နောက် သီတင်း ၂ ပတ်အတွင်း မြန်မာလူဦးရေ ထက်ဝက်လောက် ကိုဗစ်ကူးစက်ခံရနိုင်- ကုလဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အချိန်မီမတားဆီးနိုင်ရင် မကြာခင် တိုင်းပြည်မှာရှိတဲ့ လူဦးရေရဲ့ တဝက်လောက် ရောဂါကူးစက်ခံရနိုင်ကြောင်း ဗြိတိန်နိုင်ငံက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကျန်းမာရေးစနစ် လုံးဝနီးပါးပြိုပျက်နေညပီး၊ ကျန်းမာရေး ဝန်ထမ်းတွေဟာလည်း တိုက်ခိုက်ခံရ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကြောင့် အခြေအနေဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ကပြောဆိုလိုက်တာပါ။

“ဗိုင်းရပ်စ်ပိုးက လူတွေကြားထဲမှာ တကယ့်ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတာပါ။ ခန့်မှန်းချက်တချို့အရ ရှေ့လာမယ့် သီတင်း ၂ ပတ်အတွင်း လူဦးရေ ထက်ဝက်လောက် ရောဂါကူးစက်ခံရနိုင်ပါတယ်။” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးရာမှာ ဗြိတိန်သံအမတ်ကြီးက ပြောဆိုသွားတာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၄၂ ယောက်၊ ကူးစက်သူ အတည်ပြုလူနာသစ် ၅ ထောင်ကျော် ရှိခဲ့ကြောင်း မြန်မာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ ဗြိတိန်သံအမတ်ကြီးက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ နိုင်ငံတကာရဲ့ အနီးကပ်စောင့်ကြပ်မှုနဲ့ ထိရောက်တဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ စာနာမှု အကူအညီတွေ လိုအပ်နေကြောင်း လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ ကိုဗစ်ရောဂါ တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အခုဆိုရင် ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၈၅၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာ ၂ သိန်း ၈ သောင်း ၉ ထောင်ကျော် ရှိပါတယ်။

Your browser doesn’t support HTML5

နောက် သီတင်း ၂ ပတ်အတွင်း မြန်မာလူဦးရေ ထက်ဝက်လောက် ကိုဗစ်ကူးစက်ခံရနိုင်- ကုလဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward

---------------------




