ဖွံဖြိုးရေးဆိုင်ရာ ဥပဒေပြဌာန်းမှု အခက်အခဲများ

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်

Your browser doesn’t support HTML5

ဖွံဖြိုးရေးဆိုင်ရာ ဥပဒေပြဌာန်းမှု အခက်အခဲများ

မြန်မာစီးပွားရေးလုပ်ငန်းကဏ္ဍ အခြေခံလိုအပ်မှုအနေအထားနဲ့ လွှတ်တော်တွင်း ဥပဒေပြဌာန်းပြီး ထိန်းညှိဆောင်ရွက်ရတဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲ ဘာတွေရှိပါလဲ။ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် ကို VOA အမေရိကန်အသံမှာ မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ်။ အခုလို ဝါရှင်တန်ဒီစီကို ရောက်တုန်းမှာ VOA ကို မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒေါ်သက်သက်ခိုင် က ပြည်သူ့လွှတ်တော်ထဲမှာ ရင်းနှီးမြုပ်နံှမှုနဲ့ သက်ဆိုင်တဲ့ ကော်မတီတခုနဲ့ လုပ်ကိုင်နေတယ်။ အဲဒီတော့ ရင်းနှီးမြုပ်နံှမှုကိစ္စ၊ စီးပွားရေးကိစ္စ - အဲဒါတွေကို အရင်မေးချင်တယ်။

ဆိုတော့ ရင်းနှီးမြုပ်နံှမှုနဲ့ ပတ်သက်လို့ အထူးသဖြင့် နိုင်ငံရပ်ခြားရင်းနှီးမြုပ်နံှမှု FDI (Foreign Direct Investment) တော်တော်လေး အရေးကြီးတယ်လို့ အစိုးရအနေနဲ့လည်း သတ်မှတ်ထားတယ်။ အဲဒီတော့ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နံှမှုတွေက အစိုးရအနေနဲ့ တော်တော်လေးကို မျှော်လင့်ထားတဲ့ကြားကနေ ၂၀၁၇-၂၀၁၈ တွေမှာဆိုရင် တော်တော်ကျဆင်းခဲ့တယ်။ အခု ၂၀၁၉ အလားအလာ ကြားဖြတ်အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ၂၀၁၉ မှာလည်း ကျနေပါတယ်။ ဘာကြောင့်ပြောလဲဆိုရင် World Bank’s Myanmar Economic Monitor ပြီးခဲ့တဲ့လကပဲ ထုတ်ပြန်ခဲ့ပါတယ်။ သူက (၆) လ တစ်ခါ၊ တစ်နှစ်ကို နှစ်ခါဆိုတော့ (အဲဒီထုတ်ပြန်ချက်အရ) ကျနေပါတယ်။ နောက်တခုကတော့ FDI ရဲ့ Amount လို့ ပြောလို့ရှိရင် နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုလာတဲ့ ပမာဏကို ပြောရင် နံပတ်တစ်ကတော့ စာချုပ်ပေါ်မှာ ပြောထားတဲ့ ပမာဏတွေက တစ်ခု။ နောက် ကျမတို့ ထဲထဲဝင်ဝင် ကြည့်သင့်တာက စာချုပ်ထဲမှာ ပြောထားတဲ့ ပမာဏကို တကယ် Commitment ရှိရှိနဲ့ ငွေ တကယ်သယ်လာပြီးမှ တကယ်အလုပ်လုပ်တာ ဘယ်လောက်ရှိသလဲဆိုတဲ့ အဲဒီ ပမာဏကလည်း သိပ်အရေးကြီးပါတယ်။ ဆိုတော့ တခါတလေကြတော့ အဲဒီ စာရွက်ပေါ်က ကိန်းဂဏန်းတွေပဲ ကြည့်ပြီး တကယ်ဝင်လာတဲ့ ပမာဏကိုကြည့်ဖို့ ကျမတို့ ကြည့်ဖို့ အာရုံမရတာလေးတွေ ရှိတဲ့အခါကြတော့ အခုတော့ အလားအလာလို့ ပြောလို့ရှိရင်တော့ World Bank ကိုက Myanmar Economic Outlook မှာ ပြောထားတာတော့ ကျနေပါတယ်။

မေး ။ ။ အဲဒီတော့ ဒါတွေနဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေကိုတော့ ကျနော် အသေးစိတ် မေးမနေတော့ဘူး။ အခြေခံအကြောင်းလေးတွေကိုပဲ မေးချင်တယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားရင်းနှီးမြုပ်နံှမှုတွေ တက်လာအောင်ဆိုပြီ ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင် အစိုးရက အနှစ် (၂၀) စီမံကိန်း၊ ပြီးတော့ ဒီနှစ်ပိုင်းတွေအတွင်းမှာလဲ တော်တော်လေး ဆွဲဆောင်မှုတွေလုပ်ဖို့ အခမ်းအနားတွေလုပ်တယ်။ ပွဲတွေလုပ်တယ်။ ဖိတ်ခေါ်မှုတွေ လုပ်တာတွေကို တွေ့ရတယ်။ ဒါပေမဲ့လဲ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နံှတဲ့လူတွေက ဝင်မလာတဲ့သဘော တွေ့နေရတယ်။ ဒါက ဘာကြောင့်လဲ။

ဖြေ ။ ။ ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြုပ်နံှသူတွေက အခုနပြောတာဆိုရင် Myanmar Sustainable Development Plan ဆိုရင် ၂၀၁၈ သြဂုတ်မှာ ထွက်ထားတယ်။ ထွက်ထားပြီး ၂၀၃၀ အထိဆိုတော့ - ဒါပေမဲ့ ကျမတို့က အစိုးရတရပ် စတက်တက်ခြင်းမှာ ရင်းနှီးမြု့ပ်နံှသူ အသိုင်းအဝိုင်းကလည်း စောင့်ပြီကြည့်နေကြတယ်။ အစိုးရက ပုဂ္ဂလိက ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နံှမှုတွေပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာကို အားလုံးဝိုင်းစောင့်ကြည့်ပြီး အာရုံနဲ့ကြည့်နေကြတဲ့ အချိန်မှာ အဲဒါကို Myanmar is open for businesses ဆိုတာမျိုးကို မပြောလိုက်နိုင်ခဲ့ဘူး။ မပြောလိုက်နိုင်ခဲ့ပြီးမှာ အစိုးရလုပ်ရင် တန်းလမ်းကြမှ Private Sectors ပုဂ္ဂလိကကဏ္ဍနဲ့ ထိတွေ့တာတွေ၊ နိုင်ငံတကာခရီးတွေ သွားကြတဲ့ အချိန်ကြမှ မေးခွန်းတွေက မေးလာတယ်။ ဒါတွေက အရေးကြီးတယ်ဆိုတာကို တဖြည်းဖြည်းမှ သိလာကြတယ်။ တဖြည်းဖြည်းနဲ့ သိလာပြီမှ။ ပြီးနောက် တိုင်းပြည်ရဲ့ Development Strategy မရှိသေးဘူးဆိုတာလဲ တဖြည်းဖြည်းနဲ့မှ သိလာတဲ့အခါကြတော့ အခု ၂၀၁၆ ခုနှစ်ကနေစပြီး အစိုးရတက်ပေမယ့် ၂၀၁၈ သြဂုတ်ကရောက်မှ MSDP ထွက်နိုင်တယ်ဆိုတော့ ပြောမယ်ဆိုရင် နောက်ကျတယ်လို့ ပြောရမယ်။ အစိုးရရဲ့ သက်တမ်းတဝက်ကျော်သွားတယ်။ ကျော်သွားတဲ့အခါကြတော့ အခုနောက်ပိုင်းလည်း ကျမတို့ အစိုးရက သေချာလေး Ministry of Investment and Foreign Economic Relations ရင်းနှီးမြုပ်နံှမှုနဲ့ နိုင်ငံတကာစီးပွားရေး ဆက်ဆံရေး ဝန်ကြီးဌာနကို တည်ထောင်လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုတွေကို ဆွဲဆောင်ချင်တာပေါ့။ ကျမထင်တာ နောက်ကျတယ်လို့ ထင်တယ်။

မေး ။ ။ အခုလုပ်နေတာတွေ အကုန်လုံးက အစောပိုင်းက ဝေဖန်ခံရတဲ့အချက် - ဥပမာ အခုလက်ရှိအစိုးရမှာ စီးပွားရေး မူဝါဒ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း မရှိဘူးဆိုပြီး ဝေဖန်ကြတယ်။ အခု လုပ်နေတာတွေက စီးပွားရေးမူဝါဒ အခြေခံ ဖြစ်တယ်လို့ ယူဆသလား။ ဒါတွေကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံအစိုးရရဲ့ မူဝါဒက အခြေခိုင်ခိုင် ဖြစ်နေပြီးလို့ ပြောလို့ရလား။

ဖြေ ။ ။ ကျမတို့ အစိုးရတက်ပြီးတော့မှ ခုနှစ်လ၊ ရှစ်လလောက်ကျမှ စီးပွားရေး မူဝါဒ (၁၁) ချက်ကို ထုတ်ပြန်နိုင်တယ်။ ပြီးတော့ ဒီစီးပွားရေးမူဝါဒက သိပ်ကိုမှ အထွေထွေဆန်လွန်တယ်။ တိကျမှု အားနည်းတယ်။ ငြိမ်းချမ်းရေးနဲ့ ချိတ်ဆက်ထားသလိုလို သိပ်ရေရာတဲ့ စီးပွားရေးမူဝါဒ ဖြစ်တယ်။ အဲဒါကိုလဲ ကျမတို့ ဝေဖန်ခံခဲ့ရတယ်။ အဲဒါပြီးတော့ Development Strategy လုပ်ပြန်တော့လဲ ၂၀၀၈ သြဂုတ်လမှာဆိုတော့ စီးပွားရေးအနေနဲ့ ပြောမယ်ဆိုရင်တော့ လက်ရှိအစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အာရုံစိုက်မှုဟာ မလုံလောက်ဘူး။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးဖို့ဟာ အစိုးရရဲ့ အာရုံစိုက်မှုနဲ့ ကြိုးစားအားထုတ်မှုတွေဟာ မလုံလောက်ဘူး။ နောက်တခုကြတော့ ထလုပ်တယ်ဆိုရင်တောင်မှ နောက်ကျနေတယ်လို့ ကျမ ပြောချင်ပါတယ်။

မေး ။ ။ မလုံလောက်ဘူးဆိုတဲ့နေရာမှာ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နံှမှုတွေကို ဆွဲဆောင်ဖို့ရာ ကိုယ့်ဘက်က ပံ့ပိုးပေးရမယ့်ဟာတွေလည်း ရှိတယ်မဟုတ်လား။ ဥပမာ Infrastructure တွေကို ပံ့ပိုးပေးရမယ်။ အဲဒါတွေအတွက်လဲ မလုပ်နိုင်သေးဘူး။ အဲဒါအပြင် ကျနော်တို့ ကြားနေရတဲ့ကိစ္စတွေ ရှိပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ဆိုရင်လဲ ရင်းနှီးမြုပ်နံှသူတွေအနေနဲ့ အာမခံချက် သိပ်မရှိဘူးဆိုတဲ့ အနေအထားလေးတွေ ရှိနေတယ်။ အဲဒါတွေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ ဒီလိုပေါ့ ကျမတို့က ရင်းနှီးမြုပ်နံှချင်တဲ့လူတွေ လာချင်အောင် တကမ္ဘာလုံးက အသိအမှတ်ပြုထားတာ ကမ္ဘာ့ဘဏ်က ထုတ်ထားတဲ့ Ease of Doing Business Ranking တွေ။ ဆိုလိုတာက ကမ္ဘာ့ဘဏ်က နိုင်ငံပေါင်း (၁၉၀) ကျော်ကို ဝင်ပြီးတော့ သူ့သတ်မှတ်ချက်တွေနဲ့ အညွန်းကိန်းတွေနဲ့ တိုင်းတဲ့အချိန်မှာ ကျမတို့က နိုင်ငံပေါင်း (၁၉၀) ကျော်မှာ (၁၇၁) ဖြစ်နေတယ်။ (၃) နှစ်ဆက်တိုက်လောက် (၁၇၁) မှာပဲ ငြိမ်နေတယ်ဆိုတော့ မတိုးတက်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်။

မေး ။ ။ အာဆီယံနိုင်ငံတွေထဲမှာဆိုရင်ကော ဘယ်လိုနေလဲ။

ဖြေ ။ ။ အာဆီယံထဲမှာလည်း ကျမတို့က အနိမ့်ဆုံးမှာ ရှိနေပါတယ်။ နောက်တခုကတော့ အခြားတိုင်းပြည်တွေကလည်း တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့တိုးတက်မှုနှုန်းက တခြားတိုင်းပြည်ကို မကျော်နိုင်တဲ့အခါကြတော့ ကျမတို့က Ranking မတက် ဖြစ်နေတယ်။ အဲဒါဆိုတော့ လူတွေက အကြမ်းမျဉ်းအရင်ကြည့်တဲ့အခါ ရင်းနှီးမြုပ်နံှသူက ဘာပဲပြောပြော သူလည်းပိုက်ဆံငွေထုပ်ပိုက်ပြီး လာရမှာဆိုတော့ သူလည်အကျိုးအမြတ်ရှိမှ လာမှာဖြစ်တဲ့အခါကြတော့ အဲဒီလိုမျိုးလေး Indicator ကို ကြည့်လိုက်တာနဲ့ ကျမတို့ အိမ်နီးနားချင်းတွေနဲ့ အပြိုင်အဆိုင်ရှိတယ်။ ကမ္ဘောဒီးယား၊ လားအို၊ ဗိယက်နမ် နဲ့ မြန်မာပြည်တို့ကို အာဆီယံထဲမှာ ကြည့်လိုက်လို့ရှိရင် ကျမတို့က အနိမ့်ဆုံးဖြစ်နေတော့ တခြားဘက်သွားတဲ့သဘောလည်း ရှိနေတာပေါ့။

နောက်တခုကြတော့ နိုင်ငံရေးအရ တည်ငြိမ်ဖို့ - နိုင်ငံရေးအရ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျမတို့က ဒီမိုကရေစီကို အားပေးလို့၊ ပြည်သူကလည်း အားပေးတယ်။ နိုင်ငံတကာကလည်း အားပေးတယ်။ အားပေးတဲ့အတွက်ကြောင့်မို့ တောက်လျှောက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အန်တီစု၊ ဒေါ်အောင်ဆန်းစုကြည်တို့က တိုင်းပြည်အုပ်ချုပ်နေတဲ့ကာလ။ ဒါက နိုင်ငံရေးအရ အောင်မြင်မှုဖြစ်တယ်။ တချိန်တည်းမှာလဲ ဘယ်လိုဖြစ်သလဲဆိုရင် (၅) နှစ်တစ်ခါ ရွေးကောက်ပွဲလုပ်ကြတဲ့အခါ ဒီမိုကရေစီ တာထွက်ခါစဆိုတော့ နိုင်ငံရေးအရ တည်ငြိမ်မှုလည်း သူများတိုင်းပြည်ထက်နည်းတယ်။ ဥပမာ ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ လားအိုတွေထက် ကျမတို့ကနည်းတယ်။ နိုင်ငံတကာက ကြည့်လို့ရှိရင် အကြမ်းမျဉ်း ရုတ်တရက်ကြည့်မှာကတော့ အခုနပြောခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ တင်ပြချက်ကိုကြည့်မယ်။ ကျမတို့ အနိမ့်ဆုံးဖြစ်တယ်။ နောက်တခုကြတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကို ကြည့်လိုက်လို့ရှိရင် အခုမှတာထွက်ခါစဖြစ်တော့ နိုင်ငံရေးတည်ငြိမ်မှုကိုလည်း ကြည့်ချင်တယ်။ တက်လာတဲ့အစိုးရကလည်း အသစ်ဆက်ဆက် ဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ ဒီအစိုးရရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ ထားတဲ့သဘောထား ဘယ်လောက်ပျော့ပျော့ပျောင်းပျောင်း ရှိလဲ။ ဘယ်လောက်မြေတောင်မြှောက်ချင်တဲ့စိတ်ရှိလဲ ဆိုတာတွေကို ထုတ်ပြဖို့ ကျမတို့ နောက်ကျခဲ့တယ်။

မေး ။ ။ အဲဒီအကြောင်းတွေကို ကျနော် ထပ်မေးပါမယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ညွှန်းကိန်းနဲ့ ပတ်သက်ပြီးတော့ ကျနော် သိသလောက်ဆိုရင် အချက်တွေမှာ အဂတိလိုက်စားမှု ဘယ်လောက်ရှိသလဲ။ လာဘ်ပေးလာဘ်ယူမှုတွေ ဘယ်လောက်များနေသလဲ။ နောက်ပြီးတော့ ဘဏ္ဍာရေးစနစ်က ဘယ်လောက်များတည်ငြိမ်မှု ရှိသလဲ။ အဲဒါတွေနဲ့ ပတ်သက်လို - အခုဆိုရင် အဂတိလိုက်စားမှုကော်မရှင်တွေ ဖွဲ့ပြီးတော့ လုပ်နေတာတွေရှိတယ်။ ဘဏ္ဍာရေးကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက်များတည်ငြိမ်အောင် လုပ်လာတာတွေရှိလဲ။ ဘယ်လောက်အောင်မြင်မှုတွေ ရှိလဲ။

ဖြေ ။ ။ ကျမတို့ ဒီအစိုးရမှာတော့ ဗဟိုဘဏ်က ပထမ (၅) နှစ်က ၂၀၁၃ ကနေ စလိုက်တယ်။ အရင်တုန်းက ဗဟိုဘဏ်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘဲနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက် ရောက်နေခဲ့ပြီး တိုင်းပြည်ရဲ့ Deficit တွေကို ငွေရိုက်ထုတ်ပေးနေရတယ်။ လိုသလောက်ရိုက်ထုတ်ပေးနေရတဲ့ အဆင့်ကနေ တချိန်ကြတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အခါကြတော့ နိုင်ငံတကာကနေ အခုနပြောတဲ့ IMF, World Bank ဝင်လာတဲ့အချိန်မှာ ကျမတို့မှာ Technical Assistance တွေ အများကြီးရပါတယ်။ ADB တို့အပါအဝင်။ အဲဒီလို Development Partners တွေ ဝင်လာတဲ့အချိန်မှာ Technical Assistance တွေ ရတဲ့အခါမှာ ကျမတို့က လမ်းကြောင်းလေးတော့ စမှန်လာတယ်။ ဆိုလိုရှိရင် ၂၀၁၃ မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေကို ပြဌာန်းလိုက်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတခု ဖြစ်သွားတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက် မဟုတ်တော့ဘူး။ ပြီးနောက် တိုင်းပြည်ရဲ့ Budget Deficit ကိုလည်း ငွေကြေးထောက်ပံ့လုပ်စရာ မလိုတော့ဘူး။ မလိုတော့တဲ့သဘော ရှိလာတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ ကျမတို့က Budget Deficit ရဲ့ တစ်ရာရာခိုင်နှုန်းကို ဗဟိုဘဏ်က ပိုက်ဆံရိုက်ထုတ်ပြီးတော့မှ ဖြန့်ဝေခဲ့တယ်။ ငွေကြေးထောက်ပံ့ခဲ့တယ်။

နောက်မှ တဖြည်းဖြည်း Road Map နဲ့ (၈၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း၊ (၄၀) – (၂၀) စသည်ဖြင့် လျှော့ချခဲ့တယ်။ ဒီနှစ်မှာတော့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အရ ဗဟိုဘဏ်ကနေ ငွေရိုက်ထုတ်စရာ မလိုတော့ဘူး။ Budget Deficit အတွက် - ဘာတွေဖြစ်လာလဲဆိုတော့ Money Market လိုမျိုး၊ အစိုးရရဲ့ Treasure Bill, Treasure Bond တွေကို အစိုးရကနေ ထုတ်လာတယ်။ ထုတ်လာတာကို ဘဏ်ကြီးတွေက ဝယ်လာတယ်။ ဝယ်ပြီးတော့ (၃) လ၊ (၉) လ၊ (၁) နှစ်၊ (၂) နှစ် စသည်ဖြင့် အစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်တဲ့အခါကြတော့ ဗဟိုဘဏ်က ရိုက်ထုတ်စရာ မလိုတော့ဘူးဆိုတော့ အစိုးရကနေ ဘဏ်တွေကနေ ပိုက်ဆံပြန်ချေးတယ်။ ဘဏ်တွေက ပိုက်ဆံတွေဆိုတာလဲ ပြည်သူတွေ ထည့်ဝင်ထားတဲ့ Deposit လုပ်ထားတဲ့ ပိုက်ဆံတွေဆိုတော့ ပြည်သူဆီက ပိုက်ဆံလှည့်ချေးပြီးတော့မှ ဗဟိုဘဏ်က မထုတ်ရတော့ဘူးဆိုတော့ အဲဒီဟာလေး ပြောရမယ်ဆိုရင်တော့ ဦးသိန်းစိန်လက်ထက်က စပြီးတော့ အခု ကျမတို့အစိုးရလက်ထက်အထိတော့ ဘဏ္ဍာရေးအရတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့ ကျမ မြင်မိတယ်။