အမေရိကန် - တရုတ် ဆက်ဆံရေး ၂ နိုင်ငံ ခေါင်းဆောင်တွေဆွေးနွေး

Peru နိုင်ငံ Lima မြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) ညီလာခံမှာ တွေ့ဆုံကြတဲ့ မေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping (Leah Millis/Pool Photo via AP)

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ အရေးကြီးကြောင်း Peru နိုင်ငံ Lima မြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) ညီလာခံမှာ သီးသန့်တွေ့ဆုံခဲ့ကြတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့က ပြောလိုက်ပါတယ်။

ကမ္ဘာမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အရေးအကြီးဆုံး ဖြစ်သလို၊ ယှဉ်ပြိုင်မှုတွေကနေ ပဋိပက္ခတွေကို ဦးတည်မသွားအောင် ရှောင်ရှားဖို့ ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့လည်း သမ္မတဘိုင်ဒင်က အလေးထား ပြောခဲ့တာပါ။

“ဒီလိုပြောဆိုမှုတွေက မှားယွင်းတွက်ချက်မှုတွေကို ဟန့်တားနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ ဒါကို သက်သေပြနိုင်ခဲ့တယ်လို့လည်း ယူဆပါတယ်။” လို့ သမ္မတဘိုင်ဒင် မနေ့တုန်းက တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

တရုတ်သမ္မတကလည်း အလားတူ သဘောထားမျိုး ပြောကြားခဲ့ပြီး၊ ကမ္ဘာကြီးတခုလုံး အကျိုးစီးပွားကို ဦးစားပေးပြီး၊ မတည်ငြိမ်တဲ့ ကမ္ဘာကြီးအတွက် သေချာမှုတွေ၊ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းအားတွေ ဖြည့်တင်းဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် အသုံးပြုဖို့ ဆုံးဖြတ်ချက်တွေကို လူတွေကသာလုပ်ဖို့ အပါဝင် ဉာဏ်ရည်တု နည်းပညာဆိုင်ရာကဏ္ဍက သဘောတူညီချက် စတာတွေလို ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အမေရိကန်သမ္မတ အိမ်ဖြူတော်က အလေးထား ပြောဆိုခဲ့တာပါ။

နျူကလီးယား အန္တရာယ် လျှော့ချရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေခံမူတွေကို ချမှတ်နေကြောင်းလည်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က ၂ နိုင်ငံ ဆွေးနွေးပွဲအပြီးမှာပဲ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။