ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု ဝမ်းနည်းမှတ်တမ်း သမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် လက်မှတ်ထိုး

(Zawgyi/ Unicode)

ဗြိတိန် ဘုရင်မ ဒုတိယမြောက် Elizabeth ဟာ သိက္ခာရှိပြီး၊ ဂုဏ်သရေနဲ့ ပြည့်စုံသူ၊ တာဝန်ကို ဦးစားပေးထမ်းရွက်သူ အဖြစ် အမေရိကန် သမ္မတ Joe Biden ကပြောဆိုလိုက်ပါတယ်။

လန်ဒန်က Westminster ဘုရားကျောင်းမှာ တနလာၤနေ့ ကျင်းပမယ့် ကွယ်လွန်သူ ဘုရင်မကြီး Elizabeth ရဲ့ ဈာပနကို တက်ရောက်ဖို့ ရောက်နေတဲ့ အမေရိကန် သမ္မတနဲ့ သမ္မတ ကတော် Jill Biden တို့ဟာ တနင်္ဂနွေနေ့က ဝမ်းနည်းမှတ်တမ်းမှာလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“အင်္ဂလန်က ပြည်သူတွေ၊ UK ကပြည်သူ အားလုံးနဲ့ အတူ ထပ်တူ ခံစားရပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ဘုရင်မကြီးကို ရရှိခဲ့တာဟာ ကံကောင်းလှပါတယ်။ ကျနော်တို့ အားလုံးအတွက်လည်း ကံကောင်းခဲ့ပါတယ်။ သူ့ကြောင့် ကမ္ဘာကြီး ပိုမိုသာယာခဲ့ရပါတယ်” လို့ လန်ဒန်က Buckingham နန်းတော်အနီး တော်ဝင်မိသားစုပိုင် Lancaster House မှာ သမ္မတ Biden က ဝမ်းနည်းမှတ်တမ်းကို သုံးမိနစ်အချိန်ယူ ရေးခဲ့ပြီးနောက်မှာ ပြောဆိုခဲ့တာပါ။

ဘုရင်မကြီးကြောင့် ကွယ်လွန်သူ သူ့မိခင်ကို အမှတ်ရမိတယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။ ဘုရင်မကြီးနဲ့ ဆုံခဲ့စဉ်က သူ့ကို အစားအသောက်တွေ တမျိုးပြီးတမျိုး ချကြွေးခဲ့တာကို စားခဲ့တဲ့အကြောင်းကိုလည်း သမ္မတက ပြန်ပြောင်း ပြောဆိုခဲ့တာပါ။

စက်တင်ဘာလ ၈ ရက်နေ့က အသက် ၉၆ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး Elizabeth ရဲ့ ဈာပနအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဗြိတိန်နိုင်ငံ ရောက်ရှိလာကြရာမှာ အမေရိကန်သမ္မတကတော့ စနေနေ့နှောင်းပိုင်းမှာပဲ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ Westminster ခမ်းမမှာ ထားရှိတဲ့ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကိုလည်း သမ္မတဘိုင်ဒင်နဲ့ သမ္မတကတော်တို့ သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှု ဝမ်းနည်းမှတ်တမ်း သမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတကတော် လက်မှတ်ထိုး

(Unicode)




