ဘိုကိုဟာရမ်းခေါင်းဆောင် ၅ ဦး နိုင်ငံတကာတပ်ဖွဲ့ဖမ်းဆီး

ဘိုကို ဟာရမ်းအဖွဲ့ကို တိုက်ခိုက်နေကြတဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေဟာ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်ပြီး သူတို့ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပြန်လွတ်ပေးလိုက်တယ်လို့ ကင်မရွန်းနိုင်ငံ အစိုးရက ပြောပါတယ်။
မြောက်ပိုင်း Madawaya ဒေသမှာ ရှိတဲ့ ဘိုကို ဟာရမ်းအဖွဲ့ အခြေစိုက်စခန်းတွေကို အခုလ အစောပိုင်းက ပစ်မှတ်ထား စီးနင်းခဲ့တာမှာ ကလေးငယ် ၂၈ ဦးနဲ့ အနဲဆုံး အမျိုးသမီး ၁၈ ဦးတို့ကို ပြန်လွတ်ပေးလိုက်နိုင်တယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။
ဘိုကိုဟာရမ်းအဖွဲ့ကို တိုက်ခိုက်ရေးအတွက် ဒေသတွင်းလုံခြုံရေးနဲ့ မဟာဗြူဟာတွေကို ဆွေးနွေးဖို့အတွက် အနောက်အာဖရိက တိုက်က ခေါင်းဆောင်တွေ အပါအဝင် ပြင်သစ်သမ္မတ Francois Hollande ၊ အမေရိကန်နဲ့ ဗြိတိန်အရာရှိတွေ တက်ရောက်တဲ့ ထိပ်သီး စည်းဝေးပွဲ နိုင်ဂျီးရီးယားနိုင်ငံမြို့တော် Abuja မှာ ပြုနေတဲ့အချိန်မှာပဲ ဘိုကို ဟာရမ်းစခန်းကို ဝင်ရောက် စီးနင်းတဲ့သတင်း ထွက်လာတာပါ။
Lake Chad ဒေသ ဖွံ့ဖြိုးရေးနဲ့ အကြမ်းဖက်မှု ပြန့်ပွားစေတဲ့ အကြောင်းတရားတွေကို အမြစ်ပြတ် သုတ်သင်နိုင်ရေးအတွက် သူ့နိုင်ငံအနေနဲ့ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် လိုအပ်တယ်လို့ နိုင်ဂျီးရီးယားသမ္မတ Muhammadu Buhari က ပြောပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အမေရိကန်အစိုးရအနေနဲ့ စစ်ရေးအရ လုပ်ဆောင်မှုတွေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွကို ထဲထဲဝင်ဝင် ကူညီပေးသွားဖို့ သံဓိဌာန် ချထားကြောင်း၊ ဒါပေမယ့် စစ်ပွဲတွေမှာ အောင်မြင်မှု ရနေယုံနဲ့ မလုံလောက်ကြောင်း ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။

Your browser doesn’t support HTML5

ဘိုကိုဟာရမ်းခေါင်းဆောင် ၅ ဦး နိုင်ငံတကာတပ်ဖွဲ့ဖမ်းဆီး