ဘရာဇီးကမ္ဘာ့ဖလားနဲ့ ခရီးသွားလုပ်ငန်း

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ ရှေ့လထဲ ကျင်းပမယ့် ဘရာဇီးနိုင်ငံကို ရောက်လာကြမယ့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းနေပါတယ်။ ဘောလုံးပရိတ်သတ်တွေ အနေနဲ့ အားကစားပွဲအပြင် Rio de Janeiro မြို့အလှကိုလည်း ခံစားနိုင်ဖို့ ထူးထူးခြားခြား စီမံထားတဲ့အထဲမှာတော့ ကုန်းနဲ့ရေ ၂ မျိုးသွားနိုင်တဲ့ ဘတ်စ်ကားတွေနဲ့ အလည်အပတ် ခရီးသွားတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်းကိုတော့ AP သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမယ့် ဘရာဇီးနိုင်ငံကို ပြည်ပက ကမ္ဘာလှည့် ၆ သိန်း အပါအဝင် ခရီးသွား ၃ သန်း ၇ သိန်း ဝင်ရောက် လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘရာဇီးနိုင်ငံသားတွေထက် အကုန်အကျခံကြမယ့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား တဦးချင်းကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂,၅၀၀ လောက် သုံးစွဲမယ်လို့လည်း မျှော်လင့်ထားကြတာပါ။ ပြီးခဲ့တဲ့နှစ်ထဲ အဖွဲ့ချုပ်ဖလားပွဲအတွင်း ဘရာဇီးကို လာကြတဲ့ နိုင်ငံခြားသား ခရီးသွား တွေထဲက ၇၀% ဟာလည်း နောက်တကြိမ် လာချင်နေကြတဲ့အကြောင်း ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလို သန်းနဲ့ချီ ရောက်လာကြမယ့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့လည်း ဘရာဇီးနိုင်ငံမှာ ထူးထူးခြားခြား စီစဉ်နေကြတာပါ။

ဘရာဇီးနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေကို အဓိက ဆွဲဆောင်ရာ နေရာတခုဖြစ်တဲ့ Rio de Janeiro မြို့ရဲ့ Sugarloaf တောင်ပေါ်က ကြိုးရထားဘူတာဟာ နေရာမှာ အခုအခါ ကုန်းနဲ့ရေ ၂ မျိုးသွားနိုင်တဲ့ ဘတ်စ်ကားနဲ့ ခရီးထွက်နိုင်အောင် စီစဉ်ထားပါတယ်။ ကုန်းနဲ့ရေမှာ ကျင်လည်ကျတဲ့ ဘဲတွေလို Duck Copacabana လို့ အမည်ပေးထားတဲ့ ခရီးသည် ၂၈ ယောက်ဆန့် ဘတ်စ်ကား ခရီးစဉ်တွေကိုတော့ ကမ်းခြေတလျှောက်ကနေ Guanabara ပင်လယ်အော်ထဲအထိ ပြေးဆွဲနေတာပါ။ ရေကြောင်းခရီးမှာတော့ ကလေးနဲ့ အသက် ၆၀ အထက် လူကြီးတွေ အသက်ကယ် အင်္ကျီတွေ မဝတ်မနေရ ဝတ်ဆင်ကြရပါတယ်။ ရေထဲကို ဆင်းတဲ့ အချိန်မှာတော့ ဘတ်စ်ကားရဲ့ ဒီဇယ်အင်ဂျင်ကိုရပ်ပြီး၊ hydraulic ပန်ကာနဲ့ ဆက်ပြီးမောင်းပါတယ်။ မိနစ် ၄၀ ကြာ ရေကြောင်းခရီး အပါအဝင် ခရီးစဉ်တလျှောက်မှာတော့ Rio de Janeiro မြို့သမိုင်းကြောင်း၊ ၁၅၀၀ ပြည့်လွန်ကာလက Guanabara ပင်လယ်အော်မှာ ပြင်သစ်ရဲ့ ကျူးကျော်မှုတွေကို ဧည့်လမ်းညွှန် Luciana Morosini ရှင်းပြတာကိုလည်း ကြားနိုင်ပါတယ်။

ဘရာဇီးမှာ ပထမဆုံး ကုန်းနဲ့ရေ ၂ မျိုးသွားနိုင်တဲ့ ခရီးစဉ်မှာ ဧည့်လမ်းညွှန် လုပ်ရတဲ့ အလုပ်ကိုလည်း သူက ဂုဏ်ယူနေပါတယ်။
“ဒီနည်းပညာက တချို့လူတွေအတွက် ဟောင်းနေပေမဲ့ ဘရာဇီးမှာတော့ ပထမဆုံး ကုန်း-ရေ ၂ မျိုးသွား ဘတ်စ်ကား ဖြစ်တာကြောင့် အသစ်အဆန်းတခုပါ။ ဒါကြောင့်လည်း ဒီမှာအလုပ်လုပ်ရတာ ဂုဏ်ယူကျေနပ်မိသလို၊ ပျော်စရာလည်း ကောင်းပါတယ်။”

ဒုတိယကမ္ဘာစစ်လက်ကျန် စစ်သည်တင်ကားတွေကို အမေရိကန်က Boston ဗြိတိန်က လန်ဒန်နဲ့ တခြားမြို့ကြီးတွေက ခရီးသွား လုပ်ငန်းတွေမှာ သုံးနေတာတွေကိုတွေ့ပြီး ဘရာဇီးအင်ဂျင်နီယာ ၃ ယောက်က အလားတူ ဖန်တီးဖို့ အကြံရခဲ့ကြတာပါ။ စီမံကိန်းအတွက် DUKU လို့ခေါ်တဲ့ စစ်လက်ကျန် ကားဟောင်းတွေ တင်သွင်းဖို့ ကြိုးစားချိန်မှာတော့ ဥပဒေကြောင်းအရ ကန့်သတ်ချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ နောက်ဆုံးမှာတော့ ဘရာဇီးမှာ ထရပ်ကားအဖြစ်နဲ့ အသုံးများတဲ့ ၁၉၇၂ ခုနှစ်ထုတ် Mercedes Benz 1113 မော်ဒယ် ကားကိုယ်ထည်တွေကိုသုံးပြီး အစအဆုံး ကိုယ့်ဖာသာကိုယ် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ၃ နှစ်လောက် အချိန်ယူခဲ့ရတဲ့ ထူးထူးခြားခြား ခရီးသွားလုပ်ငန်းကိုတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဒီနှစ်အစောပိုင်းကျမှသာ စနိုင်ခဲ့ကြပါတယ်။ အရင်ကမရှိခဲ့တဲ့ ဘတ်စ်ကား အမျိုးအစားအတွက် လုပ်ထုံးလုပ်နည်း တိတိကျကျ မရှိသေးတာကြောင့် ဘရာဇီးရေတပ်နဲ့ မော်တော်ယာဉ်ဌာနတွေရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားရတာကလည်း ၃ နှစ်ကြာ စီမံကိန်းရဲ့ အချိန်ထက်ဝက်လောက် ကုန်ခဲ့ရတယ်လို့ ပိုင်ရှင်တွေက ပြောပါတယ်။

ဘရာဇီးနိုင်ငံနဲ့ ပြည်ပမှာ ရေနံတူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အသက် ၃၃ နှစ်အရွယ် အင်ဂျင်နီယာ Paulo Valladares ကတော့ စမ်းသပ်မှုတွေ၊ အမှားမှား အယွင်းယွင်းတွေ အကြိမ်ကြိမ် ကြုံခဲ့ရပြီးမှ အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။
“ကားဝင်ရိုးမှာ လေလုံအောင် လုပ်ထားပါတယ်။ ဒါကြောင့်လည်း ရေထဲကို ဆင်းတဲ့အချိန်မှာ ဝင်ရိုး ၂ ခုစလုံးကနေ ရေမဝင်နိုင်ပါဘူး။”

၁၉၈၈ ခုနှစ် နှစ်သစ်ကူးညက Guanabara ပင်လယ်အော်မှာ ခရီးသည်တင်သင်္ဘော နစ်မြှုပ်မှုကြောင့် လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ဖူးတဲ့ အတွက်လည်း ဘေးကင်းလုံခြုံမှုကို အဓိကဦးစားပေးထားတယ်လို့ ပိုင်ရှင်တဦးဖြစ်တဲ့ Valladares ကပြောပါတယ်။
“ရေလုံခန်း ၄ ခုနဲ့ ဆောက်လုပ်ထားတဲ့အတွက် ရေမနစ်နိုင်ပါဘူး။ အခန်းတခန်းမှာ အပေါက်ရှိတယ် ဆိုရင်တောင်မှ မနစ်တတ်ပါဘူး”

Rio Duck ခရီးသွားကုမ္ပဏီရဲ့ ဖက်စပ်ပိုင်ရှင် ၃ ယောက်ကတော့ နောက်ထပ် ကုန်းနဲ့ရေသွား ကားတစင်းနဲ့ ဘတ်စ်တစင်း ထပ်မံတည်ဆောက်ဖို့ ကြိုးပမ်းနေပြီး၊ ဘရာဇီးနိုင်ငံရဲ့ တခြားခရီးသွားတွေ စိတ်ဝင်စားရာ နေရာတွေမှာ ပြန်လည် ငှားရမ်းနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။ ထူးထူးခြားခြား ဘရာဇီးခရီးသွား အစီအစဉ်ကြောင့် သူဋ္ဌေးတွေသာ ကြည့်ဖို့တတ်နိုင်တဲ့ ရှုခင်းတွေကိုလည်း မြင်နိုင်ကြတော့မှာပါ။

Rio de Janeiro မြို့က နာမည်ကျော် Sugarloaf နဲ့ Corcovado တောင်တွေကို နောက်ခံထားပြီး သီတင်းပတ်ကုန် အချိန်တွေမှာ ရောက်လာတတ်ကြတဲ့ လှေ၊ သင်္ဘောတွေနဲ့ ရှုခင်းတွေကိုတော့ ဗင်နီဇွဲလားနိုင်ငံက ကျောင်းသူတဦးဖြစ်တဲ့ Gabrela Garcia တို့လို ခရီးသွားတွေလည်း ခံစားနိုင်ကြပါပြီ။
“ကျမတော့ အရမ်းသဘောကျပါတယ်။ ခရီးသွားရတာရော၊ ဆောက်လုပ်ထားတာရော၊ မြို့ကို ပုံစံသစ်နဲ့ မြင်ရတာရော အရမ်းကို ကြည့်လို့ ကောင်းပါတယ်။”

တယောက်ကို အမေရိကန် ၄၅ ဒေါ်လာ ပေးရတဲ့ ခရီးစဉ်တွေကိုတော့ တနင်္လာနေ့ကလွဲလို့ တနေ့ကို ၄ ခေါက် ပြေးဆွဲနေပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ဇွန်လ ၁၂ ရက်နေ့ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မယ့် ဘရာဇီးနိုင်ငံမှာ ခရီးသွားတွေ သဘောအကျဆုံး Rio de Janeiro မြို့ဟာ ဆိုရင်လည်း ဗိုလ်လုပွဲတွေ အပါအဝင် ပွဲစဉ် ၇ ခု ကျင်းပမှာ ဖြစ်တဲ့အတွက် ကမ္ဘာတဝှမ်းက ရောက်လာကြမယ့် ခရီးသွားတွေကို ထူးထူးခြားခြား ခရီးသွား လုပ်ငန်းက ဆွဲဆောင်နိုင်မယ်လို့လည်း စီစဉ်သူတွေက မျှော်လင့်နေကြတာပါ။

ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ နိုင်ငံတကာက ခရီးသွားတွေ နောက်တကြိမ် လာလည်ချင်အောင် ဆွဲဆောင်ချင်တယ်လို့လည်း ဘရာဇီးခရီးသွားဝန်ကြီးဌာနဝန်ကြီး Vinicius Lages ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ခရီးသွား ၆ သန်းလောက် လည်ပတ်ခဲ့တဲ့ ဘရာဇီးနိုင်ငံကို ဒီနှစ်မှာတော့ နိုင်ငံတကာ ကမ္ဘာလှည့် ၇ သန်းအထိ ရောက်လာလိမ့်မယ်လို့လည်း ခန့်မှန်းထားတာပါ။ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေနဲ့ တခြားဆက်နွယ်တဲ့ အစီအစဉ်တွေကို လာကြမယ့် ခရီးသွား ၂ သန်းလောက်ကနေ ဘရာဇီးနိုင်ငံအတွက် ဒေါ်လာသန်းပေါင်း ၃ ထောင်လောက် ဝင်ငွေရလိမ့်မယ်လို့လည်း အစိုးရက ပြောပါတယ်။ ဒါပေမဲ့လည်း ဘရာဇီး အစိုးရဟာ အများပြည်သူအတွက် ဝန်ဆောင်မှုတွေ ပိုကောင်းအောင်မလုပ်ပဲ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဒေါ်လာသန်းပေါင်း ထောင်ချီပြီး အကုန်အကျခံ သုံးစွဲနေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေလည်း အကြီးအကျယ် ပေါ်ပေါက်နေပါတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။