ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ပညာရေးကဏ္ဍ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ ပညာရေးကဏ္ဍဟာ အခြေခံအကျဆုံး ဖြစ်တာကြောင့် ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေအနေနဲ့ လည်း တက်ကြွစွာပါဝင်ဆောင်ရွက်နေတယ်လို့ ပညာရေးဆိုင်ရာ နိုင်ငံတကာဆုတွေ ချီးမြှင့်ခံရတဲ့ Crown အဆင့်မြင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်သူ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။ နိုင်ငံတကာ အဆင့်မီပညာရေးစံနစ်ကို အသွင်ကူးပြောင်းနိုင်ဖို့အတွက် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့လည်း ဆိုပါတယ်။ အယ်ဒီတာ ကိုသားညွန့်ဦးက ဦးအောင်ကျော်ဆန်းနဲ့ တွေ့ဆုံမေးမြန်းထားကို ဒီသီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအဖြစ်တင်ဆက်လိုက်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ တကယ်တမ်း မြန်မာပြည်မှာ ပုဂ္ဂလိကပညာရေးဆိုင်ရာ အဖွဲ့အစည်းပုံစံမျိုးနဲ့ အခုအနေအထားက တရားဝင်ရပ်တည်လို့ ရသလား။

ဦးအောင်ကျော်ဆန်း ။ ။ ရပ်တည်လို့ရအောင်လည်း ကျနော်တို့လုပ်တယ်။ အတိုင်ပင်ခံဆိုတဲ့နေရာမှာ ပညာရေးလမ်းကြောင်းတခုတည်း မဟုတ်ဘဲနဲ့ မြန်မာကျောင်းသားတွေ အဓိကလိုတာကတော့ အသက်မွေးဝမ်းကြောင်း career နဲ့ ပတ်သက်လို့ သူတို့ လိုအပ်တဲ့ သတင်းအချက်အလက်လေးတွေ ကျနော်တို့က ရှင်းပြပေးတယ်။ ဒါမျိုးလေးတွေက မြန်မာကျောင်းသားတွေအတွက်လည်း လိုအပ်တယ်။ ကျနော်တို့လည်း အခု တော်တော်လေး ဒီနယ်ပယ်လေးတွေမှာ လုပ်ပေးနေရတယ်။ အခါအားလျော်စွာ seminar ဟောပြောပွဲတွေလုပ်တယ်။ ကျောင်းတခုရဲ့ seminar မဟုတ်ဘဲနဲ့ ကျောင်းသူကျောင်းသား ခလေးတွေအတွက် လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးမယ့် သတင်းအချက်အလက်ပေးမယ့် seminar မျိုးတွေကို ကျနော်တို့ များများလေးလုပ်ပေးတယ်။

ဦးသားညွှန့်ဦး ။ ။ အခုနောက်ပိုင်း ကျနော် သတိထားမိတာတော့ ဒီမှာရှိတဲ့ အနောက်နိုင်ငံသံရုံးတွေ အထူးသဖြင့် အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးတွေက သူတို့သက်ဆိုင်ရာနိုင်ငံက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ပညာရေးဆိုင်ရာပွဲလေးတွေ education affairs ဆိုပြီးတော့ တက္ကသိုလ်နဲ့ ချိတ်ဆက်နိုင်တာလေးတွေ လုပ်လာတယ်။ အဲဒါက ဘယ်လောက်အထိ ကျောင်းသားတွေအတွက် အသုံးဝင်လဲ။ အသုံးတဲ့လဲ။

ဦးအောင်ကျော်ဆန်း ။ ။ သံရုံးတွေကိုယ်တိုင် နိုင်ငံကိုယ်စားပြု လုပ်လာတဲ့အခါကြတော့ ပိုပြီးတော့ သတင်းအချက်အလက် စုံစုံလင်လင်လေး ရလာတယ်။ သံရုံးတွေကလည်း ဦးစီးပြီးလုပ်တာဖြစ်တဲ့အတွက် reliable information တွေဖြစ်တယ်။ တက္ကသိုလ်တွေရဲ့ officers တွေနဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့အတွက် ခါတိုင်းနဲ့စာရင် ပိုကောင်းတယ်။ ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ဒီလိုအဖွဲ့အစည်းတွေက လုပ်တဲ့ဟာလေးတွေလည်း ကျောင်းသူကျောင်းသားတွေအတွက် သတင်းအချက်အလက် ပိုရလာတယ်ပေါ့။

ဦးသားညွှန့်ဦး ။ ။ နိုင်ငံခြားတက္ကသိုလ်တွေကပေးတဲ့ ပညာတော်သင် ထောက်ပံ့ကြေး scholarship programs တွေ။ ဒါတွေနဲ့ ပတ်သက်ပြီး အကိုတို့နဲ့ ချိတ်ဆက်ပြီး လုပ်တာရှိပါသလား။

ဦးအောင်ကျော်ဆန်း ။ ။ ကျနော်ကတော့ ယေဘုယျအားဖြင့် အချက် (၂) ချက် ရှင်းလင်းပြီး ခွဲပြထားတယ်။ တခုက ပညာသင်ထောက်ပံ့ကြေးနဲ့ တခုက ပညာသင်ဆု ဖြစ်ပါတယ်။ Study Grant ကတော့ ပညာသင်ထောက်ပံ့ကြေး။ သူကတော့ တစိတ်တပိုင်းပဲ။ နေစရိတ်၊ စားစရိတ်တွေ မပါဘူး။ သက်ဆိုင်ရာကျောင်းတွေမှာ အစီအစဉ်လေးတွေရှိတယ်။ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးတာ။ ပညာသင်ထောက်ပံ့ကြေးကတော့ ပုံစံအမျိုးမျိုး ရှိပါတယ်။ အဖွဲ့အစည်းတွေက ပေးတာရှိတယ်။ ပြီးတော့ တက္ကသိုလ်ကျောင်းတွေကလည်း Merit Base လို့ခေါ်တဲ့ academic ပေါ်မှာ ထူးချွန်မှုပေါ်မှာ မူတည်ပြီးပေးတာမျိုးတွေ။ နောက်ပြီးတော့ Need Base ကတော့ ဒီကျောင်းသားက လိုအပ်နေလို့ ပေးတာမျိုးလေးတွေ။ နောက်တခုက ဘာသာရပ်ဆိုင်ရာ နည်းနည်းလေး political ပိုင်းဆိုင်ရာ human rights နဲ့ ပတ်သက်တာတွေ။ development နဲ့ ပတ်သက်တာတွေ အခြေခံပြီး ပေးတာမျိုးလေးတွေပေါ့။ ပြီးခဲ့တဲ့ တပတ်ကဆိုရင် ကျနော်တို့ Norwegian က ပေးတာလေးကို သံရုံးကိုဖိတ်တယ်။ ကျနော်တို့ တက်တယ်။ အဲဒီလိုမျိုး process တွေကို ကျောင်းသူကျောင်းသားတွေကို သတင်းအချက်အလက်တွေ အကူအညီဖြန့်ပေးတယ်။ လျှောက်ထားပေးတယ်။ အဲဒီအတွက် ကျနော်တို့ ဝန်ဆောင်ခယူတာတွေ၊ Agency fee ယူတာတွေ ကျနော်တို့ မလုပ်ဘူး။ သူတို့သတ်မှတ်ထားတဲ့ မူထဲဘောင်ထဲဝင်တဲ့ ခလေးတွေ။ ဥပမာ Asia Institute of Technology ကို Norwegian government က မြန်မာကျောင်းသားတွေအတွက်ပေးတဲ့ ပညာသင်ဆုမျိုးတွေရှိတယ်။ နောက် Asia Development Bank က ပေးတာမျိုး။ အမေရိကန်မှာဆိုရင် Fullbright လိုဟာမျိုးတွေ။ Australia အစိုးရကပေးတဲ့ AusAID ဟာမျိုးတွေ။ တချို့ဟာတွေကြတော့ programs တွေက ရှိနေပြီးတော့ မြန်မာကျောင်းသားတွေ မသိကြတာများတယ်။ ဒါက အခက်အခဲတခု။ မြန်မာကျောင်းသားတွေအတွက်။

ဒုတိယအခက်အခဲတခုကတော့ သိတော့သိကြပြီးတော့ ဒီ scholarship တွေကို လျှောက်ထားဖို့အတွက် ဘယ်လိုအချက်အလက်တွေ ပြည့်စုံရမယ်ဆိုတဲ့အချက်တွေကိုလည်း လေ့လာတာလေးတွေ၊ တင်ပြတာလေးတွေ အားနည်းတယ်။ ဥပမာ essay က ၂၅၀ စကားလုံးရေးရမယ်ဆိုရင် တစ်ရာပဲ ရေးလိုက်တဲ့ဟာမျိုး။ တစ်ထောင်လောက် ရေးလိုက်တဲ့ဟာမျိုး။ References ထောက်ခံချက် နှစ်စောင်ထည့်ရမယ်ဆိုရင် တစ်စောင်ပဲ ထည့်လိုက်တာမျိုး။ အဲဒါမျိုးလေးတွေ အားနည်းတယ်။ အများကြီး မြန်မာကျောင်းသားတွေအတွက် ပိုပေးလာကြတာတွေရှိတယ်။ AusAID ဆိုရင်လည်း နည်းနည်းပိုပေးတယ်။ Fullbright လည်း နည်းနည်းပိုပေးတယ်။ အင်္ဂလန်ဖက်မှာလည်း scholarship ရှိတယ်။ အဲဒီတော့ ကျနော်တို့တွေနဲ့ ဆက်စပ်တဲ့ကျောင်းတွေက Study Grant လို့ခေါ်ပါတယ်။ တနှစ်ကို ပေါင် တစ်သောင်းလောက်ကျမယ်ဆိုရင် ကျနော်တို့တွေက ၃၀-၄၀ ရာခိုင်နှုန်း သူတို့တွေရဲ့ ထူးချွန်မှုမှတ်တမ်းလေးတွေကို ကြည့်ပြီးတော့ ပညာသင်ထောက်ပံ့ကြေးလေးတွေကို - ဒါလေးတွေကတော့ ကျောင်းသားတွေအတွက် လွယ်လင့်တကူ ရနိုင်ပါတယ်။ မခက်ပါဘူး။ အဲဒါမျိုးကြတော့ တိုက်ရိုက်တက္ကသိုလ်တွေက လျှောက်တာနဲ့စာရင် ကျနော်တို့တွေက ပိုကူညီနိုင်တယ်။ ဒါက Study Grant. Scholarship ပညာသင်ထောက်ပံ့ကြေးကတော့ ကျနော် အခုနပြောသလို အဖွဲ့အစည်းတွေက ပေးတာများတယ်။ တကယ်တမ်း ၁၀၀ ရာခိုင်နှုန်း scholarship ပညာသင်ဆုက နေစရိတ်စားစရိတ်၊ တက္ကသိုလ်ကုန်ကျစရိတ် နဲ့ သူတို့အတွက် အသေးဆုံးအသုံးတွေ အကုန်အပါအဝင်ကိုတော့ Fullbright လိုဟာမျိုးတွေ၊ AusAID လိုဟာမျိုးတွေ။ အဲဒီလို အဖွဲ့အစည်းတွေက ပေးပါတယ်။ တခါတလေကြတော့ ကျောင်းသားက ကျောင်းတွေကိုလျှောက် ဝင်ခွင့်ရတော့မှ ဝင်ခွင့် စာရွက်စာတမ်းတွေနဲ့ အခုန ၁၀၀ ရာခိုင်နှုန်းပေးတဲ့ အဖွဲ့အစည်းတွေကို ထပ်လျှောက်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ အခါအားလျော်စွာ Social media, Facebook တွေ၊ ကျနော်တို့ website, blog တွေကနေ ထုတ်ပြန်ပေးပါတယ်။

ဦးသားညွှန့်ဦး ။ ။ နိုင်ငံခြားတက္ကသိုလ်တွေကလည်း မြန်မာနိုင်ငံမှာ ပွင့်လင်းလာတဲ့သဘောမှာရှိတော့ တချို့တက္ကသိုလ်တွေက မြန်မာနိုင်ငံထဲမှာကို ဝင်ပြီးတော့ထိုင်ပြီးတော့ ဌာနခွဲလေးတွေ ဖွင့်လာကြတယ်။ ကျောင်းတွေပါဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကြားရပါတယ်။ အဲဒီအလားအလာက အခုအနေအထားမှာ ဘယ်လိုရှိပါသလဲ။

ဦးအောင်ကျော်ဆန်း ။ ။ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဖြတ်သန်းမှုမှာ ပညာရေးထဲမှာလည်း ပါလာတဲ့ ရင်းနှီးမြုပ်နံှမှုပိုင်ဆိုင်ရာလည်း ပါလာတယ်။ အဲဒီမှာ နှစ်မျိုးခွဲမြင်ချင်ပါတယ်။ တမျိုးကတော့ စီးပွားရေးကို ရှေ့ထားပြီးတော့ ဝင်လာတာမျိုးတွေ ရှိသလို။ တမျိုးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီဖက်က ခလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပွင့်ဖို့လာတာမျိုးလေးတွေပေါ့။ ဒုတိယအချက်လေးကို ကျနော်က ပိုပြီးတော့ အားပေးချင်ပါတယ်။ လောလောဆယ် သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲလေးတွေကတော့ မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းတွေ လာရောက်ပြီးတော့ တရားဝင်ရပ်တည်ဖို့အတွက် တိကျတဲ့ ပညာရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်တာလေးတွေ။ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မူဝါဒနဲ့ ပတ်သက်တာလေးတွေ မရှိသေးတော့ တကယ့်အကြီးကြီးတွေကတော့ ဝင်မလာသေးဘူး။ လောလောဆယ် ဆွေးနွေးနေတာတွေ အများကြီးရှိတယ်။ စနစ်တကျနဲ့ ကြိုဆိုဖို့သင့်ပါတယ်။ ကျောင်းသားတွေဆီက ပိုက်ဆံကို ယူပြီးတော့ တကယ် အရည်အချင်းမီတဲ့ ပညာရေး မပေးဘဲနဲ့ စာရွက်တရွက် ထုတ်ပေးတဲ့ အဖွဲ့အစည်းမျိုးတွေ ဒါမျိုးတွေ ရှိနေတော့ ကျနော်တို့နိုင်ငံမှာလည်း ဒါမျိုးလေးတွေက ဖြစ်လာနိုင်တဲ့အတွက် အစိုးရပိုင်ဆိုင်ရာကလည်း အဲဒါမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် quality insurance မျိုးတွေထားရမယ်။ ကျောင်းသူကျောင်းသားတွေကလည်း ဒီကျောင်းကြီးတခုက ကောင်းတာမျိုးပြောတာ မဟုတ်ဘဲနဲ့ ယေဘုယျအားဖြင့် အချက်အလက်တွေကို ရှာဖွေစုဆောင်းပြီးတော့ အဲဒီလိုမျိုးလုပ်ရပါမယ်။ သတိနဲ့ ကြိုဆိုရမယ်လို့ ကျနော်တော့ နည်းနည်းလေး မြင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ တဖက်မှာတော့ ရင်းနှီးမြုပ်နံှမှုကိစ္စပေါ့။ ဒါကလည်း ပညာရေးအရ institution တွေလာပြီး ရင်းနှီးမြုပ်နှံတဲ့အခါမှာ လက်ရှိရှိနေတဲ့ ဥပဒေမှာဆိုရင် ရင်းနှီးမြုပ်နံှမယ်ဆိုရင် တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့တွဲပြီး လုပ်ရမယ်ဆိုတဲ့ percentage အရ ခွဲထားတာရှိတယ်။ အဲဒီတော့ တကယ်တမ်း တိုင်းရင်းသားလုပ်ငန်းရှင်တွေဖက်က ပညာရေးနဲ့ ပတ်သက်လို့ သူတို့နဲ့ partner လုပ်နိုင်မယ့် capacity လုပ်နိုင်မယ့် အနေအထား၊ လုပ်ပိုင်ခွင့် အခုအနေအထားက အဲဒါတွေကော ရှိရဲ့လား။

ဦးအောင်ကျော်ဆန်း ။ ။ လုပ်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်လို့တော့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကမ္ဘာ့အဆင့်မှီ ဆိုတာတွေနဲ့တော့ ကျနော်တို့ ပျက်ကျန်ရစ်ခဲ့တယ်လို့ ထင်တယ်။ အထူးသဖြင့် ဥပမာ သိပ္ပံနဲ့ ပတ်သက်တာတွေဆိုရင် တခြားနိုင်ငံတွေမှာ လုံလောက်တဲ့ ဓါတ်ခွဲခန်းတွေနဲ့ အလုပ်လုပ်နေကြတယ်။ Engineering ဆိုရင်လည်း Engineering Lab တွေပေါ့။ ကျနော်တို့ဆီမှာ ဒီလောက် လုံလုံလောက်လောက် မရှိဘူး။ Science labs တွေပေါ့။ အဲဒီတော့ စိတ်ဆန္ဒအားဖြင့်၊ စေတနာအားဖြင့် လုပ်နိုင်တာတွေ ရှိပေမယ့် နည်းပညာပိုင်းမှာတော့ အများကြီး လုပ်နိုင်တဲ့လူတွေဆီက institution ဆီက ယူဖို့ လိုမယ်လို့ ထင်ပါတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အပြင်က ဝင်လာမယ်ဆိုရင်လည်း ဒီအတိုင်း ခွင့်ပြုတယ်ဆိုတာထက် ကျနော်တို့ နိုင်ငံအတွက် ဘယ်နေရာတွေ လိုအပ်နေသလဲ။ ဘယ်နေရာတွေမှာ ကျနော်တို့ လူငယ်တွေအတွက် အသုံးပိုကျမလဲ။ ဥပမာ စီးပွားရေးဆိုရင်လည်း စီးပွားရေးနဲ့ ပတ်သက်တာကို ကျနော်တို့နိုင်ငံက ကျောင်းတွေက တကယ်တမ်း အရည်အချင်းမှီမှီ စီမံခန့်ခွဲနိုင်တယ်ဆိုရင်လည်း နိုင်ငံတကာအတွက် အဲဒီနေရာမျိုးတွေမှာ လျှော့ပြီးတော့ နည်းပညာနဲ့ ပတ်သက်တဲ့ လိုအပ်တာ။ ဥပမာ Biotechnology လိုဟာမျိုးတွေ လိုအပ်မယ်။ Science research တွေ လိုအပ်မယ်။ နောက်ပြီးတော့ Aircraft maintenance .. Aerospace လိုဟာမျိုးတွေ။ အဲဒီလိုနေရာမျိုးတွေကို ပိုပြီးတော့ ကြိုဆိုသင့်တယ်။ ကြိုဆိုရမယ်ပေါ့။

ဦးသားညွှန့်ဦး ။ ။ အခုက မြန်မာနိုင်ငံက တစုံတရာ ပြုပြင်ပြောင်းလဲမှုတွေ ပြီးခဲ့တဲ့ (၃) (၄) နှစ်က စပြီးတော့ လုပ်လာတယ်။ လုပ်လာတဲ့အခါမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးပါ သူတို့ပြောပါတယ်။ လုပ်လာတဲ့အထဲမှာ။ အဲဒီတော့ ဒီပြုပြင်ပြောင်းလဲမှုတွေကို အစိုးရကလုပ်သလို၊ လွှတ်တော်ကလည်း တပိုင်းလုပ်နေတယ်။ လွှတ်တော်ဖက်ကတော့ ဥပဒေပြဌာန်းမှုပေါ့။ အဲဒီတော့ Higher Education အဆင့်မြင့်ပညာရေး။ အထူးသဖြင့် တက္ကသိုလ်၊ ကောလိပ်တွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်မှုတွေ။ ပြုပြင်ပြောင်းလဲမှုတွေ ပတ်သက်လို့ ကိုအောင်ကျော်ဆန်း ဘယ်လိုမြင်ပါသလဲ။ ကျေနပ်အားရမှု ရှိရဲ့လား။ လုံလောက်နေပြီလို့ ထင်ရဲ့လား။

ဦးအောင်ကျော်ဆန်း ။ ။ ပြုပြင်ပြောင်းလဲမှု လုပ်နေပြီဆိုတဲ့ အရှိန်လေးနဲ့တော့ နည်းနည်းကျေနပ်ခဲ့မိတယ်။ အခုနောက်ပိုင်းတော့ သိပ်အားမရတော့ဘူး ဖြစ်လာတယ်။ Higher Education ကိုင်တွယ်ပုံလေးတွေနဲ့ ပတ်သက်လို့။ ဒါလေးတွေနဲ့ ပတ်သက်လို့ စကားခံချင်တာက ကျနော်တို့ရဲ့ အတွေ့အကြုံရှိသလောက်။ ကဏ္ဍလေးကို ပြောရမယ်ဆိုရင်တော့ အခုန ကျနော်ပြောတဲ့ Higher Education Sector မှာ ပြုပြင်ပြောင်းလဲမှုကို ကျနော်တို့က နှစ်မျိုးအကြမ်းမျဉ်းမြင်တယ်။ ချက်ချင်း ကုစားရမယ့် ပညာရေးပြုပြင်ပြောင်းလဲမှု sector တခုရှိတယ်။ ရေရှည် ပြုပြင်ပြောင်းလဲမှု sector ရှိတယ်။ ရေရှည်ပြုပြင်ပြောင်းလဲမှုဟာ ဥပဒေပြု စနစ်တကျသွားရမှာ ဖြစ်သလို။ တဖတ်မှာလည်း ချက်ချင်းပြုပြင်ပြောင်းလဲရမယ့်ကဏ္ဍတွေ ရှိတယ်။ ဥပမာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ နေရာမျိုးတွေဆိုရင် ချက်ချင်းပြုပြင်ပြောင်းလဲရမယ့် ဒီ vocational ထဲမှာ ရှိတဲ့လူတွေကို ချက်ချင်း train ပေးရင် ဒါက ချက်ချင်း အကျိုးအမြတ်ရနိုင်တဲ့ နေရာမျိုး sector မျိုးတွေ။ နောက် banking and finance sector မျိုးတွေ၊ institution တွေ ဒါတွေက diploma course လိုမျိုးဖြစ်ဖြစ် ချက်ချင်းပြုပြင်ပြောင်းလဲလို့ရတဲ့ sector တွေရှိတယ်။ Vocational business နဲ့ ပတ်သက်တာပေါ့။ အခုန တက္ကသိုလ်တွေ သုတေသန သွားရမယ့်ဟာတွေကတော့ ရေရှည်ပေါ့။ ဒီလို sectors ကြီး နှစ်ခုရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ အခုန ဥပဒေသ၊ နည်းဥပဒေသလေးတွေ ခွဲလုပ်ရင် အဆင်ပြေမယ်လို့ ထင်တယ်။ အခုနောက်ပိုင်းတော့ လွှတ်တော်ပိုင်းကလည်းတဖွဲ့၊ အစိုးရဖက်က လုပ်တာလည်း ကောင်းတာလေးတွေရှိတယ်။ အားလုံးကို ဘုံသဘောတူညီမှု တခုကို မရောက်နိုင်ဘူး ဖြစ်နေတာလေးတွေရှိနေတယ်။ နောက် quality assurance နဲ့ ပတ်သက်တာလေးတွေကို ကျနော် တခါတင်ပြပေးဖူးတယ်။ ဒီပြုပြင်ပြောင်းလဲမှုထဲမှာ အဖွဲ့အစည်းတခုကို ကျနော်က စလုပ်နေကြပြီဆိုရင် QA (Quality Assurance) လိုတယ်။ ဒါကိုထည့်သွင်းမှသာ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေမှာဖြစ်တဲ့ ပြဿနာမျိုးကို နည်းနည်းလေး ကာကွယ်နိုင်မယ်။ Think Tank လိုဟာမျိုးတွေလည်း လိုအပ်ရင်ထားပေးရမယ်။ လိုအပ်ရင်လည်း နိုင်ငံတကာ အကူအညီကို ကျနော်ကတော့ ယူစေချင်တယ်။ ကျနော်စိတ်အထင် ဒီ sector က ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ တခြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေရဲ့ အခြေခံက ဒီ ပညာရေးကိုပဲ သွားသွားပြီး အခြေခံတာဖြစ်တဲ့အတွက် ဒါက လောလောဆယ် ကုစားရမယ့် ပြုပြင်ပြောင်းလဲမှုကို အလျင်အမြန်လုပ်ရမယ့် sector တခုလို မြင်ပါတယ်။ အစိုးရပိုင်းဌာန တခုတည်း မဟုတ်ဘူး။ ကျန်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အားလုံးလည်း ကျနော်တို့ ပူးပေါင်းပါဝင်ရမယ်။ တက်တက်ကြွကြွနဲ့ပေါ့။

ဦးသားညွှန့်ဦး ။ ။ နောက်တခုက နိုင်ငံခြားတက္ကသိုလ်တွေ ဝင်ပြီးတော့ တွဲလုပ်တာတွေ ရှိလာတယ်။ ဥပမာ Johns Hopkins တို့ဆိုရင် ရန်ကုန်တက္ကသိုလ်နဲ့ တွဲလုပ်တာရှိတယ်။ အမေရိကန်တက္ကသိုလ်လည်း ဝင်တယ်။ ဒီနိုင်ငံခြားက တက္ကသိုလ်တွေ၊ Institution ဝင်လာတဲ့ အခုလက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကိုအောင်ကျော်ဆန်း ဘယ်လိုသုံးသပ်မိသလဲ။ နည်းမှန်လမ်းမှန်ပေါ်မှာ ရှိရဲ့လား။
ဦးအောင်ကျော်ဆန်း ။ ။ ဥပမာ Johns Hopkins ဆိုကြပါစို့။ ကျနော်တို့ ဒီမှာရှိတဲ့ ခလေးတွေက လွှဲမှားတဲ့ ပညာရေးစနစ်တခုက ကြီးပြင်းခဲ့ရတယ်ဆိုတော့ ဒါကို ကျနော်တို့ ဘယ်လို ဖျောက်ဖျက်မလဲ။ သူတို့ပေးချင်တဲ့ ပညာရေးတခုကို မပေးခင်။ သူတို့ပေးတဲ့ ပညာရေးစနစ်တွေက သူတို့ ပညာရေးစနစ်ထဲကနေ စနစ်တကျ ကြီးပြင်းခဲ့တဲ့ ခလေးတွေအတွက်တော့ သင့်တော်ကောင်း သင့်တော်ပြီးတော့ ကျနော်တို့ဆီက ခလေးတွေအတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်လိမ့်မယ်။ ဥပမာ ကျနော်တို့ အခုပြောနေကြတဲ့ Independent Study Skills တွေ, Critical Thinking, Literal Thinking တွေ။ ဒါတွေက Higher Education မှာ အမှန်တကယ်ကိုပဲ လိုအပ်တဲ့ စနစ်တွေ။ ၁၆ နှစ်လောက် ကျနော်တို့ Basic Education မှာ တမျိုးပုံစံ လွှဲလာတဲ့ ခလေးတွေကို ချက်ချင်း ဒီပုံစံခွက်တွေနဲ့ သွတ်လိုက်ရင် ဖြစ်မလားဆိုတာကို ကျနော် စိတ်ထဲမှာ နည်းနည်းလေး သံသယဖြစ်တယ်ပေါ့။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ကျနော်တို့ ကိုယ်တိုင်ကိုယ်ကို American Foundation Program တခုကို run တယ်။ လုပ်ရတဲ့ တကယ့်ရည်ရွယ်ချက်ကလည်း မြန်မာပညာရေးနဲ့ ကြီးပြင်းလာတဲ့ ကျောင်းသားတွေ နိုင်ငံတကာ ပညာရေးဖက်ကို မလှမ်းခင်။ ကြားထဲမှာ အင်္ဂလိပ်လိုပြောရင်တော့ buffer zone လေး ခံလိုက်တာပေါ့။ သူတို့ assignment တွေ မလုပ်တတ်ဘူး။ အတန်းရှေ့ထွက်ပြီး presentation skills တွေ မလုပ်တတ်ဘူး။ ဆရာတွေကို မေးခွန်းမေးရမှာ culture မှာ အားမပေးခဲ့တဲ့အတွက် ချက်ချင်း ဒါတွေက ဖြစ်ထွန်းလာဖို့ မရှိဘူး။ အထူးသဖြင့် (၁၀) နှစ်ကျော်လောက် habit ကြီးတခုလို ဖြစ်လာတာကို ချက်ချင်းကြီး လက်ညှိုးထိုးပြီးတော့ ဒီလိုလုပ်ပါဆိုပြီး ပြောဖို့ မဖြစ်နိုင်ဘူးလို့ ကျနော့်စိတ်ထဲမှာ ထင်တယ်။ အဲဒီတော့ ဒီ တက္ကသိုလ်တွေအနေနဲ့က လုပ်မယ်ဆိုရင်လည်း ကျနော်တို့ အခုန ပြောသလို အမြစ်ကလှန်မှကိုရမယ်။ ကျနော် သတင်းလေးတခု ကြားတာက Teacher training တခုလုပ်ဖို့လာတယ်။ လာတဲ့အခါမှာ သူတို့ကတော့ သူတို့ရဲ့ Preparation တွေ။ သူတို့ Teacher training လုပ်တဲ့ ပုံစံမျိုးပဲ ပြင်လာခဲ့တယ်။ ဒါပေမဲ့ ဒီမှာ ဆရာတွေကို Teacher training လုပ်ဖို့ အဲဒါကို လုပ်တဲ့အခါမှာ အဲဒါနဲ့ကိုပဲ ဒီဖက်က ဆရာ၊ ဆရာမတွေမှာ အများကြီး အခက်အခဲရှိတယ်။ ဆရာ၊ ဆရာမတွေကလည်း အဲဒီလို သင်ကြားပေးခဲ့ရတာ မဟုတ်တဲ့အတွက် သူတို့ အဲဒီ program ကို ရပ်တောင်ရပ်လိုက်ရတယ်လို့ ကြားတယ်။ ပြီးတော့ သူတို့ ပြန် revise လုပ်တယ်။ ပြီးတော့မှ ဆရာ၊ ဆရာမတွေက ဘာတွေ သိထားခဲ့လဲ။ ဘာတွေသိနေကြလဲ။ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ကြလဲ ဆိုတဲ့အပေါ်မှာ ပြန်ကြည့်ပြီးတော့မှ အတို Teacher training ကိုတောင် အဲဒီလို ပြန်လုပ်ရတယ်ဆိုတော့ Higher Education ကို ဖြတ်ပြီးတော့ တက္ကသိုလ်တွေက ပေးတော့မယ်ဆိုရင် ကျနော် အခုန ရှင်းပြတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ မြန်မာခလေးတွေက မေးခွန်းမမေးရဲကြဘူး။ Independence Study Skills မရှိဘူး။ Critical Thinking မှာ မရကြဘူး။ သင်္ချာမှာ နည်းနည်းလေးတော်တယ်။ ဝိဇ္ဇာဘာသာရပ်တွေမှာ ချပြရတာမြန်တယ်။ အဲဒီတော့ ဘယ်လိုမျိုး ကိုက်ညီအောင် နိုင်ငံတကာပညာရေးနဲ့ ချိတ်ဆက်မလဲဆိုတဲ့ အချက်တွေက စိတ်ဝင်စားဖို့ ပိုကောင်းတဲ့အချက်တွေ ဖြစ်ပါတယ်။ အဲဒီတော့ ဆိုလိုတာက တက္ကသိုလ်တွေ အနေနဲ့ ဒီလိုမျိုး ချက်ချင်းလာပြီး ပေးဆိုတာမျိုး လုပ်လို့မရဘူး။ သူတို့ကူညီမယ့် တက္ကသိုလ်တွေကို သူတို့ စနစ်တကျ လေ့လာရမယ်။ ဒီမှာရှိတဲ့ ခလေးတွေရဲ့ အင်္ဂလိပ်အရည်အချင်း ဘယ်လောက်လောက် ရှိသလဲ။ ဒါမှ သူတို့ရဲ့ Curriculum တွေ၊ သူတို့သင်ကြားတာတွေကို အဲဒီနယ်ပယ်နဲ့အညီ ခလေးတွေ လိုက်နိုင်ဖို့ ပြင်ဆင်ရမယ်။