Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ ဘာကြောင့် ငလျင် မကြာခဏလှုပ်ရတာပါလဲ။ စစ်ကိုင်းပြတ်ရွေ့ကြောမှာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ နိုင်ငံမြောက်ဖျားမှာဆောက်မယ့် မြစ်ဆုံဆည်နဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံအတွက် ငလျင်အန္တရာယ်တွေအကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ နာယက ဒေါက်တာဦးသိန်း ကို ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါက်တာဦးသိန်း ။ ။ ဆရာ အခုလိုမျိုး VOA ကို ဖြေကြားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြေငလျင် အန္တရာယ်ကြီးတဲ့ မြန်မာနိုင်ငံမှာ ဘယ်နေရာတွေက အထူးသတိထားဖို့ လိုပါလဲရှင့်။
ဒေါက်တာဦးသိန်း ။ ။ အရင်ဦးဆုံး အဲဒါလေး မဖြေခင် ဘယ်အကြောင်းကြောင့် အဓိကအားဖြင့် မြန်မာပြည်မှာ ငလျင်လှုပ်လဲဆိုတော့ အိန္ဒိယမြေထုချပ်ဆိုတဲ့ မြေသားထုအချပ်ကြီးက မြန်မာမြေထုချပ်ဘက်ကို အရှေ့မြောက်အတိုင်း ရွေ့ပြီးတော့၊ ထိပြီးတော့ ငုပ်လျှိုသွားတော့ အဲဒီမှာ ပြတ်ရွေ့ကြီးတွေ ပေါ်လာပြီးတော့ ငလျင်လှုပ်တာ။ ဒုတိယကတော့ ကပ္ပလီပင်လယ်ကစတဲ့ မြန်မာမြေထုချပ်အငယ်လေးက မြောက်ဘက်ကို ရွေ့လျားပြီးတော့ စစ်ကိုင်းပြတ်ရွေ့ကြော အရှေ့ဘက်စွန်းမှာ ဖြစ်ပြီးတော့ သူ့အတိုင်းလည်း မြေငလျင် အကြီးအကျယ် လှုပ်တာပေါ့။ ဒီအကြောင်း နှစ်ခုကြောင့်ပေါ့။ အဲဒီအခါကြောင့် အဲဒီအကြောင်းအချက် နှစ်ခုဆုံဆည်းတဲ့နေရာတွေက အန္တရာယ်အများဆုံး။ ဥပမာဆိုရင် ခြုံကြည့်ရင် မန္တလေးတိုင်းရဲ့ အရှေ့ဘက်ခြမ်း။ စောစောကပြောတဲ့ဟာတွေနဲ့ ဝင်ပြီးတော့ အကြောင်းရင်းဆုံတဲ့နေရာတွေ - ပဲခူးတိုင်း အရှေ့ဘက်ခြမ်း - နောက်ကျတော့ ချင်းတောင်တန်းမြောက်ဘက်နဲ့ စစ်ကိုင်းတိုင်းရဲ့ မြောက်ဘက်ခြမ်း၊ အဲဒီ သုံးနေရာကတော့ အပြင်းထန်ဆုံး ခံရဖို့ရှိတဲ့ နေရာတွေ။ ဘာဖြစ်လို့လဲဆိုတော့ ပြတ်ရွေ့ကြောတွေက အဲဒီအတိုင်းဖြတ်တာ။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ သတိထားသင့်တဲ့ မြို့ကြီးတွေ၊ ဘယ်မြို့ကြီးတွေ ငလျင်အန္တရာယ်ကို သတိထားသင့်တယ်လို့ ပြောပြပေးပါ။
ဒေါက်တာဦးသိန်း ။ ။ သတိထားသင့်ဆုံး မြို့ကြီးတွေ၊ အန္တရာယ် အများဆုံး မြို့ကြီးတွေကတော့ တောင်ဘက်ကစပြီးတော့ နည်းနည်းကြည့်သွားရင် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော် ပျဉ်းမနား၊ သာစည်၊ သဲတော၊ ဝမ်းတွင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြို့ကြီးထဲကပြောရင်ပေါ့။ မြို့အလတ်ထဲကတော့ တကောင်း၊ သပိတ်ကျင်း၊ ပူတာအို စသဖြင့်။ ဒီဘက်ခြမ်းကြည့်မယ်ဆိုရင် နည်းနည်း ငလျင်ဒဏ် အများဆုံးခံရမှာက စစ်ကိုင်းတိုင်း မြောက်ဘက်ကနေရာတွေ - ဟုမ္မလင်း၊ ကလေးဝ - သူတို့တွေကတော့ မြို့လတ်လေးတွေဆိုတော့ အန္တရာယ်ကတော့ များတယ်။ ဘေးကတော့ အလယ်အလတ်ပေါ့။ အန္တရာယ်နဲ့ ဘေးက နည်းနည်းခွဲသိမှ ဖြစ်မယ်။ လူဦးရေများရင်၊ နောက် အဆောက်အဦး ကြီးကြီးမားမား ရှိရင် ဘေးက ပိုများတယ်။ အန္တရာယ်က အတူတူဖြစ်ပေမယ့်။ အဲဒီနေရာတွေကြတော့ အန္တရာယ်ကကြီးတယ် ဘေးကြတော့ နည်းနည်းလျော့တယ်။ မြို့ကြီးတွေနဲ့စာရင် မြို့လတ်တွေ ဖြစ်နေလို့ပါ။
ဒေါ်ခင်မျိုးသက် ။ ။ နောက်ဆုံး အဓိက ရန်ကုန်မြို့ကြီးမှာ ဘယ်နေရာမှာ ငလျင်ဒဏ်ကို အများဆုံး ခံနိုင်ရမလဲ။
ဒေါက်တာဦးသိန်း ။ ။ နဂိုတုန်းက ရန်ကုန်မြို့က နည်းနည်းသေးသေတယ်ဆိုတော့ ငလျင်ဒဏ် အလတ်လောက်ပဲ ခံရမယ့်နေရာတွေ။ မြေလည်းမာတဲ့ နေရာတွေ။ အခုကြတော့ အရှေ့ဘက်ကို စစ်ကိုင်းပြတ်ရွေ့ကြော ရှိတဲ့ဘက်ကို (၁၀) မိုင်လောက်အထိကို တိုးသွားတယ်။ ဒဂုံ တောင်မြောက်၊ ဒဂုံအရှေ့မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ် စသဖြင့် တော်တော်ကို ကပ်သွားပြီးတော့ မြေပျော့တွေလည်း များတဲ့နေရာတွေ ဖြစ်တယ်။ အဲဒီအပိုင်း ရန်ကုန်အရှေ့ပိုင်းက ငလျင်ဒဏ်ကို သတိထားရမယ်။ တခြားနေရာတွေထက်စာရင် ပိုခံရဖို့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေကလည်းပျော့တယ်။ စစ်ကိုင်းပြတ်ရွေ့ဇုန်နဲ့လည်း နီးသွားတယ်။ နဂိုတုန်းက ရန်ကုန်မြို့အလယ်က စစ်ကိုင်းပြတ်ရွေ့ဇုန်နဲ့ (၃၀ - ၃၅) မိုင်လောက် ဝေးတယ်။ အဲဒီ အရှေ့ဇုန်မြို့နယ်တွေက (၁၅ - ၂၀) မိုင်လောက်ပဲ ဝေးတော့ တော်တော်ကပ်နေတယ်။ မြေကလည်းပျော့တယ်။
ဒေါ်ခင်မျိုးသက် ။ ။ ရန်ကုန်ပြီးတော့ မန္တလေးကို ဆက်မေးချင်ပါတယ်။ မန္တလေးမြို့ပါ။
ဒေါက်တာဦးသိန်း ။ ။ သူက အစဉ်အလာအရ ငလျင်အန္တရာယ်က တော်တော်များပါတယ်။ ခွဲထားချက်အရဆိုရင် ပျက်ဆီးမှုတွေ အများဆုံး မတ်ကတေးစကေး တန်း (၉)၊ တခါတလေ (၁၀) လောက်အထိကို ပြတ်နိုင်တယ်။ ဆိုတော့ မန္တလေးကလည်း မာတဲ့မြေတွေ ရှိတယ်။ မန္တလေး အနောက်ပိုင်းက မြေပျော့တွေ မြစ်နဲ့နီးတဲ့နေရာတွေ။ တချို့တွေက ရေဝပ်တဲ့နေရာတွေကြောင့် ဖြစ်တယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့လည်း တော်တော်ကပ်နေတယ်။ (၆ - ၇) မိုင်လောက်ပဲ ဝေးတယ်။ ဆိုတော့ မန္တလေးအနောက်ပိုင်းကတော့ အပျက်အဆီးများတယ်။ မန္တလေး အရှေ့ပိုင်းနဲ့စာရင်၊ ခန့်မှန်းခြေ ပြောရရင် (၈၅) လမ်း၊ (၈၆) လမ်းရဲ့ အရှေ့ဘက်တွေက ပိုပျက်ဆီး များနိုင်တယ်။ အရှေ့ဘက်ခြမ်းက မြေလည်မာတယ်။ စစ်ကိုင်းပြတ်ရွေ့ဇုန်နဲပလည်း နည်းနည်းပိုလှမ်းတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြို့အသစ်တည်ထားတဲ့ နေပြည်တော် …
ဒေါက်တာဦးသိန်း ။ ။ နေပြည်တော်ကတော့ ပျဉ်းမနားနဲ့စာလို့ရှိရင် အန္တရာယ် ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျဉ်းမနား က စစ်ကိုင်းပြတ်ရွေ့နဲ့ (၁၀) မိုင်လောက် ဝေးသေးတယ်။ နေပြည်တော် ရှိတဲ့နေရာက စစ်ကိုင်းပြတ်ရွေ့နဲ့ ကပ်နေတယ်။ (၁ - ၂) မိုင်လောက် ကပ်နေတဲ့ နေရာပါတယ်။ ဒါပေမဲ့ တခု ရှိတာက သိပ်အထပ်မြင့်မြင့်ကြီးတွေတော့ မဆောက်ထားဘူး။ ဆိုတော့ နေပြည်တော်က စောစောက ရွတ်ပြလိုက်တဲ့အတိုင်း ငလျင်အန္တရာယ် ကြီးမားတဲ့ မြို့တွေထဲမှာ ပါတယ်။ ပဲခူး၊ ဖြူးတို့နဲ့ အလားတူ၊ မန္တလေး၊ စစ်ကိုင်းတို့နဲ့ အလားတူပဲ။ ငလျင် အန္တရာယ် အတော်ကြီးပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ နောက် သတိထားသင့်တဲ့ မြို့ကြီးတွေ ဘာတွေ ရှိပါသလဲ။
ဒေါက်တာဦးသိန်း ။ ။ သတိထားသင့်တဲ့ တခြားမြို့ကြီးတွေကတော့ ဖျက်ဆီးမှုအားလုံးအောက်က အပြင်းထန်ဆုံးထဲမှာ ရွှေဘို၊ မုံရွာ အဲဒီလိုနေရာတွေ ပါတယ်။ ကျောက်ဆည်လို မြို့တွေကလည်း သတိတော့ ထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်ပြတ်ရွေ့နဲ့လည်း သိပ်အဝေးကြီးတော့ မဟုတ်ဘူး။ မိတ္ထိလာလည်းပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခု ဧရာဝတီမြစ်ဆုံဒေသမှာ ဆည်ဆောက်မယ့် အစီအစဉ် - အဲဒါ ဆည်ကလည်း တော်တော်ကြီးပါတယ်။ ဒီဆည်နဲ့ ပတ်သက်ပြီးတော့ ငလျင်ဒဏ်ကို ဘယ်လိုဆက်စပ်၊ ဘယ်လောက် အန္တရာယ် ရှိပါသလဲ။
ဒေါက်တာဦးသိန်း ။ ။ သူကတော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ - အဲဒီနေရာက ဖြာထွက်သွားတဲ့ နှစ်ကြောင်း - အရှေ့ဘက်ကြောင်းနဲ့တော့ မြစ်ဆုံနေရာက နည်းနည်းနီးတယ်။ (၁၀) မိုင်လောက်ပဲ ဝေးတယ်ဆိုတော့ အန္တရာယ် တော်တော်လေး ရှိတယ်။ နောက်တခုက ဆည်က (၇) ခု ဆက်ပြီး ဆောက်မယ်ဆိုတော့ တခု စပြီးကျိုးရင် နောက်ဆည်တွေလည်း ဆက်ကျိုးဖို့ ရှိတယ်။ ဖြစ်နိုင်ရင်တော့ မဆောက်တာ ကောင်းပါတယ်။ အန္တရာယ်ထက်စာရင် ရတဲ့အကျိုးတွေက သိပ်မများဘူး။ နောက် ပြည်သူတွေကလည်း သိပ်မလိုလားကြဘူးဆိုတော့။ ငလျင်ကြောင့်လည်း ပါတော့ပါတယ်။ မဆောက်သင့်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာချစ်ကိုကို က စာအုပ်တအုပ်တော့ ရေးနေတယ်။ ထွက်လာတော့မယ်။ ဘူမိအင်ဂျင်နီယာ ရှု့ထောင့်ကနေ ငလျင် အပါအဝင်၊ ဘယ်အကြောင်းကြောင့် မဆောက်သင့်လဲဆိုတာကို စာအုပ်ရေးနေတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ပုဂံဒေသမှာ ငလျင်ဒဏ်ကို ခဏခဏ ခံရပါတယ်။ ပုဂံဒေသက ရှေ့ဟောင်းဘုရားတွေ၊ ဒါတွေကို ဒီအန္တရာယ်လျော့အောင် ဘယ်လို လုပ်သင့်တယ်လို့ ဆရာ အကြံပေးချင်ပါလဲ။
ဒေါက်တာဦးသိန်း ။ ။ တကယ်တမ်းကြတော့ ပုဂံမှာ ခံရတဲ့ ငလျင်တွေက နည်းနည်းတော့ လှမ်းတယ်။ အနောက်ဘက်က လာတာ။ စောစောကပြောတဲ့ ကဘော်ပြတ်ရွေ့က စတဲ့နေရာဆိုတော့ သူကတော့ နှစ် (၈၀၀ - ၉၀၀) လောက် အိုးမင်းပြီးဆိုတော့ ဆွေးတာလည်းပါတယ်။ မြင့်တာလည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကပ်နေတဲ့ မြို့တွေကြတော့ သိပ်မပျက်ဘူး။ အဲဒီအကြောင်းကြောင့်လည်း ပါပါတယ်။ သူက နည်းနည်းလေးတော့ လှမ်းတယ်။ ဗဟိုချက်ကလည်း တော်တော်နက်တဲ့အထဲက ပျက်တာ၊ ဆွေးမြေ့တာလည်းပါတယ်။ နောက် ပုဂံမြေသားကလည်း နုန်းမြေနုဆိုတော့ မြေမာ မဟုတ်ဘူး။
ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။