အီးယူ ဥရောပ သမဂ္ဂကနေ ဗြိတိန်အနေနဲ့ ဘာသဘောတူညီချက်မှ မပါဘဲ မတ်လ ၂၉ ရက်မှာ ခွဲထွက်ဖို့ အဆိုကို ဗြိတိန်လွှတ်တော်က မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး ဆိုင်းငံ့မယ့်အဆိုကို ဒီကနေ့ ကြာသပတေးနေ့မှာ မဲထပ်ခွဲကြမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Theresa May ကတော့ လွှတ်တော်အမတ်တွေကြား သဘောတူညီမှု တစုံတရာမရရင် ဘာသဘောတူညီချက်မှ မပါဘဲ ဗြိတိန် အီးယူူကနေ ဥပဒေကြောင်းအရ မတ်လ ၂၉ ရက်မှာ ထွက်ခွါရမယ့်ကိန်း ဆိုက်နိုင်တယ်လို့ သတိပေးလိုက် ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အီးယူကနေ ဘာသဘောတူညီချက် မှမပါဘဲ မတ်လ ၂၉ ရက်မှာ ဗြိတိန်က ခွဲထွက်ဖို့ အဆိုကို ဗြိတိန်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကန့်ကွက်မဲ ၃၂၁ မဲ ထောက်ခံမဲ ၂၇၈ မဲနဲ့ ပယ်ချခဲ့ပါတယ်။ ဒီလို ပယ်ချခဲ့တဲ့နောက်မှာ ဝန်ကြီးချုပ် Theresa May က လွှတ်တော်အမတ်တွေကို အခုလို သတိပေးလိုက်ပါတယ်။
“ ဒီကနေ့ မဲခွဲဆုံးဖြတ်မှုကနေ Brexit အတွက် သဘောတူညီမှုမရဘဲ နုတ်ထွက်မယ့် အဆိုကို မဲအများစုနဲ့ ကန့်ကွက် ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြားမှာ လွှတ်တော်အမတ်တွေကြား သဘောတူညီမှု တစုံတရာ မရခဲ့ရင်တော့ ဥပဒေကြောင်း လုပ်ထုံးလုပ်နည်းအရ မတ်လ ၂၉ ရက်နေ့မှာ ဘာသဘောတူညီမှုမှ မရဘဲ ထွက်ပေးရမယ့် အခြေဆိုက်သွားနိုင်ပါတယ်။”
ဗြိတိန်ဝန်ကြီးချုပ် Theresa May အင်္ဂါနေ့က နောက်ဆုံးတင်သွင်းခဲ့တဲ့ အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေး ဆိုင်ရာ သဘောတူညီချက် မူကြမ်းကို ဗြိတိန်လွှတ်တော်မှာ အမတ်တွေက တခဲနက် ပယ်ချခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဝန်ကြီးချုပ် May က ပြောကြားခဲ့ပြီး အီးယူကနေ ခွဲထွက်တဲ့အခါ စနစ်တကျ ခွဲထွက်တဲ့နည်းဟာ တခုတည်းသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ သူယုံကြည်ထား ကြောင်းလည်း ပြောခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ မဲခွဲ အပြီးမှာတော့ လွှတ်တော်အမတ်တွေ အနေနဲ့ ရွေးချယ်စရာ သိပ်မရှိကြောင်း ဝန်ကြီးချုပ် May က ချပြခဲ့ပါတယ်။
" Brexit နဲ့ ပတ်သက်ပြီး ရွေးချယ်ရမယ့် လမ်းတွေက အရင်က အတိုင်းလည်း ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ညှိနှိုင်းခဲ့တဲ့ သဘောတူညီမှု နဲ့ပဲ အီးယူကနေ ဗြိတိန်နုတ်ထွက်မလား၊ ဒါမှမဟုတ် ဒုတိယအကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဗြိတိန် အီးယူက ထွက်မလား စဉ်းစားရမှာပါ။ အဲဒီလိုဆန္ဒခံယူ ရင်တော့ Brexit နုတ်ထွက်ရမယ့် အလားအလာ ပျက်သွားနိုင်ပါတယ်။ အဲဒါဆိုရင် ဗြိတိန်လူထုနဲ့ လွှတ်တော်ကြား ယုံကြည်လေးစားမှုကို ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။”
ဘာသဘောတူညီမှုမှ မယူဘဲ အီးယူကနေ ဗြိတိန်ခွဲထွက်ရေးကို ဝန်ကြီးချုပ် Theresa May က ကန့်ကွက်နေတာ ဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ သူဟာ ဥရောပကော်မရှင် အကြီးအကဲ Jean-Claude Juncker နဲ့ အီးယူအဖွဲ့ဝင် အိုင်ယာလန်နဲ့ ဗြိတိန်မြောက်ပိုင်းက အိုင်ယာလန်တို့ရဲ့ နယ်စပ်ဒေသကို ဗြိတိန်-အီးယူက ခွဲထွက်ပြီးနောက်ပိုင်း ဆက်ပြီးဖွင့်ထား စေဖို့အတွက် ဥပဒေကြောင်းအရ ခိုင်မြဲတဲ့ အပြောင်းအလဲ တရပ်အတွက် ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ ဒီညှိနှိုင်းမှုက ရခဲ့တဲ့ သဘောတူညီချက်ကို လက်ခံဖို့ လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ် May က အင်္ဂါနေ့မှာ ပန်ကြားခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ရပါတယ်။
ဇန်နဝါရီလတုန်းက ဝန်ကြီးချုပ် May ပထမဆုံး တင်သွင်းခဲ့တဲ့ ခွဲထွက်ရေး သဘောတူညီမှု အစီအစဉ်အတွက် လည်း လွှတ်တော်အမတ် တွေက လက်မခံခဲ့ကြသလို သူ့ကိုပါ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ကြတာပါ။ အယုံအကြည်မရှိ အဆိုရှုံးနိမ့်ခဲ့ရပေမယ့် အခုလို Brexit အတွက် မဲခွဲဆုံးဖြတ်မှု ၂ ခု ရှုံးနိမ့်ခဲ့ရတဲ့နောက်မှာ ဝန်ကြီးချုပ် May နဲ့ သူမအစိုးရအဖွဲ့ အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn က ပြောကြားခဲ့ပါတယ်။
" ဝန်ကြီးချုပ်က အချိန်ကို အကျိုးရှိရှိ အသုံးမပြုခဲ့တဲ့အတွက် သူ့အတွက်လည်း အချိန်က သိပ်မရှိတော့ပါဘူး။ ဒီအချိန်မှာတော့ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီး ပြည်သူတွေ သူတို့ကြိုက်တဲ့ အစိုးရကို ရွေးကောက် တင်မြှောက်သင့်ပါပြီ။ ”
ဗုဒ္ဓဟူးနေ့ မဲခွဲရာမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် တတိယအကြိမ် မဲခွဲဆုံးဖြတ်မှုကို ကြာသပတေးနေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဒီတခါတော့ အီးယူကနေနုတ်ထွက်ရေးကို ဆိုင်းငံ့ဖို့ မဲခွဲကြမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ သဘောတူညီမှု တရပ်ရရေး အတွက် ဆွေးနွေးချိန် တိုးပေးဖို့ ဝန်ကြီးချုပ် May အနေနဲ့ ဥပဒေပြဌာန်းချက် အပိုဒ် ၅၀ အရ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ အီးယူက ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် May ပြီးခဲ့တဲ့ ၂ လတုန်းက ကနဦးတင်သွင်းခဲ့တဲ့ Brexit သဘောတူညီချက် မူကြမ်းကို Backstop အစီအစဉ်လို့ ခေါ်ဆိုကြပြီး ဒါဟာ ဗြိတိန်နိုင်ငံ အီးယူ ဥရောပသမဂ္ဂကနေ ခွဲထွက်ပြီး နောက်ပိုင်း ၂ ဖက်ကြား ကုန်သွယ်ရေး သဘောတူညီချက် အသစ် မရမချင်း ကုန်စည်စီးဆင်းမှု လွတ်လွတ်လပ်လပ် ဆက်ပြီး ရှိနေအောင် ဗြိတိန် အကောက်ခွန် စည်းကမ်း တွေကို အီးယူအတိုင်း လိုက်နာမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒါကို အီးယူက ပယ်ချခဲ့ပြီးတဲ့နောက်ပိုင်း သဘောတူညီချက် အသစ်ရဖို့ ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဗြိတိန်လွှတ်တော်က ဒီအဆိုကို လက်မခံသူတွေကလည်း ကုန်သွယ်ရေး မူဝါဒတွေကို အပြည့်အဝ ထိန်းချုပ်ရမယ့်အစား အီးယူရဲ့ စည်းကမ်းတွေ အတိုင်း လုပ်ဆောင်ရမယ့်အပေါ် စိုးရိမ်နေကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5