်မှာ ကချင်ငြိမ်းချမ်းရေးကွန်ရက်ကနေ တဆင့်ဖြစ်စေ၊ အထူးသဖြင့် ကချင်ဒေသအတွက်ဆိုရင် Concern Care and Contribute ဆိုတဲ့ Web Page လည်း ထောင်ထားတာရှိတယ်။ အဲဒီမှာလည်း အားလုံးဝိုင်းပြီးတော့ လှုဒါန်းလို့ရတဲ့ အနေအထားတွေရှိပါတယ်။
မေး ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။