ကချင် KIA ရဲ့ စစ်ဆင်ရေး သုံးသပ်ချက်

စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဆင်ရေး၊ ဆွမ်ပရာဘွမ်မြို့အနီး (ဓါတ်ပုံ -- MOMNO News Media USA - Thomas Mung Guite)

KIA ကချင်လွတ်လပ်ရေးတပ်ရဲ့ မတ်လဆန်းပိုင်းက စတင်လိုက်တဲ့ စစ်ဆင်ရေးဟာ မဟာဗျူဟာမြောက် အရေးပါတယ်လို့ တိုင်းရင်းသား ပဋိပက္ခရေးရာအကဲခတ် စိုင်းထွန်းအောင်လွင်က ဗွီအိုအေကို ပြောပါတယ်။ ဒီတကြိမ် စစ်ကောင်စီကို တိုက်တဲ့ KIA ရဲ့ ရည်ရွယ်ချက်၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ KIA ကြားဘယ်လို ဆက်စပ်မှုတွေ ရှိနေသလဲ စတာတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား ပဋိပက္ခရေးရာ လေ့လာသုံးသပ်နေသူ စိုင်းထွန်းအောင်လွင်ကို Zoom ကနေ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေ စစ်မက်တွေ ဖြစ်နေတဲ့ နေရာမှာ အထူးသဖြင့် ၁၀၂၇ ရှမ်းမြောက်မှာစခဲ့တဲ့၊ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းကာလတွေမှာ ကချင်ဘက်မှာလည်း အခုဆိုရင် အရှိန်အဟုန်နဲ့ ပိုပြီးတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေက ပြင်းထန်လာတာ တွေ့ ရပါတယ်။ ဆိုတော့ ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ အဓိက Motivation သူတို့ စတင်ခဲ့တဲ့ အဓိကအကြောင်းအရင်း ကို ဘယ်လို သုံးသပ်လဲရှင့်။

ဖြေ ။ ။ KIA နဲ့ စစ်ကောင်စီနဲ့ကတော့ အာဏာသိမ်းပြီးထဲက စတိုက်နေတာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ ၂ နှစ်ကျော်လောက် တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုပေမယ့် အခု မတ်လ ၇ ရက်နေ့ကနေစတင်တဲ့ စစ်ရေး Operation ကတော့ ထူးခြားတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ အဓိကအားဖြင့်တော့ ကချင်ပြည်နယ်တွင်းက အဓိကကျတဲ့ မြို့ကြီးတွေ၊ စီးပွားရေးရရော၊ လုံခြုံရေးအရ။ နောက်တခုက KIA ဌာနချုပ် လုံခြူံရေးအရရော အရေးပါတဲ့လမ်းတွေ၊ ဘာတွေကို သူ့အနေနဲ့ အများကြီး စိုးမိုးနိုင်အောင် လုပ်ဆောင်တဲ့ Operation တခုအဖြစ်လည်း တွေ့မြင်ရပါတယ်။ နောက်တချက်ကြည့်ရင်လည်း ဒီ ၁၀၂၇ လို့ခေါ်တဲ့ ၂၀၂၃ နှောင်းပိုင်းမှာဖြစ်တဲ့ Operation နောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးပေါင်းပြီးတော့မှ လူအင်အားအလုံးအရင်းနဲ့ ပြန်ပြီးမှ အဓိကကျတဲ့ လမ်းတွေ၊ စခန်းတွေကို ပြန်သိမ်းပိုက်ပြီးမှ ပြန်ပြီးဖိအားပေး စိုးမိုးနိုင်ဖို့လုပ်တဲ့ စစ်ဆင်ရေးတခုအဖြစ်လည်း မြင်တွေ့လာရပါတယ်။ ဒါကတော့ သူ့ရဲ့ မတ်လ ၇ ရက်က ပြန်စလိုက်တဲ့ KIA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ စစ်ဆင်ရေးလေးကို အကျဥ်းချုံးပြောပြတာ ဖြစ်ပါတယ်။

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နောက်ဆက်တွဲ စစ်ဆင်ရေး -- ဥပမာ ကရင်နီပြည်နယ်မှာဆိုရင်လည်း သူတို့ ကရင်နီပြည်နယ်က စစ်ဆင်ရေးကိုစတယ်။ နောက်အခုဆိုရင်လည်း ကချင်က အခု မတ်လ ၇ ရက်နေ့မှာ သူတို့ရဲ့စစ်ဆင်ရေးအရှိန်အဟုန်နဲ့ စတင်နေပြီဆိုပြီး ဖြစ်ပေါ်လာပါတယ်။ အရင်ထဲကတိုက်တာတွေလည်း ရှိတယ်။ ဒါပေမယ့် မတ်လ ၇ ရက်နေ့က တကယ့် စစ်ဆင်ရေးတရှိန်ထိုး ထိုးစစ်လို့ ပြောရမယ့် အနေအထားမျိုးနဲ့ စတင်လာတာတွေလည်းတွေ့ရတော့ ရှမ်းမြောက်နဲ့ ကချင်ဘက်မှာ လက်နက်ကိုင် ဘယ်နှစ်ဖွဲ့လောက် ရှိနေလဲ။ သူတို့တွေကကော ဘယ်လို ပူးပေါင်းဆောင်ရွက်နေတာလဲရှင့်။

ဖြေ ။ ။ ရှမ်းမြောက်နဲ့ ကချင်ဘက်မှာကတော့ အာဏာမသိမ်းခင်ကတော့ စုစုပေါင်း ၇ ဖွဲ့ ဖြစ်တယ်။ ၇ ဖွဲ့ကတော့ FPNCC လို့ခေါ်တဲ့ UWSA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ ပါနေတဲ့ အဖွဲ့တွေဖြစ်တယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဖွဲ့တွေကြားထဲမှာ Position က တဖွဲ့နဲ့ တဖွဲ့ မတူဘူး။ အဲ့ဒီ့ ၇ ဖွဲ့ထဲမှာ ၃ ဖွဲ့ဖြစ်တဲ့ UWSA ၀တပ်ဖွဲ့၊ မိုင်းလား NNAA တပ်ဖွဲ့နဲ့၊ SSPP SSA အဖွဲ့တို့ကတော့ ကြားနေမူဝါဒ ကျင့်သုံးတယ်။ NUG နဲ့လည်း ဆွေးနွေးတာမျိုး တခါတလေ တွေ့ရသလို၊ စစ်ကောင်စီနဲ့လည်း ဆွေးနေတာတွေ တွေ့ရတယ်။ ဒါပေမယ့်လည်း ဘယ်ဘက်နဲ့မှ မပူးပေါင်းတဲ့မူနဲ့ သွားတယ်။ ကျန်တဲ့အဖွဲ့တွေကြားထဲမှာတော့ တချို့အဖွဲ့တွေကတော့ NUG နဲ့ တိုက်ရိုက် အများကြီး ထိတွေ့ဆက်ဆံတာမျိုး တိုက်ရိုက်ကြီး ပူးပေါင်းတာမျိုးမရှိဘူး။ သို့သော် တဘက်က စစ်ကောင်စီနဲ့လည်း NCA တို့လမ်းကြောင်းပေါ်မှာ ရှိနေပေမယ့်လည်း လိုရင်လိုသလို တိုက်ပွဲဆင်တဲ့အဖွဲ့မျိုးတွေ အထူးသဖြင့်ကတော့ ကိုးကန့် ၁၀၂၇ မှာပါခဲ့တဲ့ TNNA တို့ AA တို့လိုအဖွဲ့ဖြစ်တယ်။ နောက်တစုကတော့‌ အာဏာသိမ်းထဲကအာဏာရှင်ဆန့်ကျင်ရေး ကြွေး‌ကြော်သံနဲ့ တိုက်ခိုက်နေတဲ့ KIA ပေါ့လေ။ ဒါကတော့ နဂို ၇ ဖွဲ့ထဲမှာ အဓိကအစုအဖွဲ့တွေဖြစ် တွေ့ရတယ်။ နောက်ရှိနေတာကတော့ ABSDS ကျောင်းသားတပ်မတော် မြောက်ပိုင်းတို့လို အဖွဲ့တွေကလည်း နဂို မြောက်ပိုင်းကျောင်းသားတပ်ဖွဲ့ရဲ့ စခန်းကနေ မြန်မာပြည်မြောက်ပိုင်းမှာ ရှိနေတာဖြစ်တယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ PDF လို့ခေါ်တဲ့အဖွဲ့တွေနဲ့ နောက် Local Defend Force တွေကလည်း အများကြီးပေါ်ပေါက်လာပြီးမှ ဒီအဖွဲ့တွေ လုပ်တဲ့ Operation တွေမှာ ပါဝင်နေတာ တွေ့ရတယ်။ အထူးသဖြင့်ကတော့ ၁၀၂၇ မှာ NUG နဲ့ ပတ်သက်တဲ့အဖွဲ့တချို့ ပါတယ်။ အဓိကအားဖြင့် NUG လက်အောက်ခံ မဟုတ်တဲ့ ဥပမာ BPLA တို့လို တပ်ဖွဲ့တွေ PLA တို့လို တပ်ဖွဲ့တွေက ရာနဲ့ချီအင်တိုက်အားတိုက်ကြီးကို ပါပြီးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတွေနည်းတူ သူတို့လည်း စစ်ဆင်ရေးတွေမှာ အတွေ့ကြုံကောင်းတွေရတာမျိုးတွေလည်း တွေ့ရတယ်။

မေး ။ ။ အခု KIA အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင် သူက စစ်အာဏာသိမ်းလိုက်ပြီးကတည်းက ဒီဖေဖော်ဝါရီ (၂၀၂၁) မှာ စစ်အာဏာသိမ်းလိုက်ပြီးကတည်းက သူတို့စစ်အာဏာသိမ်းတာကို လက်မခံဘူးဆိုပြီးတော့ အထူးသဖြင့်စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အဖွဲ့ PDF တွေကိုလည်းသူတို့ သင်တန်းပေးတာ ပူးပေါင်းလေ့ကျင့်ပေးတာတွေ ပံ့ပိုးတာတွေ၊ NUG ကိုပံ့ပိုးတာမျိုးတွေ တရားဝင်ထောက်ခံတာတွေလည်း တွေ့ရတဲ့အခါကျတော့ KIA ရဲ့ အခန်းကဏ္ဍက အခုစစ်ကောင်စီကိုပြန်ပြီးတော့ တိုက်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ PDFတို့ NUG တို့နဲ့ KIA ရဲ့ ပူးပေါင်းပါဝင်မှု KIA ရဲ့ အခန်းကဏ္ဍကရော ဘယ်လိုအရေးကြီးလဲ၊ ဘယ်လိုမျိုးပုံစံ တွေ့ရပါသလဲရှင့်။

ဖြေ ။ ။ ၂၀၂၁ နောက်ပိုင်း လမ်းပေါ် ဆန္ဒပြပွဲတွေကို ဖြိုခွင်းပြီး ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေ PDF လှုပ်ရှားမှုတွေ KIA ရဲ့ တော့ အခန်းကဏ္ဍက တော်တော်လေးကို အရေးပါတယ်။ NUG နဲ့ချိတ်ဆက်ထားတာမျိုးတွေ ရှိတယ်။ သူက တိုက်ရိုက်ကြီး လုပ်တာထက် ကေပစ် လို့ခေါ်တဲ့ ကချင်ကော်မတီတခုကနေ သူတို့နိုင်ငံရေး အရပူးပေါင်းဆောင်ရွက်တာတွေ လုပ်တယ်။ ကချင်လူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေပါတယ်။ ဝန်ကြီးတွေဘာတွေ NUG မှာလည်း ဝင်ပါကြတာတွေ ရှိတယ်။ အစောပိုင်းမှာ သူပါတဲ့အတွက်လည်း သူ့အနေနဲ့ စစ်ရေးအရတို့ ဘာတို့အရတို့ ဖိအားပေး တော်တော်လေးခံရတဲ့ အခြေအနေမျိူးတွေလည်း ရှိတယ်။ ဥပမာ အခုတိုက်ပွဲဖြစ်နေတဲ့ ဗန်မော်- မြစ်ကြီးနား လမ်းပေါ်ဆိုရင် ၂၀၂၃ လောက်မှာ စစ်တပ်ကပြန်ပြီး အင်အားတွေတိုးပြီးမှ တန်ပြန်စိုမိုးမှု ရနိုင်ဖို့ ကြိုးစားမှု လက္ခဏာတွေလည်း တွေ့ရတယ်။ ဒါပေမယ့်လည်း စစ်အင်အားချိန်ခွင်ညှာက ၂၀၁၀၊ ၂၀၁၁၊ တို့ ၁၉၉၀ ကျော်တို့မှာ ဖြစ်ခဲ့တဲ့ မာနယ်ပလောဒေသတို့မှာ ဖြစ်ခဲ့သလို နေရာဒေသတခုထဲ ဖြစ်နေတာ မဟုတ်ဘဲနဲ့၊ မြန်မာပြည်အနှံ့အပြား အခြားပြည်နယ်တွေမှာ ဖြစ်နေတာတွေလည်း ရှိလာတဲ့အခါမှာ၊ စစ်ကောင်စီက တနေရာထဲကို အရင်တုန်းကလို ဖိအားပေးပြီး ဖောက်ဖို့ခက်လာတဲ့ လက္ခဏာမျိုးတွေ ဖြစ်တယ်။

ဥပမာ ၂၀၂၃ နှစ်လည်ပိုင်းနောက်ပိုင်းမှာ ဆိုရင် KIA ဌာနချုပ်ရှိတဲ့ လိုင်ဆာဘက်တို့ ဘာတို့ကို ပိုပြီးမှ အားဖြည့်နိုင်အောင် ကြိုးစားခဲ့တဲ့ဟာတွေ ရှိတယ်။ ဒီကြားထဲမှာလည်း တိုက်ကြခိုက်ကြတယ် ဆိုပေမယ့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့ ဘာတို့မှာလည်း ဖြစ်တယ်ဆိုပေမယ့် မျှခြေတခုယူထားနိုင်တဲ့ အခြေအနေဖြစ်တယ်။ KIA အနေနဲ့ တဖက်မှာလည်း အရင်တုန်းက လုံခြုံရေးစည်းတွေဘာတွေ (၂၀၁၀) တုန်းကသူ ဆုံးရှုံးသွားတဲ့ အရာတွေကိုပြန်ရတာရှိတယ်။ လုံခြုံရေးစည်းတွေကို ရှေ့တိုးနိုင်လာတာတွေ စိုးမိုးမှုမြင့်လာတာတွေ ရှိမယ့် ပြတ်ပြတ်သားသားထိန်းလာနိုင်တဲ့ဟာမျိုးက အခု ၂၀၂၄ မတ် ၇ ရက်နေ့ကနေစတဲ့ Operation မှာ ပိုမြင်လာရတာ ဖြစ်တယ်။ ပိုပြီးသိသိသာသာ မြင်လာရတယ်လို့ ပြောရမယ်။ သူ့ရဲ့အခန်းကဏ္ဍကတော့ နွေဦးလှုပ်ရှားမှုတွေမှာ တော်တော်လေးအရေးကြီးတယ်လို့ မြင်တယ်။ နောက်တခုကတော့ ဥပမာ မပြေးသော် ကံရာရှိ ကျနော်တို့ ခေတ်သစ် Guerilla Warfare တွေက အဆင့်မြင့်လာတော့ State နဲ့ တိုက်ရပြီဆိုရင် တိုက်ရတဲ့ လက်နက်ကိုင် သူပုန် တပ်ဖွဲ့တွေမှာလည်း ဥပမာ Recourses တွေအများကြီး ရှိတာတို့။ ဥပမာ IS ပဲဖြစ်ဖြစ် Hamas ပဲဖြစ်ဖြစ် ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ စွမ်းရည်တို့ဘာတို့ ဒါမျိူးတွေရှိတဲ့ အဖွဲ့တွေကသာ State institution တွေကို သေချာလေး ဒုက္ခပေးနိုင်တာ။ အဲ့တော့ KIA က ကြည့်ရင်သူက IS တို့ဘာတို့ဆိုရင်လည်း အစောပိုင်းက ရေနံတွင်းတို့ ဘာတို့ အရင်ဆုံးသိမ်းပြီးမှ သေချာပြန် တုန့်ပြန်တာမျိုး KIAကတော့ သူကနယ်စပ်ထွက်ပေါက်လမ်းတို့၊ ကျောက်စိမ်းတို့ ဘာတို့ သူ့မှာ နဂိုကတည်းက ရှိတာ။ သစ်တို့ ဘာတို့ ထုတ်တာ ရွှေတွေ ရှိတယ်။ သူ့ဘာသာ ထိန်းချုပ်နယ်မြေတွေ ရှိတယ်။ လက်နက်တွေဘာတွေ ထုတ်နိုင်တဲ့ စွမ်းရည်တွေ ရှိတယ်။ ဒါနွေဦးလှုပ်ရှားမှုတွေ နောက်ပိုင်းမှာ ပေါ်လာတဲ့ လှုပ်ရှားမှုတွေကြောင့် သူက တော်တော်လေး မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ဇာတ်ကောင်တကောင်လို့ ပြောလို့ရတယ်။

မေး ။ ။ အဲဒီတော့ အခု KIA က မတ်လ ၇ ရက်နေ့မှာ အရှိန်ဟုန်နဲ့ စတင်တဲ့ စစ်ဆင်ရေး၊ ထိုးစစ်သဘောမျိုး တိုက်ပွဲတွေက အရင်ကတည်းက KIA က တောက်လျှောက် ကချင်ပြည်လွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်၊ အဲဒီအပိုင်းမှာကော အခုလက်ရှိ စစ်ဆင်ရေးတွေက ဘယ်လိုအထောက်အကူ ပြုနေပါသလဲရှင့်။

ဖြေ ။ ။ ဒီစစ်ဆင်ရေးတွေက အထောက်အကူပြုတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တကျော့ပြန်စစ်ပွဲတွေ စတင်ပြီးနောက်ပိုင်းမှာ ကချင်က ပထမ ၅ နှစ်မှာ ၂၀၁၁ နဲ့ ၂၀၁၅ ကြားထဲမှာ စစ်ရေးအရ ရှုံးသွားတဲ့နယ်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက နိုင်ငံရေးအရ တအားကြီး မရှုံးသေးဘူး။ ဒါပေမဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားထဲမှာ သူက နိုင်ငံရေးအရကော စစ်ရေးအရကော အများကြီးကျပြီး ရှုံးသွားတဲ့နေရာတွေ ဖြစ်တယ်။ အဲဒါတွေကို ၂၀၂၁ လှုပ်ရှားမှုနဲ့အတူ အများကြီး နိုင်ငံရေးအရ အဖတ်ဆယ်တာကော၊ စစ်ရေးအရ အသာယူလာနိုင်တာကော နယ်မြေစိုးမိုးရေးအရကော လုပ်လာနိုင်တာတွေက တနှစ်ထက်တနှစ် ပိုတိုးလာတာကို တွေ့ရတယ်။ လူထုထောက်ခံမှုပါ။ သဘောတခုက အရင်တုန်းက ကချင်မှာရှိတဲ့ လှုပ်ရှားမှုဆိုရင် ကချင်လူမျိုးအများစုကပဲ ထောက်ခံတာပဲ ဖြစ်တတ်တယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းမှာ အခင်းအကျင်းက ပြောင်းသွားတယ်။ နိုင်ငံရေးအရ သူ့ရဲ့ Reputation တွေ ဘာတွေလည်း တော်တော်လေး တက်လာတဲ့ဟာမျိုးကို သတိထားမိတယ်။ ဒါပေမဲ့ အစောပိုင်းမှာတော့ ယေဘူယျပြောရမယ်ဆိုရင် ၂၀၂၁-၂၂ မှာတော့ ထိန်းလာနိုင်တာရှိတယ်။ လမ်းတွေဖြတ်ဖို့တော့ ကြိုးစားတယ်။ ဒါပေမဲ့ လုံးလုံးကြီး အခု မတ်လ ၇ ရက်နေ့နောက်ပိုင်းလို များများစားစား ထိုးစစ်ဆင်နိုင်တဲ့ဟာမျိုး၊ များများစားစား ထိန်းချုပ်နိုင်တဲ့ဟာမျိုးတွေ မဖြစ်ခဲ့ဘူး။ အခုကတော့ သိသိသာသာလေး ပြန်ဖြစ်လာတဲ့ လက္ခဏာမျိုးကို တွေ့ရတယ်။

မေး ။ ။ အဲဒီတော့ အခုလက်ရှိ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ။ သူတို့ရဲ့ ရည်မှန်းချက်၊ သူတို့ရဲ့ နည်းဗျူဟာနဲ့ ပတ်သက်ပြီးတော့ မေးချင်တာက သူတို့ဒေသ လွတ်မြောက်ရေးအတွက်ပဲလား။ သူတို့ထုတ်ပြန်ချက်တွေထဲမှာလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး။ စစ်အာဏာသိမ်းတာကို လက်မခံတာမျိုးတွေ ပြောထားသလို။ အခု KIA ကလည်း လုပ်နေတဲ့အပိုင်းမှာ စစ်အာဏာရှင် ချုပ်ငြိမ်းရေးဆိုတဲ့အထိ သွားဖို့ရှိပါသလား။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဓိက ရည်မှန်းချက်နဲ့ နည်းဗျူဟာကို ဘယ်လိုသုံးသပ်ပါသလဲရှင်။

ဖြေ ။ ။ တဖွဲ့နဲ့တဖွဲ့ ယေဘူယျအားဖြင့်တော့ ရယူချင်တာတော့ မတူဘူး။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ဟာတော့ များသောအားဖြင့် တူညီကြတယ်။ ဒါပေမဲ့ AA တို့ ဘာတို့ပေါ်လာတဲ့ အချိန်မှာတော့ ကွန်ဖရက်ဒေရှင်းတို့ ဘာတို့ ခေတ်စားလာတယ်။ ဒါပေမဲ့ KIA ကလည်း သူ့သမိုင်းကြောင်းအရ ပြန်ကြည့်ရင် ၁၉၆၀ ကျော်တဝိုက်မှာ စပေါ်လာတာကတော့ လွတ်လပ်ရေးယူဖို့ ဖြစ်တယ်။ ဒါပေမဲ့ ၆၂ နောက်ပိုင်းမှာ ကချင်ကောင်စီ၊ ရှမ်းကောင်စီတို့ကို ဦးနေဝင်းက အာဏာသိမ်းပြီးတော့ ဖျက်သိမ်းလိုက်တဲ့အခါမှာ သူ့ရဲ့တပ်တွေက ပိုအားကောင်းလာတယ်။ လှုပ်ရှားမှု ပိုအားကောင်းတယ်။ ဒါပေမဲ့လည်း နိမ့်မြင့်တက်ကြ ကြုံရတဲ့ အခြေအနေတခုမှာတော့ သူတို့ကလည်း စစ်အစိုးရလက်ထက်မှာ အပစ်ရပ်စဲရေး လုပ်ခဲ့တာရှိတယ်။ အထူးသဖြင့်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုပြီးနောက်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်းမှာ သူ့တဖွဲ့တည်း ထီထီကြီး ကျန်ပြီးမှ ၅ နှစ်လောက် ခံတိုက်ရတယ်။ အဲဒီအချိန်မှာ ဒီလောက်လည်း သူ့မှာ စီးပွားရေးအရ၊ စစ်လက်နက်ပစ္စည်းအရ မဖြစ်ဘူး။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ပံ့ပိုးမှုတို့ကလည်း အားမကောင်းတဲ့အချိန်မှာ ကြုံရတယ်။ ဒါပေမဲ့ ထူးခြားတာတချက်က ဘာလဲဆိုတော့ ကျန်တဲ့အဖွဲ့တွေစာရင် မြန်မာမြောက်ပိုင်းမှာ သူက နိုင်ငံရေးကို ပိုပြီးမှ သက်သက်ဝင်ဝင် ယုံယုံကြည်ကြည်နဲ့ လှုပ်ရှားတဲ့သမိုင်းမျိုးက လွန်ခဲ့တဲ့ နှစ် ၄၀-၅၀ အတွင်းမှာ ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဥပမာအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုတာချင်းအတူတူ တခြားအဖွဲ့တွေ မြန်မြန်အပစ်ရပ်တာကို သူက အနိမ့်ဆုံး ၅ နှစ်လောက် သူခံခဲ့တယ်။ ထိုနည်းတူစွာပဲ ၂၀၁၀-၂၀ ကြားထဲမှာ NCA Process တွေ ပေါ်လာတော့လည်း သူ ဦးဆောင်လုပ်တယ်။ ဒါပေမဲ့ အပြီသတ်မရသေးတဲ့အချိန်မှာ အားလုံးပါဝင်ရေးမူကို ဆက်ဆွဲပြီးမှ လက်မှတ်မထိုးတာမျိုးတွေ။ ဆိုလိုရင်ကတော့ သူက ဒီပေါ်မှာတော့ Commit တော့ ပိုရှိတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့စာရင် ပိုရှိနိုင်တယ်လို့ ကျနော့်အနေနဲ့တော့ ပုဂ္ဂိုလ်ရေးအရ ကျန်တဲ့အဖွဲ့တွေကိုလည်း ပြောတာမဟုတ်ဘူး၊ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအရ ပို Strong ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ရတာချင်းမတူတဲ့ အခြေအနေမှာ။

ဒါပေမဲ့ အခု လတ်တလောမှာ ဖြစ်နေတဲ့ အခင်းအကျင်း၊ စစ်ရေးအရ အသာစီးယူရေး ကိစ္စမျိုးကတော့ ၁၀၂၇ နောက်ပိုင်း၊ ၁၀၂၇ ဖြစ်နေတဲ့ကာလမှာ ပေါ်လာတဲ့ လုံခြုံရေးလေဟာနယ်၊ စစ်ကောင်စီရဲ့ တပ်တွေ အားလျော့လာမှုပေါ် မူတည်ပြီး နောက်ပုံစံတမျိုးနဲ့ စဥ်းစားတဲ့ လှုပ်ရှားမှုလို့ အဲဒီလိုမျိုးတော့ ကျနော်ထင်တယ် မတ်လ ၇ ရက်နေ့ကနေစတဲ့ KIA ဦးဆောင်တဲ့ ထိုးစစ်တွေ။ စခန်းသိမ်းပွဲတွေက မြန်လည်မြန်ပါတယ်။ အဓိကကျတဲ့ လိုင်ဇာ၊ မိုင်ဂျာယန်တို့နဲ့အပြိုင်ရှိနေတဲ့ ဗန်မော်၊ မြစ်ကြီးနားလမ်းပေါ်က စခန်းတွေ စခန်းပေါင်း ၃၀ လောက်ကို သူ သိမ်းလိုက်တယ်။ မန္တလေး-ရန်ကုန် လမ်းပေါ်က စခန်းကြီးလိုနေရာမျိုးကို အဲဒီမတိုင်ခင်ကတည်းက သိမ်းထားတာ ရှိတယ်။ နအိုလို့ခေါ်တဲ့ ဧရာ၀တီနဲ့ ရွှေလီမြစ်ဆုံတဲ့ နေရာ - စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်တို့ကို အဓိကပြန်ပြီးတော့ ဝင်နိုင်တဲ့နေရာတွေကို ဖြတ်တောက်နိုင်တဲ့ နေရာတွေကို ဝင်ထိန်းတာမျိုးတွေ အင်တိုက်အားတိုက်ကို တော်တော်လေးကို လုပ်လာနိုင်တယ်။ တဘက်မှာလည်း ကျနော်ထင်တာကတော့ ဥပမာ စစ်ကောင်စီကနေ နောက်ထပ်လုပ်တဲ့ ပြည်သူစစ်၊ စစ်မှုထမ်းဥပဒေတွေ သက်ဝင်ပြီးမှ နောက်တပ်တွေ အသစ်ဖြစ်မလာသေးခင်မှာ သူ့နယ်ထဲမှာ ရှိနေတဲ့ လုံခြုံရေးစခန်းတွေ ဘာတွေကို ပိုမောင်းထုတ်ခြင်းအားဖြင့် နယ်မြေလုံခြုံရေးကို ပိုင်စိုးနိုင်ရေးကို ရယူချင်တယ်လို့ ကျနော်ထင်တယ်။ တခြားနိုင်ငံရေးကိစ္စတွေ၊ ပထဝီကိစ္စတွေလည်း ရှိနိုင်ပါတယ်။