နိုင်ငံခြားငွေလဲ လက်မှတ်များ ပြန်ရုပ်သိမ်းမည်

နိုင်ငံခြားငွေလဲ လက်မှတ်များ ပြန်ရုပ်သိမ်းမည်

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာပြည်မှာ နိုင်ငံခြားငွေ ဒေါ်လာနေရာမှာ အစားထိုးပြီး တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ Foreign Exchange Certificate (FEC) ကို မကြာခင်မှာ ရုပ်သိမ်းတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ရုပ်သိမ်းတဲ့အခါမှာ နစ်နာမှု မရှိရအောင် အစိုးရက FEC ကို ပြန်လည်ဝယ်ယူမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအပေါ်နဲ့ပတ်သက်ပြီး မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင် တချို့ကတော့ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စတခုပဲလို့ တုံ့ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသိန်းငြိမ်းက မြန်မာပြည်မှာ နိုင်ငံခြားငွေ ဒေါ်လာနဲ့ညီမျှတဲ့ FEC ကို မကြာခင်မှာ တရားဝင် ရုပ်သိမ်းတော့မယ်လို့ ဒီကနေ့ နေပြည်တော်ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။ ဒီလို ရုပ်သိမ်းတဲ့အတွက်လည်း FEC ကိုင်ဆောင်ထားသူတွေအနေနဲ့ စိုးရိမ်ဖို့မလိုကြောင်း၊ အစိုးရက ဒေါ်လာ ဒါမှမဟုတ် မြန်မာကျပ်ငွေနဲ့ ပြန်ပြီး ဝယ်ယူပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဝယ်ယူမယ့်နှုန်းကိုတော့ မြန်မာနိုင်ငံမှာ ဒေါ်လာငွေလဲနှုန်းကို အတည်သတ်မှတ်ပြီးတဲ့အချိန်မှသာ FEC ကို ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြားပို့ကုန်လုပ်ငန်းရှင် တဦးကတော့ အခုလို FEC ရုပ်သိမ်းမယ့်ကိစ္စကို ကြိုဆိုခဲ့ပါတယ်။

“ဘယ်နိုင်ငံမှာဖြစ်ဖြစ်ဗျာ။ ဒေါ်လာနဲ့ ပြည်တွင်းသုံးငွေနဲ့ကြားမှာ ဒီလို FEC လို convert လုပ်ပြီးထားတဲ့ငွေမျိုး အမှန်တော့ မရှိသင့်ပါဘူးဗျာ။ ဘယ်နိုင်ငံဖြစ်ဖြစ် သွားလိုက်ရင် ဒေါ်လာကိုင်ပြီး သူ့ငွေနဲ့ တန်ပြီးတော့ လဲသုံးယုံပါပဲ။ ဘယ်နိုင်ငံသားမဆို ဒေါ်လာတင် မဟုတ်ပါဘူး။ တခြား ထိုင်း ဘက်၊ တရုတ် ယွမ် စသဖြင့် လွတ်လွတ်လပ်လပ် ကိုင်တွယ်ခွင့်ရတာ အကောင်းဆုံးပဲလေ။ မဟုတ်ရင် တဆင့်ခံလဲနေရတာ အဆင်မပြေပါဘူး။ သုံးတဲ့သူလည်း နစ်နာတာပေါ့နော်။ တွက်ချက်မှုကအစ နည်းနည်း ရှုပ်ထွေးပါတယ်။ ကျနော်ထင်တယ် မရှိတာက ပိုပြီးကောင်းပါတယ်။ ပိုပြီးတော့လည်း လွယ်ကူပြီး ရှင်းလင်းသွားတာပေါ့။ အဲဒီသဘောပဲ ပိုကောင်းတာပေါ့။”

နိုင်ငံခြားငွေကို အစိုးရက ထိန်းချုပ်ဖို့ကြိုးပမ်းတဲ့အနေနဲ့ FEC ကို ၁၉၉၃ ခုနှစ်က စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားခရီးသွားတွေ မြန်မာနိုင်ငံကိုလာတဲ့အခါ လေဆိပ်မှာ အမေရိကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိတဲ့ FEC ကို လဲလှယ်ဖို့ သတ်မှတ်ခဲ့သလို ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေ၊ အကူအညီပေးရေး လုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း တရားဝင်ငွေ လွှဲပြောင်းမှုတွေလုပ်တဲ့နေရာမှာ FEC ကိုပဲ အသုံးပြုစေခဲ့တာပါ။ ဒါ့အပြင် သံရုံးဝန်ထမ်းတွေကိုလည်း FEC နဲ့သာ လစာငွေ ပေးစေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက FEC ကိုင်ဆောင်သူတွေဟာ လူနည်းစု ဖြစ်တဲ့အတွက်ရော နိုင်ငံခြားနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာ FEC ကို သုံးစွဲတာမရှိတဲ့အတွက် အများကြီးတော့ ထိခိုက်မှု မရှိနိုင်ဘူးလို့လည်း သူ့အမြင်ကို အခုလို ပြောပါ တယ်။

“တိတိကျကျတော့ ပြောလို့မရပေမဲ့ ခန့်မှန်းကြည့်ရတာကတော့ ဒီ FEC ကိုင်နေတဲ့သူတွေ လက်ထဲမှာ ကိုင်ထားရတဲ့သူတွေကျတော့ နည်းနည်း လန့်မယ်လို့တော့ ထင်ပါတယ်။ FEC နဲ့ လစာရတဲ့ဝန်ထမ်းတွေပေါ့။ နိုင်ငံခြားငွေနဲ့ရတဲ့ ဝန်ထမ်းတွေက FEC ပဲရတာကိုး။ အဲဒီတော့ ဒီ FEC ကို ကိုင်လို့မှမရတော့တဲ့အခါကျရင် ဒါကို နည်းနည်းတော့ စိုးရိမ်စိတ်တော့ ဖြစ်နိုင်တာပေါ့ဗျာ။ ကျနော်တို့ကျတော့ ဘယ်လိုပြောမလဲ FEC ကို ကိုင်သုံးပြီး အရောင်းအဝယ်လုပ်တာ နည်းတာကိုး။ အခုဟာက နိုင်ငံခြားနဲ့ဆို ယူအက်စ်ဒေါ်လာတို့၊ ယူရိုတို့နဲ့ သွားတာကိုး။ FEC နဲ့ ကျနော်တို့ စီးပွားရေးလောကမှာ သိပ် မပတ်သက်ဘူး။ ကျနော်တို့ကတော့ တယ်လီဖုန်းဘေလ် ဆောင်တာနဲ့ တခြားပေါ့ မီတာဘေလ် ဆောင်တာ အနည်းအကျဉ်းလောက်မှာပဲ FEC က ရှိတာလေ။ ဒီကဏ္ဍတွေက အလုပ်မှာနည်းပါတယ်။ အဲဒီတော့ ကျနော်တို့အတွက်တော့ သိပ် ပြဿနာ မရှိပါဘူး။”

မြန်မာနိုင်ငံက နိုင်ငံခြားပို့ကုန် လုပ်ငန်းရှင်တဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရက ဒေါ်လာငွေ လဲနှုန်းကို တရားဝင် ၆ ကျပ်နှုန်းနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေ့ မှောင်ခိုဈေးကွက် မှာတော့ အမေရိကန် ၁ ဒေါ်လာကို ၇၅၃ ကျပ်ဈေး၊ FEC ၁ ဒေါ်လာကို ၇၃၀ ကျပ်ဈေးရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အစိုးရကနေ မြန်မာနိုင်ငံရဲ့ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီဖြစ်အောင် လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို အကူအညီတောင်းခံထားပြီး ကြိုးပမ်းနေတာဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ဒီလို နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးဖြစ်နေတဲ့အခြေအနေကနေ နှုန်းထားတခုတည်းနဲ့ သတ်မှတ်နိုင်ခဲ့ရင်တော့ နိုင်ငံရဲ့ အရင်းအမြစ်တွေက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ အကျိုးခံစားခွင့် ပိုရရှိမှာ ဖြစ်တယ်လို့ IMF ရဲ့ ၂၀၀၈ ခုနှစ် မြန်မာ့စီးပွားရေးရာ သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြခဲ့ဖူးပါတယ်။