၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ပြည်ခိုင်ဖြိုးသဘောထား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး

Your browser doesn’t support HTML5

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ပြည်ခိုင်ဖြိုးသဘောထား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးကြရာမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စား ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါရှင်။ ကျမတို့ ဗွီအိုအေ - အမေရိကန်အသံကို အခုလို ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်။

မေး ။ ။ အခုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆိုင်းပြင်းနေတာကို လွှတ်တော်မှာ တွေ့ရပါတယ်။ ဦးသောင်းအေးအနေနဲ့လည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပြည်ခိုင်ဖြိုးပါတီကိုယ်စား၊ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ တကယ့်ကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်တည်ချက်လေးကို ပြောပြပေးပါလားရှင့်။

ဖြေ ။ ။ ဒီမေးခွန်း မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီက ပြင်ဆင်တဲ့ လုပ်ငန်းစဉ်ကို လက်ခံပါတယ်။ ပြင်ဆင်ရမယ်ဆိုတဲ့ အလုပ်ကို ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲတဲ့ ပုဂ္ဂိုလ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တသမတ်တည်း သွားရမယ့်ကိစ္စ မဟုတ်ဘူး။ တခြားနိုင်ငံတွေလိုပါပဲ ကျနော်တို့ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာ ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ရမယ်။ ခေတ်ကာလအခြေအနေနဲ့ ကိုက်ညီအောင်လို။ အဲဒါကြောင့်မို ကျနော်တို့ ဖွဲ့စည်းပုံအခြေခံမှာ ဖော်ပြထားပါတယ်။ အဲဒီအခန်းထဲမှာပါတဲ့ ပုဒ်မတွေအတိုင်းပေါ့ ပြင်မယ်ဆိုရင် အဲဒီအတိုင်းပြင်ပါ။ အဲဒီအတိုင်း ပြင်ရမယ်လို့ ကျနော်တို့က ရပ်တည်ပါတယ်။

မေး ။ ။ အဲဒီ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း အခန်း (၁၂) - အခုနပြောတဲ့အတိုင်းဆိုရင် အဲဒီမှာ ပုဒ်မ (၄၃၃)၊ (၃၃)၊ (၃၅)၊ (၃၆) - အားလုံးကတော့ (၄၃၆) ပြင်ဖို့က အဓိကကျတယ်လို့ ပြောပါတယ်။ အဲဒီအခါမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်တဲ့အတွက်ကြောင့် (၂၅) ရာခိုင်နှုန်းကတော့ ပြင်နိုင်ဖို့ အလားအလာ မရှိဘူး။ အခက်ခဲဆုံးအဆင့်ကတော့ အဲဒါပဲလို့ ပြောနေကြတယ်။

ဖြေ ။ ။ ဒီဟာက ရှင်းပြရမယ်ဆိုရင် နည်းနည်းရှည်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) မှာပါတဲ့ (၄၃၃) (၃၄) (၃၅) (၃၆) ဆိုတာက အမေရိကန်နိုင်ငံမှာလည်း အမေရိကန် ဖွဲ့စည်းပုံ ဆိုတာရှိတယ်။ ကျနော် လေ့လာမိသလောက်တော့ ပုဒ်မ (၅) ထင်တယ်။ အဲဒီအထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ နည်းလမ်းတွေပေးထားတယ်။ သူတို့ဆီမှာတော့ ကျနော် အကြမ်းမျဉ်းသိတာပေါ့။ အထက်လွှတ်တော် - အောက်လွှတ်တော် ဒီလွှတ်တော်နှစ်ရပ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံလို့ရှိရင် ဒီသုံးပုံနှစ်ပုံက ဥပဒေပြုမူကြမ်းကို တင်နိုင်တယ်လို့ရှိတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံဥပဒေမှာလည်း လွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်း ပြောမယ်ဆိုရင် ငါးပုံတစ်ပုံ က လက်မှတ်ထိုးပြီးတော့ ဥပဒေမူကြမ်းတစ်ခုကို တင်ခွင့်ရှိတယ်။ (၄၃၆) ကို မသွားခင် အဲဒါလေးသိဖို့ လိုတယ်။

သို့သော်လဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်သင့်ပြင်ထိုက်တာကိုပဲ ပြင်ဖို့ပဲလိုတယ်။ ကိုယ်နဲ့သဘောထား မတိုက်ဆိုင်လို့၊ ကိုယ်မကြိုက်လို့၊ ကိုယ်မနှစ်မြို့လို့ ယူဆချက်မျိုးနဲ့တော့ ဖွဲ့စည်း့ပုံကို ပြင်လို့မရဘူး။ ပြင်လည်းမပြင်သင့်ဘူး။ ခင်များတို့ အမေရိကန်နိုင်ငံကိုပဲ (၂၂) ခုပဲ ပြင်ရသေးတယ်လို့ အကြမ်းမျဉ်း သိထားတယ်။

ဆိုတော့ ကျနော်တို့ကလည်း အဲဒီလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ပြင်စေချင်တယ်။ ဘာကြောင့်ပြင်တာလဲ။ ဘယ်သူ့အကျိုးစီးပွားအတွက် ပြင်တာလဲ။ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား၊ ကျနော်တို့ အခြေခံမူထဲမှာကိုပါတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး၊ ဒီကိစ္စတွေ ခိုင်မာနေအောင် ကျနော်တို့က ရေးဆွဲထားတဲ့ ဥပဒေလို့ နားလည်တယ်။ ဒါကြောင့်မို့လို့ လွယ်လွယ်ပြင်၊ လွယ်လွယ်ဖျက်လို့ မရအောင် ပုဒ်မ (၄၃၆) မှာ (၇၅) ရာခိုင်နှုန်းကျော်ရမယ်။ (၇၅) ရာခိုင်နှုန်း ကျော်ပြီးတဲ့အပြင် တချို့ပုဒ်မတွေဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ယူရမယ်လို့ ပြောပါတယ်။ အဲဒီပြင်ဆင်ချက်က ကျနော် အခုနပြောသလို ပြည်သူတွေနဲ့ ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက်ကို ပြင်ဖို့လိုတယ်ဆိုရင် တပ်မတော်မပြောနဲ့ အကုန်ပါလာလိမ့်မယ်။

မေး ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အစီရင်ခံစာ ထွက်တဲ့အတခါမှာ ပြင်ဆင်သင့်တယ်ဆိုပြီး အချက်ပေါင်း အဆိုပြုတာ (၃၇၀၀) ကျော် ရှိတယ်။ အဲဒီအထဲမှာ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းတာ (၁၀) ချက် ပါရှိတယ်။ အဲဒီ (၁၀) ချက်ထဲမှာ ဟိုတနေ့က ကျမ လွှတ်တော်မှာ ကြားလိုက်ပါတယ် - နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် လျှော့ချရေးအပါအဝင်၊ (၁၁) ချက် - အဲဒါနဲ့ ပတ်သက်ပြီး အကြမ်းမျဉ်း၊ အကျဉ်းချုပ်လေး ရှင်းပြပေးပါရှင့်။

ဖြေ ။ ။ ကျနော်တို့က အဲဒီအစီရင်ခံစာထဲမှာ (၁၀) ချက် ဆိုတာ ကျနော်တို့ (၄၅) ဦး ကော်မတီမှာ တစ်ချက်မှ မဆွေးနွေးခဲ့ဘူး။ ကျနော်တို့ မတင်သွင်းခဲ့ဘူး။ ဒီဖြစ်စဉ် Process လေးကို နည်းနည်းစဉ်းစားကြည့်ရင် သူတို့က အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုပြီး (၃) နှစ်မြောက်တဲ့ ဒီအချိန်ဒီကာလမှာ အရေးကြီးအဆိုတစ်ရပ် တင်သွင်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးပါဆိုပြီး အရေးကြီးအဆိုတင်တယ်။ အဲဒီအဆိုတင်ကတည်းက ကျနော်တို့က ကန့်ကွက်ခဲ့တယ်။ တကယ်လို့ အချိန်ရတယ်ဆိုရင် အဲဒါတွေကို ကြည့်စေချင်ပါတယ်။

အရေးကြီးအဆိုတစ်ရပ်ဆိုတာ လွှတ်တော်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ ဦးအောင်ကြည်ညွှန့်တင်တဲ့ အဲဒီအရေးကြီးအဆိုဟာ သတ်မှတ်ချက်တွေထဲမှာ မညီတဲ့အချက်တွေက အများကြီးပါတယ်။ ဥပမာဆိုပါတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ကိစ္စ ဖြစ်ရမယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စ ဖြစ်ရမယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ယူရန်လိုတဲ့ကိစ္စ ဖြစ်ရမယ်။ တခြားနည်းလမ်းနဲ့ လွှတ်တော်မှာ တင်သွင်းလို့မရတဲ့ ကိစ္စ ဖြစ်ရမယ်ဆိုပြီးပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့ ဆွေးနွေးတာ ဒီဇင်ဘာ ထင်ပါတယ်။ တကယ့်တကယ်တော့ ၂၀၀၈ ကတည်းက ပေါ်လာတာ၊ ပြင်ချင်ရင် လောလောဆယ် ပေါ်လာတဲ့ကိစ္စ မဟုတ်ဘူးလို့ ကျနော်က ထောက်ပြတယ်။

နောက်တစ်ခုက ပြည်သူအများနဲ့ဆိုင်တယ်။ သို့သော်လဲ အရေးတကြီး လိုအပ်သလားဆိုတဲ့ မေးခွန်းကို ဘယ်သူဖြေမလဲ။ အရေးတကြီး မလိုအပ်ဘူး။ ကျနော်တို့ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးကောင်းမွန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး ဒါတွေက ပိုအရေးကြီးတယ်။ နောက်တစ်ခုကလဲ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရမယ့်ကိစ္စ။ နောက်တစ်ခု အခြားနည်းလမ်းမရှိဘူးလားဆိုတော့ အခုနပုဒ်မ (၄၃၃) (၃၄) (၃၅) (၃၆) နည်းလမ်းကြီး ပြထားပြီသား။ အဲဒီတော့ တခြားနည်းလမ်းရှိရဲ့သားနဲ့ ဒီအရေးကြီးအဆို တင်သွင်းပြီးတော့ ဒီအဖွဲ့ဖွဲ့တဲ့အတွက် ကျနော်တို့က ဒီအဖွဲ့ဖွဲ့ပြီးတော့ ကော်မတီဖွဲ့ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ (၄၅) ယောက် ကော်မတီကို ဖွဲ့ပြီးတော့ လုပ်တာကို ကျနော်တို့က အစကတည်းက ကန့်ကွက်ခဲ့တာ။ ကန့်ကွက်ခဲ့ပြီးတာ့ ကျနော်တို့က ဘာကို လုပ်ပြလိုက်သလဲဆိုတော့ တိုင်းရင်းသားအကျိုးစီးပွားအတွက် ကျနော်တို့က ပုဒ်မ (၂၆၁) ဆိုတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေကို သူ့တိုင်းနဲ့ပြည်နယ်တွေက ခန့်လို့ရအောင် သမ္မတရဲ့ လုပ်ပိုင်ခွင့်ကနေ နုတ်ပြီးတော့ ပြည်နယ်တွေကို ခွင့်ပေးတဲ့ ဥပဒေပုဒ်မတစ်ခုကို ကျနော်တို့က အခုန လုပ်ထုံးလးုပ်နည်းအညီ ပုဒ်မ (၄၃၃) (၃၄) (၃၅) ကနေ တင်ပေးလိုက်တယ်။ အဲဒီတင်ပေးလိုက်တာကို အခုန စီစစ်တဲ့အဖွဲ့က ဒီဥပဒေကို မစီစစ်ဘဲနဲ့ ကျနော်တို့ လုပ်ဆောင်ချက်ကို သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို ဟိုမှာဥပဒေပြင်နေတာ ဖြစ်နေတဲ့အတွက် ကျနော်တို့ရဲ့ တင်ပြချက်ကို ဟိုထဲမှာ ထည့်ပါဆိုပြီးတော့ ဒီလိုဆုံးဖြတ်တယ်။ ဒါကိုလဲ ကျနော်တို့ ကန့်ကွက်တယ်။ သို့သော်လဲပဲ အခုန ဆန္ဒမဲခွဲတဲ့အတွက် များရာ အနိုင်ရပြီးတော့ ဒါလဲပဲ ကျနော်တို့ တင်ပြချက်က မအောင်မြင်ခဲ့ဘူး။ VOA ပြောသလို ကျနော်တို့ (၄၅) ဦး ကော်မတီမှာ တင်တာမဟုတ်ဘူး။

မေး ။ ။ သတင်းတွေထဲမှာတော့ ပြည်ခိုင်ဖြိုးပါတီက အမှန်တော့ (၁၁) ချက်လို့ ကျမ ဖတ်မိတာ။ ဒါပေမဲ့ အခုနပြောတော့ (၁၀) ချက်လို့ ပြောခဲ့တယ်။ အများပြည်သူ ဘယ်လိုနားလည်သလဲတော့ မသိဘူး၊ ကျမ သတင်းစာထဲမှာ ဖတ်လို့ရသလောက်တော့ ကျမက အဲဒီလို နားလည်တယ်။

ဖြေ ။ ။ အဲဒါကြောင့် နားလည်အောင် ရှင်းပြတာပါ။ အဲဒီအချက်တွေက (၄၅) ဦး ကော်မတီမှာ မရှင်းဘူး။ ဘာကြောင့် (၄၅) ဦး ကော်မတီမှာ အမကြီးပြောတဲ့ တပ်က ထပ်ထည့်တယ်။ ကျနော်တို့လည်း ထိုင်နေတယ်။ ကျနော်တို့က ဒီကော်မတီကို တရားဝင် လုပ်နေတဲ့ လုပ်ငန်းစဉ် မဟုတ်ဘူးလို့ ပြောထားတယ်။ သို့သော်လဲ ကျနော်တို့တွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် အမိန့်နဲ့ထုတ်ပြန်ပြီးတော့ ဒီကော်မတီမှာ နာမည်စာရင်းပေးပါ။ ဒီကော်မတီကို ဒီလိုဖွဲ့ပါတယ်ဆိုတော့ ကျနော်တို့ မတက်ရင်၊ ကျနော်တို့ စည်းကမ်းဖောက်ဖျက်ရာ ရောက်တယ်။ ဒီ ပထမလုပ်ငန်းစဉ်အတွက်တော့ ကျနော်တို့က တက်ရောက်တယ်။ သို့သော်လဲပဲ ဒီကော်မတီလုပ်နေတာဟာ တရားမဝင်ဘူး။ ဥပဒေလမ်းကြောင်းနဲ့ မညီညွှတ်ဘူးလို့ ပြောထားတဲ့အတွက် ကျနော်တို့ တစ်ခုမှ မဆွေးနွေးခဲ့ဘူး။ ကျနော်တို့တင်တာသည် အခုန နှစ်ချက်လုံး - တကယ်ရှိတာ (၁၀) ချက်ပါ။ အဲဒီဥပဒေပုဒ်မတွေကို ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းပဲ ကျနော်တို့က တင်ထားတာဖြစ်တယ်။ အဲဒါကို အဲဒီ အစီရင်ခံစာ ရေးတဲ့အခါမှာ သူတို့က ကျနော်တို့ (၁၀) ချက် ပြင်ထားတယ်ဆိုပြီး ထည့်လိုက်တာ။ ဒါကိုလဲ ကျနော်တို့ တရားဝင် ပြည်ခိုင်ဖြိုးပါတီကနေ ထုတ်ပြန်ထားပြီးပြီ။ ဒီ (၁၀) ချက်က ကျနော်တို့ ပူးပေါင်းကော်မတီမှာ တင်တာမဟုတ်ပါဘူး။ ကျနော်တို့ဘာသာ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြင်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာပါ။ အခုဒါလဲပဲ နောက်ထပ်တရားဝင် ဒီ အစီရင်ခံစာက ကျနော်တို့ (၁၀) ချက်ကို ပယ်ဖျက်ပေးဖို့၊ နုတ်ပယ်ပေးဖို့ ကျနော်တို့ တရားဝင်စာ ပို့မှာဖြစ်ပါတယ်။ အခုလာမယ့် အပတ်ထဲမှာ၊ အခု စနေ၊ တနင်္ဂနွေ ခံသွားလိုပါ။ ကျနော်တို့ ပို့မှာပါ။ ဒါကိုလဲ မထည့်ပေးဖို့ ကန့်ကွက်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကော်မတီမှာ ဝင်ပြီးတော့ မဆွေးနွေးခဲ့ဘူး။

မေး ။ ။ ဒီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်စပ်ပြီးတော့ - ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်တုန်းက ကြေညာခဲ့တဲ့ ရာခိုင်နှုန်းကို ကြည့်ပြီးတော့ ၁၉၉၀ ပြည့်မှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းထားတဲ့ ပါတီက ခုံရုံး ခေါ်မလား ပြည်ထောင်စုတရားသူကြီးချုပ်ရုံး ခေါ်မလား မသိဘူး၊ တင်လိုက်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ပြောထားတဲ့ မဲအရေအတွက်၊ ထောက်ခံမဲအရေအတွက်က ဗမာပြည်မှာ လက်ရှိရှိနေတဲ့ လူဦးရေထက် ပိုပြီးများနေပါတယ်။ အဲဒါကြောင့်မို့ ဒီဟာကြီးက Valid မဖြစ်ဘူး။ ပယ်ဖျက်ပေးဖို့ တင်သွင်းထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ကော ဘယ်လိုသဘောရပါလဲရှင့်။

ဖြေ ။ ။ ဒါက သူတို့လုပ်တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်တယ်။ နောက် အခုန တရားရေးစီရင်ချက်ကလဲ ဘယ်လိုယူဆပြီး ဘယ်လိုဆုံးဖြတ်မလဲ။ သူတို့တင်ပြတဲ့ အထောက်အထားတွေက မှန်လား၊ မှားလား။ ဒီအပေါ်မှာ မူတည်ပါတယ်။ ဒီအပေါ်မှာတော့ ကျနော် ဘာမှသုံးသပ်ပြစရာ မရှိပါဘူး။

မေး ။ ။ နောက်တခုက ပြည်ခိုင်ဖြိုးပါတီကတော့ အတိုက်အခံပါတီလို့ ခေါ်ရမှာပေါ့။ နိုင်ငံခြားမှာတော့ Main Opposition လို့ ခေါ်ပါတယ်။ အင်အားအကြီးဆုံး အတိုက်အခံပါတီကြီး။ အဲဒီပါတီနဲ့ တစည တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့ ဦးဆောင်ပြီးတော့ နိုင်ငံရေးပါတီ (၂၆) ဖွဲ့ကနေ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲကျင်းပပေးမယ့် ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးလိမ့်မယ်လို့ မယုံကြည်ဘူးဆိုပြီးတော့ စာပို့ထားတာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ကော ဘာများပြောချင်ပါလဲရှင့်။

ဖြေ ။ ။ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့ဆီက ပြောရေးဆိုခွင့်ရှိတဲ့ ကိုနန္ဒာလှမြင့်ကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ သွားပြီးတော့ ရှင်းပြပြီး ဖြစ်ပါတယ်။ ဘာကြောင့် ကျနော်တို့ ပြောကြတာလဲဆိုတဲ့ အကြောင်းအရာတွေကို အဲဒီခုံရုံးအဖွဲ့တွေကို သွားရှင်းပြပြီး ဖြစ်ပါတယ်။ ကျနော် ဥပမာလေးတစ်ခု ပြုမယ်။ ဒါကတော့ အခုန ကျနော်တို့ကိုယ်တိုင် တွေ့ကြုံခဲ့ရတာ လွှတ်တော်ထဲမှာ၊ ရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့စည်းတဲ့အခါမှာ ပြည်နယ်တိုင်းအလိုက် အကုန်လုံး သူ့ရဲ့ မူလဥပဒေအရ အစိုးရသက်တမ်းတခု ဖြတ်သွားတဲ့အတွက် အသစ်ပြန်ရွေးတယ်ဆိုပြီးတော့ လက်ရှိအစိုးရက ပြန်ရွေးခိုင်းပါတယ်။ ရွေးခိုင်းတဲ့အခါမှာ ကျနော့် မဲဆန္ဒနယ်မြေ ပျော်ဘွယ်မှာ တိုင်းဒေသက ညွှန်ကြားတဲ့အတိုင်း ကျနော်တို့က ရပ်မိရပ်ဖတွေ၊ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်က ရွေးပေးလိုက်တယ်။ ကျနော်တို့ ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဟာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတယ်။ ရွေးပြီးတော့ တင်ပေးလိုက်တဲ့ဟာကို တိုင်းဒေသကြီးကနေ အခုန နိုင်ငံတော်၊ ပြည်ထောင်စု၊ ရွေးကောက်ပွဲကော်မရှင်ကို တင်တဲ့အခါကြတော့ ကျနော်တို့ ပေးထားတဲ့လူ နှစ်ယောက်ကို ဖယ်လိုက်၊ ပေးတဲ့အရေအတွက်ထဲက နှစ်ယောက်ကို ဖယ်လိုက်ပြီးတော့ သူတို့ပါတီက နှစ်ယောက်ကို ထည့်လိုက်တယ်။ ကျနော် ဒါကို လွှတ်တော်မှာမေးတယ်။ သို့သော်လဲ ရေရာတဲ့အဖြေ မရဘူး။ ဒါမျိုးပေါ့။ ဆိုလိုတာကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးတော့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဒါတွေအဆင့်ဆင့် ကျနော်တို့က အားလုံးပြောင်းလဲထားပြီးပြီ။ နောက်တခုက လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေမှာ အနိုင်ရကိုယ်စားလှယ်တွေနဲ့ လက်ရှိအာဏာရပါတီက ကိုယ်စားလှယ်တွေနဲ့ အမှုအခင်းတွေ ဖြစ်တဲ့အခါတိုင်းမှာလဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်က အတည်ဖြစ်တဲ့အတွက် ကျနော်တို့ ရှုံးခဲ့တာတွေလည်း အများကြီးရှိတယ်။ တရားနည်းလမ်းကျတယ်၊ မကျဘူးဆိုတာတော့ အသေးစိတ် နောင်သိလာပါလိမ့်မယ်။ ဒါကြောင့်မို့ ဒီလိုဆောင်ရွက်ချက်တွေ ရှိနေရင်၊ ကျနော်တို့လာမယ့် ဒီကော်မတီနဲ့ပဲ ဒီအတိုင်း၊ ဒီကော်မရှင်နဲ့ပဲ ဆက်သွားမယ်ဆိုရင်တော့ တရားမျှတမှု အားနည်းလိမ့်မယ်လို့ ဒီလိုသဘောထား ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခုလို အချိန်ပေးပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက်။

ဖြေ ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။