ဗြိတိန်တော်ဝင်မင်းသားဟယ်ရီရဲ့ စေ့စပ်ပွဲ

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ရုပ်ရှင်မင်းသမီး Meghan Markle

ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီဟာ အမေရိကန်နိုင်ငံသူ ရုပ်ရှင်မင်းသမီး Meghan Markle နဲ့ တရားဝင် စေ့စပ်လိုက်ပါပြီ။

ဒီကနေ့ တနင်္လာနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မင်းသား ဟယ်ရီရဲ့ ဖခင်ဖြစ်တဲ့ မင်းသားကြီး Charles ကိုယ်တိုင် အသိပေးကြေညာလိုက်တာပါ။ မင်းသားဟယ်ရီ ကို မစ္စ Meghan Markle နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ကြည်နူးဝမ်းသာစွာ အသိပေး ကြေညာအပ်ပါတယ်ဆိုပြီး ဝေလမင်းသားကြီးချားလ်စ်က ကြေညာချက် ဖတ်ကြားခဲ့ပါတယ်။

သူတို့ရဲ့ လက်ထပ် မင်္ဂလာပွဲကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် နွေဦးရာသီမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပါရှိသလို လက်ထပ်မင်္ဂလာပွဲ ရက်အတိအကျကိုတော့ အချိန်နီးကပ်လာချိန်မှာ အသိပေးကြေညာမယ်လို့ဆိုပါတယ်။ ကြေညာချက်မှာ ဖော်ပြချက်အရ ဒီလအစောပိုင်းကတည်း သူတို့နှစ်ဦးကို လန်ဒန်မြို့မှာ စေ့စပ်ပေးခဲ့တာပါ။

မင်းသားဟယ်ရီက သူ့ရဲ့အဖွားဖြစ်တဲ့ ဘုရင်မကြီးနဲ့ တခြား နီးစပ်တဲ့ မိသားစုဝင်တွေကိုလည်း သူ စေ့စပ်ကြောင်းလမ်း ပြီးစီးတဲ့အကြောင်းကို အသိပေးခဲ့သလို မစ္စ Markle’s ရဲ့ မိဘတွေဆီက ခွင့်ပြုချက်လည်း ရယူခဲ့ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မစ္စ Markle ဟာ Suits လို့ အမည်ရတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းနဲ့ လူသိများလာသူဖြစ်ပြီး၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပညာရေး၊ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ World Vision Canada အဖွဲ့ရဲ့ ချစ်ကြည်ရေး သံတမန်တဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီလုပ်ငန်းတွေအပြင် ကျား၊မ တန်းတူ အခွင့်အရေးရဖို့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်လုပ်ဆောင်သူဖြစ်ပါတယ်။ မစ္စ Markle ဟာ ၂၀၁၁ ခုနှစ်တုန်းကတော့ ရုပ်ရှင်ထုတ်သူ Trevor Engelson နဲ့ လက်ထပ်ခဲ့ပေမယ့် ၂ နှစ်ပေါင်းသင်းခဲ့ပြီးတဲ့ နောက်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ဒဏ်ရာရ စစ်မှုထမ်းဟောင်းတွေအတွက် ကျင်းပတဲ့ Invictus ရန်ပုံငွေ အားကစားပွဲအတွင်းမှာ မင်းသားဟယ်ရီနဲ့ မစ္စ Markle တို့စုံတွဲကို လူအများ စပြီး တွေ့ဖူးခဲ့ကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီစေ့စပ်