(Zawgyi/Unicode)
မြန်မာစစ်ဗိုလ်ချုပ်တဦးချင်းစီကို ပစ်မှတ်ထား အရေးယူထားတဲ့ ဗြိတိန်အစိုးရအနေနဲ့ နှစ်နှစ်ကြာလာတဲ့ အချိန်ထိ ဘယ်ဗိုလ်ချုပ်ရဲ့ ပိုင်ဆိုင်မှုတွေကိုမှ လက်တွေ့ထိန်းချုပ်နိုင်ခြင်းမရှိတာဟာ သူတို့ရဲ့ပိတ်ဆို့မှု ထိရောက်မှုမရှိဘူးဆိုတာကို ပြနေတယ်လို့ Burma Campaign UK အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဗြိတိန်အစိုးရ ထုတ်ပြန်တဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူခံထားရသူတွေရဲ့ စာရင်းမှာ မြန်မာစစ်ဗိုလ်ချုပ် တယောက်မှ ဖေါ်ပြထားခြင်းမရှိတဲ့အပေါ် Burma Campaign UK က ကြေညာချက်ထုန်ပြန်ခဲ့တာပါ။
မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။
၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင်တွေအပေါ် အင်အားအလွန်အကျွံသုံး နယ်မြေရှင်းလင်းရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ (၁၆) ဦးကို ၂၀၁၈ခုနှစ်မှာ ဗြိတိန်အပါအဝင်ဥရောပသမဂ္ဂကနေ ဒဏ်ခတ်အရေးယူခဲ့တာပါ။
ဒါပေမဲ့ ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်မှာရှိနေတဲ့ (OFSI) ခေါ် ငွေကြေးဆိုင်ရာပိတ်ဆို့အရေးယူမှု အကောင်အထည်ဖေါ်ရေးရုံးက ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ (၉ )ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၁၀၉ -၂၀၂၀ အစီရင်ခံစာအရ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ် တဦးတယောက်ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတယ်ဆိုတာမျိုး ဖေါ်ပြမထားဘူးလို့ Burma Campaign UK ကနေအောက်တိုဘာလ ၁၅ ရက်နေ့က ကြညာချက် ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို အခုလိုပြောပြပါတယ်။
”ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခြင်းရှိမရှိ ဗြိတိန် အစိုးရအနေနဲ့ ထုတ်ဖေါ်ပြောဆိုဖို့ ကျနော်တို့ ဖိအားပေးခဲ့တာပါ။ သူတို့ကလည်း ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တဲ့ စာရင်းမှာ မြန်မာနိုင်ငံက မပါဘူးဖြစ်နေပါတယ်။”
ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပိုင်ဆိုင်မှုထိန်းချုပ်တဲ့ ပမာဏဟာ ပေါင်စတာလင် ၃.၅သန်းအောက် မှာဆိုရင် ထည့်သွင်းဖေါ်ပြခြင်းမရှိဘူးလို့ ဆိုထားတဲ့အတွက် သူတို့အဖွဲ့ကနေ သက်ဆိုင်ရာကို တိုက်ရိုက်ဆက်သွယ်ပြီး မြန်မာနိုင်ငံ စာရင်းကို မေးမြန်းတဲ့အခါမှာလည်း ဖြေဆိုခဲ့ခြင်းမရှိဘူးလို့ Mark Farmaner က ဆိုပါတယ်။ ဒါကိုကြည့်ရင် စစ်ဗိုလ်ချုပ်တွေအပေါ် ဗြိတိန်ရဲ့ ပိတ်ဆို့မှုက ထိရောက်မှုမရှိဘူးဆိုတာ ပြနေတယ်လို့ သူက အခုလိုပြောပါတယ်။
”ဗြိတိန်အစိုးရအနေနဲ့ အချက်အလက်တွေထုတ်ပြန်ဖို့ တွန့်ဆုတ်နေတာဟာ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်တပ်ကို အရေးယူတဲ့ လုပ်ရပ်က ထိရောက်မှု မရှိဘူးဆိုတာပြနေလို့ ဖြစ်ပါတယ်။”
ဒါအပြင် မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖို့၊ သူတို့ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့ ဆိုတဲ့ ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံရဲ့ အရေးယူမှုတွေဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးဆိုတာ သူတို့အနေနဲ့ အရင်ကတည်းက ထောက်ပြဝေဖန်ခဲ့တယ်လို့ Mark Farmaner က ဆိုပါတယ်။ ဒါကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ ကျူးလွန်မှုမှာ တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ထိရောက်ပြီး ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေကြောင်း Mark Farmaner က အခုလိုပြောပါတယ်။
” ဒါကြောင့် စစ်တပ်ပိုင် ကုမ္ပဏီတွေကို အရေးယူဖို့လိုပါတယ်။ စစ်တပ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ဗြိတိန်နဲ့ ဥရောပ ကုမ္ပဏီတွေကို ရပ်တန့် တားဆီးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာစစ်တပ်နဲ့စီးပွားရေး ပူးပေါင်းလုပ်ခြင်းအားဖြင့် စစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပံ့ကူညီရာရောက်နေပါတယ်။ စီးပွားရေးအကျိုးအမြတ်ကရတဲ့ ဝင်ငွေတွေကို စစ်တပ်က လက်နက်တွေ၊ ရေငုပ်သင်္ဘောတွေ ဝယ်ယူရာမှာ အသုံးပြုနေတာပါ။ ဒါကြောင့်ပိတ်ဆို့မှုတွေကို လက်တွေ့ထိရောက်အောင် လုပ်ဆောင်ဖို့ အချိန်ရောက်နေပါပြီ။ ပြရုပ်သက်သက်လုပ်နေလို့ မရတော့ပါဘူး။”
အောက်တိုဘာလ (၉ )ရက်နေ့က ထုတ်ပြန်တဲ့ ဗြိတိန်အစိုးရ OFSI ရုံးရဲ့ စာရင်းမှာ ပိတ်ဆို့အရေးယူထားတဲ့ လေးနိုင်ငံက ငွေကြေးထိန်းချုပ်ထားတဲ့ ပမာဏကို ဖေါ်ပြထားပေမဲ့ အဲဒီထဲမှာ မြန်မာပါဝင်ခြင်းမရှိဘူးလို့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
၂၀၁၈ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် ၂၀၁၅ ခုနှစ် သြဂုတ်လ ကနေ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ နောက် ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်နဲ့ ရဲချုပ် သန့်ဇင်ဦးတို့ ပါဝင်ပါတယ်။
Your browser doesn’t support HTML5
...........
(Unicode)