မလေးရှားနဲ့ အင်ဒိုနီးရှား ရခိုင်အရေး ချဉ်းကပ်ပုံကွာ

အာဆီယံအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့အပေါ် မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး ကွာခြားရတာဟာ - မြန်မာနိုင်ငံအပေါ် ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒီနှစ်နိုင်ငံရဲ့ ချဉ်းကပ်ပုံခြင်း မတူတာကြောင့်ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူတဦးက သုံးသပ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်က ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့တာဟာ အပြုသဘောမဆောင် တဲ့ ချဉ်းကပ်မှုလို့လည်း ယခင် - အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးဘိုလှတင့်က ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်ရှင်။

ပြည်တွင်းရေးကနေ ဒေသတွင်း အာဆီယံအရေးအထိ ဖြစ်လာနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံခြင်းက ကွဲပါတယ်။ ကမ္ဘာမှာ မူဆလင်လူဦးရေ အများဆုံး ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi မြန်မာနိုင်ငံကို အင်္ဂါနေ့က လာရောက်ပြီး - ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ ပြဿနာတွေနဲ့ ရခိုင်ဒေသမှာ ဖွံ့ဖြိုးရေးအကူအညီတွေကိစ္စ ဆွေးနွေးရာမှာ - မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman ရဲ့ တွေ့ဆုံဖို့ တောင်းခံမှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေး ဆွေးနွေးမယ်ဆိုရင် မတွေ့လိုတဲ့အကြောင်း တုံ့ပြန်ခဲ့တယ်လို့ - မလေးရှားဝန်ကြီး Najib Razak ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အာဆီယံအသင်းဝင်နိုင်ငံတွေလည်းဖြစ်၊ မူဆလင်နိုင်ငံတွေလည်းဖြစ်တဲ့အပြင် ဘာသာစကားချင်းလည်း တူညီကြတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှား အပေါ် မြန်မာနိုင်ငံရဲ့ ဆက်ဆံပုံ မတူညီရတာနဲ့ ပတ်သက်ပြီး - ယခင် NCGUB ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က အခုလို ပြောဆိုခဲ့ပါတယ်။

“ဒါက ကျနော့်တဦးတည်းအမြင် ပြောရမယ်ဆိုရင်တော့ အပြုသဘောဆောင်တဲ့ ပါဝင်ပတ်သက်မှုဆိုတာဟာ အမြဲတမ်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ က ကိုင်စွဲကျင့်သုံးခဲ့တဲ့ မူဝါဒဖြစ်ပါတယ်။ အဲတော့ ဒီအဖွဲ့ဝင်နိုင်ငံတွေက တနိုင်ငံစီဟာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ တနိုင်ငံရဲ့ ကိစ္စတွေကို တနိုင်ငံက ပြောချင်တယ်ဆိုရင်တောင်မှ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပါဝင်ပတ်သက်မှုမျိုးကိုသာ ကျတဲ့နိုင်ငံက ကြိုဆိုမှာဖြစ်ပါတယ်။ အဲတော့ မြန်မာနိုင်ငံအနေနဲ့လည်း မလေးရှားနဲ့ အင်ဒိုနီးရှားကြားထဲမှာ ဘယ်သူက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုး ရှိသလဲ။ ဘယ်သူကတော့ အဖျက်သဘောဆောင်သလဲ ဒါမှမဟုတ် အပြုသဘော မဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်သလဲဆိုတဲ့အပေါ်မှာ လွတ်လွတ်လပ်လပ် ရွေးချယ် ငြင်းပယ်ပိုင်ခွင့်ရှိတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က - ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် ပါဝင်ပြီး ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေက ကွာလာလမ်ပူမြို့တော်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေ လုပ်နေတယ်လို့လည်း ဝန်ကြီးချုပ် Najib က စွပ်စွဲခဲ့တဲ့အကြောင်းတွေကိုလည်း မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ကြတာပါ။ တနိုင်ငံရဲ့ပြည်တွင်းရေးကို တနိုင်ငံက ဝင်မစွက်ရဆိုတဲ့ မူ ရှိထားတဲ့ အာဆီယံနိုင်ငံတွေ ကြား မလေးရှားဝန်ကြီးချုပ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး - သုံးသပ်ချက်တွေလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ ဦးဘိုလှတင့်ကတော့ -

“(မလေးရှားအနေနဲ့) အပြုသဘောဆောင်ခဲ့လို့ရှိရင် နိုင်ငံခေါင်းဆောင်အဆင့်မှာ အပြန်အလှန် ချဉ်းကပ်ဆွေးနွေးမှုတွေ၊ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖော်ပြတာတွေ လုပ်နိုင်လျက်သားနဲ့ ဘာလို့ ပြည်သူလူထုတွေကသာ လုပ်လေ့ရှိတဲ့ကိစ္စမျိုးကို ဝန်ကြီးချုပ်ကိုယ်တိုင်က ဦးဆောင်သလဲ။ ဒါဟာ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထားလား ဆိုတဲ့ဟာ။ အဲတော့ တချိန်တည်းမှာပဲ ဒါက မလေးရှားပြည်တွင်း နိုင်ငံရေးကို ကြည့်မယ်ဆိုရင် လည်း တချို့ ဝေဖန်နေသလိုပဲ မလေးရှားဝန်ကြီးချုပ်အနေနဲ့ သူ့ရဲ့ ကျဆင်းနေတဲ့ ပြည်သူလူထု ထောက်ခံမှုကို ပြန်ရအောင် ဒါ နိုင်ငံရေးသမားတွေ လုပ်လေ့ရှိပါတယ်။ အမျိုးသားရေးကိစ္စပေါ့နော်။ ဘာသာရေးကိစ္စနဲ့ ဆက်နွယ်လို့ဖြစ်စေ၊ အမျိုးသားကိစ္စနဲ့ ဆက်နွယ်လို့ဖြစ်စေ ပြည်သူလူထုကို အာရုံပြောင်းပြီးတော့ စွဲဆောင်တာမျိုး လုပ်တယ်လို့ပဲ အများဝေဖန်နေသလို ကျနော်လည်းပဲ စဉ်းစားမိပါတယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ - မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြီး သတိပေးခဲ့သလို၊ မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း - မလေးရှားဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ အာဆီယံ ပဋိဉာဉ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ ဒီအပေါ် မလေးရှားဝန်ကြီးချုပ် Najib Razak ကတော့ - မြန်မာနိုင်ငံအနေနဲ့ ပဋိဉာဉ်ရဲ့ အစိတ်အပိုင်းလေး တခုကိုသာ ရွေးချယ်ဖတ်ခဲ့ပြီး ကျန်တာတွေကို လျစ်လျူရှုခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင်

၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ၉ ဦးပါ အကြံပေး ကော်မရှင်တရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်တွင်း နယ်ခြားစောင့် ရဲစခန်း ၃ ခု တိုက်ခိုက်ခံရပြီး - ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း မြန်မာအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာကြောင့် ကိုဖီအာနန် ကိုယ်တိုင် အဲဒီဒေသကို သွားရောက်ပြီး အခြေအနေတွေကို ကွင်းဆင်းလေ့လာခဲ့တာပါ။ ခရီးစဉ်က အပြန် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်ဟာ သိပ်ကို ပြင်းထန်လွန်းပြီး - ဒီလို စွပ်စွဲနိုင်ဖို့အတွက် တရားဥပဒေရှုထောင့်က သုံးသပ်ဖို့ လိုသလို - လက်လွတ်စပယ် လုံးချ ပြောဆိုလိုက်လို့ ရတဲ့ကိစ္စ မဟုတ်ဘူးလို့ - ကိုဖီအာနန် က ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

မလေးရှားနဲ့ အင်ဒိုနီးရှား ရခိုင်အရေး ချဉ်းကပ်ပုံကွာ