လူငယ်တွေအတွက် လိုအပ်တဲ့ မြန်မာစာပေ

ကဗျာဆရာ မင်းထက်မောင်

Your browser doesn’t support HTML5

လူငယ်တွေအတွက် လိုအပ်တဲ့ မြန်မာစာပေ

မြန်မာမျိုးဆက်သစ်လူငယ်တွေ၊ မြန်မာစာပေလေ့လာမှု အားကောင်းအောင် ကျောင်းစာသင်ခန်းထဲမှာတင် မကဘဲ၊ ပြင်ပ လူမှုအသိုင်းအဝိုင်းမှာလည်း ပြုစုပျိုးထောင်ပေးဖို့ လိုအြပ်ပီး စာရေးဆရာ၊ ကဗျာဆရာနဲ့ သမိုင်းပညာရှင်တွေကို တက္ကသိုလ်တွေမှာ အလျဉ်းသင့်သလို ဟောပြောတာတွေ အတွက်ဖိတ်ကြားသင့်တယ်လို့ ကဗျာဆရာ မင်းထက်မောင်က အကြံပြုပါတယ်။ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံဆွေးနွေးထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုမြန်မာစာပေအနုပညာတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာမျိုးဆက်သစ် လူငယ်တွေကြားမှာ လေ့လာလိုက်စားမှုတွေ အားနည်းနေတာကို တွေ့ရပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာပဲ မြန်မာစာပေသင်ကြားတဲ့ အခုပဲ ဟိုလေးတကျော်ဖြစ်နေတဲ့ကိစ္စ။ မြန်မာစာပေသင်ကြားတဲ့အခါမှာ သင်ရိုးညွှန်းတမ်းတခုတည်းမှာ အင်မတန်မှကောင်းမွန်တဲ့ ကဗျာလေးတပုဒ် မယ်ခွေရေးတဲ့ လေးချိုးကဗျာလေးတပုဒ်ကို သင်ရိုးညွှန်းတမ်းကနေ ဖြုတ်ပစ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ အုတ်အော်သောင်းနင်း ဟိုလေးတကျော် ဖြစ်နေပါတယ်။ အခုတော့လဲ ဒီကဗျာကို ပြန်ပြီးတော့ထည့်မည်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့လို့ ဒီလိုမျိုးတွေ နောက်မဖြစ်အောင်၊ နောက်ပြီးတော့ လူငယ်တွေကြားမှာ စာပေလေ့လာမှု၊ စာပေရဲ့တန်းဖိုးသိဖို့အတွက်ကို ဘယ်လိုများ ဆရာအနေနဲ့ အကြံပေးချင်ပါလဲ။

ဆရာမင်းထက်မောင် ။ ။ မယ်ခွေကဗျာကို ပြဌာန်းခဲ့တာ တော်တော်လေး ကြာခဲ့ပါပြီ။ ကျနော်တို့ ခပ်ငယ်စဉ်ကတည်းက သင်ကြားခဲ့ရတဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီကဗျာကလည်း တကယ့်ကို ဂန္ထဝင်ကဗျာလို့ ခေါ်ရမယ့်အပိုင်းမှာရှိတဲ့ ကဗျာမျိုးတွေပါ။ အမှန်ကတော့ မယ်ခွေကဗျာမှာတော့ လက်ဆောင်ကဗျာမှာတော့ သူ့ချစ်သူ အင်းဝကိုသွားမယ်သူကို ဆေးလိပ်ကလေးကို သူကိုယ်တိုင်လိပ်ပြီးတော့ ပေးမယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ တကယ်တော့ ချစ်ချင်းမေတ္တာကိုဖွဲ့တာ။ အတိမ်အနက်ကို ဖွဲ့ထားတာ။ အဲဒီခေတ်က ဆေးပေါလိပ်တလိပ်ဖြစ်ဖို့ သူကိုယ်တိုင် ဘယ်လိုလုပ်ရတယ်ဆိုတာကို စကားလုံးတွေနဲ့ ဖွဲ့နွဲ့ထားတဲ့ အတော်လှတဲ့ ကဗျာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကဗျာကို ဖတ်ပြီးတော့ ကျောင်းသားတွေက ဆေးလိပ်သောက်ချင်စိတ် ပေါက်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဒီကဗျာကို အခုမှ ကောက်ဖယ်တာမျိုးကြာတော့ မကောင်းဘူးပေါ့။ အဲဒါမျိုးသာ ပယ်မယ်ဆိုရင် ကျနော်တို့ ကွမ်းစားမှာ စိုးရိမ်လို့ဆိုပြီးတော့ ဖယ်ရမယ့်ကဗျာတွေလည်း ရှိသေးတယ်။ ထန်းရည်သောက်မှာ စိုးလို့ဆိုပြီးတော့ ထန်းတက်သမား တျာချင်းတွေလည်း ပယ်ပြစ်ရမယ့်သဘောမှာ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကဗျာဆရာကြီး မောင်စွမ်းရည်၊ သို့မဟုတ် ဦးဝင်းဖေလို့လည်း နာမည်ကြီးပါတယ်။ မြန်မာစာသင်ရိုးညွှန်းတမ်းအဖွဲ့ဝင် - အတွင်းရေးမှူးအဖြစ်လည်း လုပ်ခဲ့ပါတယ်။ သူကဆိုရင် အခုခေတ်ပေါ်ကဗျာတွေကိုလည်း သင်ရိုးညွှန်းတမ်းမှာ ထည့်သင့်တယ်ဆိုပြီးတော့ စာရေးထားတာလေး ရှိပါပြီ။ နောက်မယ်ခွေကဗျာနဲ့ ပတ်သက်ပြီးတော့လည်း သူတော်တော်လေး ခံစားသွားရပုံ ရပါတယ်။ အဲဒီတုန်းကလဲ သူတို့ခေတ်မှာ ရွေးထားတဲ့ သင်ရိုးညွှန်းတမ်းမှာ ပါလို့လဲ ဖြစ်ကောင်းဖြစ်မှာပါ။ ဆရာကြီးက စာလေးတစောင်ရေးပြီး ပို့ပါတယ်။ သူ့ရဲ့စာလေးမှာ ပထမဦးဆုံး ခေါင်းစင်တပ်ထားတာတော့ ‘မယ်ခွေရေ အမျှ အမျှ’ လို့ ရေးထားပါတယ်။ သူ့ရဲ့ကဗျာလေးကို သူရေးထားတဲ့ စာလေးကို အကျဉ်းချုံးပြောရရင် မြန်မာစာသင်ရိုးညွှန်းတမ်းတခု ပြဌာန်းမယ်ဆိုရင် အချက် (၃) ချက် လိုပါတယ်။

နံပတ်တစ်က စာပေ၏ ဂုဏ်မြောက်မှု။ နံပတ်နှစ်က မြန်မာ့ရိုးရာယဉ်ကျေးမှု ရှု့ထောင့်ကကြည့်ရင်လဲ ပြယုဂ်နမူနာ ဆောင်နိုင်တဲ့ ဓလေ့တခုဖြစ်ဖို့ လိုပါတယ်။ နံပတ် (၃) အချက်ကတော့ အရေးအဖွဲ့မှာလည်း ဘာသာစကားု တင်ပြမှုအတွက် အဆင့်အတန်း ကိုက်ညီမှုရှိမရှိ သုံးသပ်ပြီးတော့မှ ရွေးချယ်ပြဌာန်းရတဲ့သဘောတွေ ရှိပါတယ်။ သူက အခုလိုမျိုး မယ်ခွေကဗျာကို သင်ရိုးညွှန်ကနေ ဖြုတ်ပစ်တဲ့နေရာမှာ သမာရင့်၊ ဝါရင့် ဆရာကြီးတွေကို ပြဌာန်းဖို့ စီစစ်ရွေးချယ်ခဲ့တဲ့ ဆရာကြီးတွေရဲ့ မျက်နှာကို ထောက်ဖို့ကောင်းပါတယ်ဆိုပြီး ထောက်ပြပါတယ်။ စာမျက်နှာအားလုံးပေါင်း (၆) မျက်နှာ လက်ရေးလေးနဲ့ရေးပြီးတော့ ပို့ထားတာပါ။ ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးပိတ်မှာတော့ အခုန ဆရာပြောသလိုပဲ ဟိုးရှေ့ခေတ်တုန်းက ကဗျာတွေကို သင်သလိုပဲ အခုခေတ်ပေါ်ကဗျာတွေ၊ လူငယ်တွေရဲ့ ခံစားချက်တွေ၊ လူငယ်တွေရဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ကဗျာတွေကိုလည်း ပြဌာန်းသင့်တယ်လို့ အကြံပေးထားတာ ရှိပါတယ်။

ဆရာမင်းထက်မောင် ။ ။ ကောင်းလိုက်တာ။ UNISECO ကနေ ဒါရိုက်တာက ကမ္ဘာ့ကဗျာနေ့အတွက် ထုတ်ပြန်ချက်ကလေးတခု ရေးတဲ့အခါမှာ ကဗျာဆိုတာ ကဗျာတခုတည်းအနေနဲ့ စာပေတခုရဲ့ အရာမဟုတ်ဘူး။ စာပေအရ ဒီကဗျာ ဖြစ်လာတယ်ဆိုပေမယ့် ဒီကဗျာဟာ ကျနော်တို့ လူသားတွေ၊ နိုင်ငံပေါင်းစုံနဲ့လည်း ဆက်စပ်နေတယ်။ နောက်တခုက ပညာရေး - အထူးသဖြင့် ပညာရေးနဲ့လည်း ဆက်စပ်နေတယ်။ ဘာသာစကားနဲ့ နိုင်ငံတကာ ဆက်ဆံမှုဟာ ကဗျာက ဆက်စပ်မှု တော်တော်လေးရှိတယ်ဆိုတဲ့အကြောင်း သူ ရေးခဲ့ဖူးတာလည်း ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ facebook မှာ အရင်တုန်းက အင်္ဂလိပ်သံရုံးက သံအမတ်ကြီးလုပ်ခဲ့ဖူးတဲ့ Vicky Bowman က Post လေးတခု တင်ပါတယ်။ သူက ဘာပြောလဲဆိုတော့ မယ်ခွေရဲ့ ကဗျာကို ဟိုးရှေ့ခေတ်ကတည်းက အင်္ဂလိပ်လိုတောင် ပြန်ဆိုထားတာ ရှိပါတယ်။ အဲဒါကြောင့် အခုန ဆရာပြောသလိုပဲ ကဗျာဆိုတာ မြန်မာတခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ ဆက်စပ်လို့ရတယ်ဆိုတဲ့အရာ - ဥပမာ ဆရာ့ကဗျာတပုဒ်လည်း ကျမဘာသာပြန်ထားပေးထားပါတယ်။ အရမ်းကို ရင်ထဲမှာထိလို့ပါ။ တရုတ်နဲ့ မြန်မာ ကုန်သွယ်မှုမှာ တရုတ်က လက်ဝါးကြီးအုပ်တော့မယ်ဆိုတာကို မခံစားနိုင်လို့။ ဆရာရေးတာ ကျမရဲ့ ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်နဲ့ ထင်ဟပ်တာကြောင့် ချက်ချင်း ကျမ အင်္ဂလိပ်လို ကောက်ပြန်ပြစ်လိုက်တယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကျမရင်ထဲမှာ ကျေနပ်သွားတယ်။ အဲဒီလိုပဲ ကဗျာဆိုတာ လူတိုင်းလူတိုင်းအတွက် ဒေါ်အောင်ဆန်းစုကြည် ပြောတာလေး နည်းနည်းလေး ပြန်ပြောပြလိုက်အုံးမယ်။ သူက ဘာပြောလဲဆိုတော့ အခုလောလောဆယ်တော့ ထောင်ထဲမှာရောက်နေတဲ့ အကျဉ်းကျနေတဲ့ ဆရာကြီးမင်းထင်ကိုကိုကြီး ကို ပေးခဲ့တဲ့ ကဗျာလေးပါ။ အားလုံးလည်း သိရအောင် ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ကဗျာ - “ကဗျာဆိုတာ လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ … လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ … လူ့စိတ်ဓါတ်ရဲ့ မြည်ဟီးသံ … လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ … ကဗျာဆိုတာ ကျမတို့ရဲ့ ရုန်းကန်သံပါပဲ” သိပ်ကိုထိပါတယ်။ သူကိုယ်တိုင်က အင်မတန်ကိုမှ ကဗျာကို စိတ်ဝင်စားတယ်။ အဲဒါကြောင့် ကဗျာဆိုတာ အခုန ဆရာပြောသလိုပဲ ကမ္ဘာနဲ့အဝှမ်း အကုန်လုံးဟာ ဆက်စပ်ထိတွေ့လို့ရတဲ့ အနုပညာတခုပါ။

ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဆုံးမှာမဟုတ်ဘူး။ လူငယ်တွေကြားမှာ မြန်မာစာပေနဲ့ ပတ်သက်ပြီးတော့ လေ့လာမှု အားနည်းနေတာတွေ အများကြီးဖြစ်နေပါတယ်။ ဥပမာ စာလုံးပေါင်း၊ သတ်ပုံတွေ မှားတာ။ အထားအသိုတွေမှားတာ။ သတင်းစာတွေကိုက မှားနေတာတွေ အများကြီးရှိတယ်။ ဥပမာ “မြို့တော်ဝန်ကြောင့် မီးလောင်သွားတဲ့ ဈေးကြီး ပြန်လည်ပြုပြင်” ဆိုတာမျိုး - အဲဒါတွေနဲ့ ပတ်သက်လို့ ဆရာ ဘယ်လိုသုံးသပ်လို့ ရပါသလဲ။

ဆရာမင်းထက်မောင် ။ ။ ဒီသတင်းစာတွေ - အစိုးရသတင်းစာနဲ့ ပုဂ္ဂလိကသတင်းစာတွေနဲ့ ဂျာနယ်တွေမှာ အမှားတွေ အတော်များပါတယ်။ ဟိုတုန်းကလည်း ကျနော်တို့လည်း အယ်ဒီတာ လုပ်ခဲ့တယ်။ ဂျာနယ်တွေလည်း ထုတ်ခဲ့တယ်။ ကျနော်တို့လည်း အမှားကင်းစင်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အထူးသဖြင့် သတ်ပုံအမှား၊ ဝါကျအထားအသို မထားတတ်တာ။ လူငယ်လေးတွေကလည်း ကြည့်လိုက်ရင် ဟုတ်တယ် - အခုနပြောတဲ့ သတင်းခေါင်းတွေမှာဆိုရင် အခုနလိုမျိုး ဖြစ်တာတွေကလည်း ခဏခဏ တွေ့ရတယ်။ အစိုးရသတင်းစာတွေမှာလည်း တွေ့ရပါတယ်။ သတင်းစာတွေပဲလားဆို မဟုတ်ပါဘူး။ ကျနော်တို့ Broadcasting တွေမှာလည် အသံလွှင့်ဌာနတွေမှာလည်း ကျနော်တို့ တွေ့နေရပါတယ်။ စာလုံးပေါင်းနဲ့ အသံထွက်တွေ မှားတယ်။ ဆိုတော့ အပြစ်ကြီးလည်း ပြောလို့တော့ မရပါဘူး။ လူငယ်တွေကို မမှားအောင်လို့ ရှေ့ကလူကြီးတွေ လက်ဆင့်ကမ်းလာတဲ့ လူတွေရဲ့ လိုအပ်ချက်ကလည်း ဘယ်လောက်ရှိနေလဲ။ ဒီဟာလေးတွေကတော့ ကျနော်တို့ လူငယ်ဘက်နဲ့ လူကြီးဘက်တို့ကို ပြုပြင်ယူရမယ်လို့ ထင်ပါတယ်။ မမှားရင်တော့ အကောင်းဆုံးပေါ့။ နောက်တခုက ကျနော်တို့တုန်းက တခုခုမှားမှာကို သိပ်ကြောက်တယ်။ တခုခု လူကြီးတယောက်ယောက်ကမှားရင် တော်တော်လေး အဆူအဆဲခံရတယ်။ အခုလူငယ်တွေကြတော့ သူလည်းမှား၊ ကိုယ်လည်းမှား - မှားလည်းဘာဖြစ်လဲဆိုတဲ့ စိတ်နဲ့များ ဆက်မှားနေကြသလားပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာအနေနဲ့ ဘာတွေများ စိတ်ကူးထဲမှာ ဒီကဗျာနဲ့ ပတ်သက်လို့၊ စာပေနဲ့ ပတ်သက်လို့ လူငယ်တွေကြားမှာ ဒီထက်မက ပိုပြီးတော့ တိုးတက်ကောင်းမွန်အောင် ဘာတွေဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ယူဆပါလဲ။ ပညာရေးဝန်ကြီးဌာနတင် မကဘူး …

ဆရာမင်းထက်မောင် ။ ။ ကျနော့်စိတ်ကူးအရ ပြောရရင်တော့ ဖြစ်ချင်တာက ဟိုတနေက မဟာဗန္ဓုလပန်းခြံထဲမှာ ကဗျာဆရာသမဂ္ဂကနေ ဦးစီးပြီးတော့ ကဗျာဆရာတွေ ကဗျာရွတ်ဖတ်ကြတဲ့ ပွဲလေးတခု လုပ်ပါတယ်။ ဆရာဒဂုန်တာရာ နှစ်ရာပြည့်ပေါ့။ အထိမ်းအမှတ်အနေနဲ့ တွဲပြီးတော့လုပ်တယ်။ Public space ထဲမှာ ကဗျာဆရာတွေ ကဗျာရွတ်တာမျိုး။ လူတွေလည်း စိတ်ဝင်တစားနဲ့ နားထောင်ကြတာကို တွေ့ရပါတယ်။ အဲဒီလိုမျိုးပဲ အမေရိကနဲ့ တခြားနိုင်ငံတွေမှာ ကျနော် Iowa ပြည်နယ်ရောက်တုန်းကလည်း တော်တော်လေး တက္ကသိုလ် အဝန်းအဝိုင်းတွေမှာ၊ စာအုပ်ဆိုင်တွေမှာ၊ စာကြည့်တိုက်တွေမှာ ကဗျာဖတ်ပွဲတွေ၊ ဝတ္ထုတိုဖတ်ပွဲတွေ ပရိသတ်တွေနဲ့ တော်တော်လေး ထိထိတွေ့တွေ့ လုပ်တာမျိုး။ အဲဒီလိုမျိုးတွေကို ဒီမှာလည်း လူတွေနဲ့ ပိုထိတွေ့ပြီးတော့ ထိတွေ့ယဉ်ပါးလာအောင် လုပ်စေချင်တယ်။

နောက်တခုက ကျောင်း။ စာသင်ကျောင်းတွေမှာ ကျနော်ကြည့်လိုက်တော့ အနီးအနားက ကျောင်းတွေ ထိုင်း ဘန်ကောင်၊ ချင်းမိုင်လောက်ကစပြီး ဟိုဘက် အမေရိကလောက်အထိ ကျနော်တို့က လက်ရှိလုပ်နေတဲ့ အထူးသဖြင့် ဒီဘက် Creative writing ပိုင်းမှာဆို စာရေးဆရာ၊ ကဗျာဆရာတွေက အဲဒီတက္ကသိုလ်တွေမှာ သွားပြီးတော့ ကျနော်တို့က သင်ကြားရတယ်။ ပို့ချရတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကို Visiting အနေနဲ့ သွားပြီးတော့။ နောက်ပြီးတော့ ဟောင်ကောင်တို့မှာ ရှိနေတဲ့ ကျနော့်မိတ်ဆွေသူငယ်ချင်းတွေ၊ ဖိလစ်ပိုင်မှာရှိနေတဲ့ စာရေးဆရာတွေက သူတို့ဆီမှာလဲ သူတို့ရဲ့ တက္ကသိုလ်တွေမှာ အမြဲတမ်း လက်တလော ဖြစ်ပျက်နေတဲ့ဟာတွေကို ကျောင်းသားတွေနဲ့ ထိတွေ့ပြီးတော့ သင်ကြားပို့ချပေးနေတာကို တွေ့ရပါတယ်။ ဒီမှာလဲ အနည်းအကျဉ်းတော့ တွေ့ရကြားရသလောက်တော့ မရှိဘူးတော့ မဟုတ်ပါဘူး၊ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး deeply မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာနတို့ သမိုင်းဆိုလဲ သမိုင်းပညာရှင်တွေ ရှိရမယ်။ အဲဒါဆိုရင် ကျနော်ထင်တယ် - ပညာရေးကလည်း ပိုကောင်းလာမယ်။ ပိုလည်း ထိတွေ့လာမယ်။ ပိုပြီးတော့ fresh ဖြစ်မယ်။

လူငယ်တွေပါဝင်မှုကလည်း ဒီတက္ကသိုလ် အဝန်းအဝိုင်းတွေထဲမှာလဲ ဟောပြောပွဲတွေ၊ ကဗျာရွတ်ပွဲတွေ - ဟောပြောပွဲတွေ လုပ်တာတော့ တွေ့ဖူးပါတယ်။ အဲဒီလို တက္ကသိုလ် အဝန်းအဝိုင်းထဲမှာလည်း ကဗျာရွတ်ပွဲတွေ လုပ်ဖို့ - လုပ်လည်းလုပ်ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ သစ်ပုပ်ပင်ရှေ့မှာ ဘာပွဲညာပွဲ ကဗျာရွတ်ကြတာ။ ဒီထက်ကိုပိုပြီး deeply လုပ်မယ်။ စာပေဝါသနာပါတဲ့ ကျောင်းသားတွေလည်း လုပ်မယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ကောင်းမယ်။ အဲဒီအတွက်လဲ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေကလည်း ပူးပေါင်းပါဝင်ပေးနိုင်ရင်တော့ အများကြီးကောင်းလာမယ်လို့ ထင်ပါတယ် ဆရာမ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။