တင်းမာမှု ပြင်းထန်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ ဝန်ကြီးဘလင်ကန် သွားမည်

Israel - Palestinians

အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ ပို ပြင်းထန်လာနေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အဲ့ဒီဒေသကို သွားရောက်ဖို့ ရှိနေပါတယ်။ နှစ်ဘက် တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုထားပြီး လာမယ့်တနင်္လာနဲ့ အင်္ဂါနေ့မှာ နှစ်ဘက်ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဘလင်ကန် တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး သိမ်းပိုက်ထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတခုကို အစ္စရေးစစ်တပ်က ဒီလ ၂၆ ရက်နေ့က စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ မနေ့ သောကြာနေ့ ကတော့ ဂျေရုစလင်မြို့ ဆင်ခြေဖုန်းမှာရှိတဲ့ အစ္စရေး ဘုရားကျောင်းတခုထဲ ပါလက်စတိုင်း သေနတ်သမားတဦး ဝင်ရောက်တိုက်ခိုက်လို့ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကနေ့မှာလည်း အလားတူ ပစ်ခတ်မှု ထပ်ဖြစ်ပြီး ၂ ဦး ဒဏ်ရာရခဲ့ရပါတယ်။ ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေ မသိရသေးပေမဲ့၊ ဒီတိုက်ခိုက်မှုတွေဟာ နှစ်များစွာအတွင်း အဆိုးဆုံးပါလို့ အစ္စရေးရဲတွေက ပြောပါတယ်။

အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေ ပြင်းထန်နေချိန်မှာ လာမယ့်ရက်ပိုင်းအတွင်း ဒီဒေသကို သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ အစ္စရေးဘက်က စခဲ့တဲ့အတွက် တာဝန်ရှိမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ အမေရိကန်အခြေစိုက် အာရပ်အဖွဲ့အစည်း ခေါင်းဆောင်တွေက ချီကာဂိုမြို့မှာ မနေ့က လူကိုယ်တိုင် တွေ့ဆုံပြီး တောင်းဆိုထားပါတယ်။

ဝန်ကြီး Blinken ခရီးစဉ်မတိုင်ခင် CIA အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ William Burns က ရှေ့ပြေးအဖြစ် ပြီးခဲ့တဲ့ရက်ကိုင်းကတည်းက အစ္စရေးကို ရောက်ရှိနေပါတယ်။ နိုင်ငံတော်လုံခြုံရေး အကြံပေး Jake Sullivan လည်း ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေး သွားခဲ့ပါသေးတယ်။

==== Unicode ===



