ပိစိဖိတ်ကျွန်း ၃ နိုင်ငံအတွက် ဒေါ်လာ ၇ ဘီလျံကျော်ဖိုးသုံးဖို့ ဘိုင်ဒန်အစိုးရအဆိုပြု 

၂၀၂၄ ခုနှစ် အစိုးရဘတ်ဂျတ်လျာထားချက်နဲ့ ပတ်သက်လို့ စကားပြောနေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (မတ် ၉၊ ၂၀၂၃)

အမေရိကန် ဖက်ဒရယ်အစိုးရ အသုံးစရိတ်ထဲမှာ ပစိဖိတ်ကျွန်းနိုင်ငံ သုံးခုအတွက် ဒေါ်လာ ၇.၁ ဘီလျံ သုံးစွဲဖို့ သမ္မတ ဘိုင်ဒန်က မနေ့က အဆိုပြုလိုက်ပါတယ်။ ပစိဖိတ်ဒေသထဲက ကျွန်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု တိုးလာနေချိန်မှာ အမေရိကန် ပြည်ထောင်စုကလည်း သြဇာချိန်ခွင်လျှာညှိနိုင်ဖို့ Marshall Islands, Micronesia နဲ့ Palau ကျွန်း နိုင်ငံတွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲဖို့ သမ္မတ ဘိုင်ဒန်အစိုးရက အဆိုပြုလိုက်တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး USAID အတွက် သုံးစွဲမယ့် ဒေါ်လာ ၆၃.၁ ဘီလျံထဲမှာ ပေါင်းထည့် အဆိုပြုထားတာပါ။

ဒီအဆိုပြုထားတဲ့ အစိုးရ အသုံးစရိတ်ထဲက အကူအညီပေးမယ့် လျာထားချက်ကို လွှတ်တော်က အတည်ပြုမယ် မပြုဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လွှတ်တော်မှာ အများစု လွှမ်းမိုးထားတဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေက အစိုးရအသုံးစရိတ်ကို လျှော့ချပြီး နိုင်ငံတကာ အကူအညီတချို့ကို ဖြတ်တောက်ဖို့ ပြောဆိုနေတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရေး အဆိုပြုချက်တွေကို ပါတီနှစ်ရပ်စလုံးက ထောက်ခံထားတာကြောင့် ပစိဖိတ်ကျွန်း နိုင်ငံတွေကို အမေရိကန်က အကူအညီပေးရေးကိစ္စမှာ ရီပတ်ဘလစ်ကန် ပါတီရဲ့ ထောက်ခံမှုရဖို့ အခွင့်အလမ်း ပိုများနေပါတယ်။

ကျွန်းနိုင်ငံ ၃ ခုအတွက် အခြေခံကျတဲ့ ဝန်ဆောင်မှု အကူအညီတွေနဲ့ စီးပွားရေးအရ ထောက်ပံ့တာတွေကို နောက်ထပ် အနှစ် ၂၀ အမေရိကန်က ပေးသွားဖို့နဲ့ အပြန်အလှန်အားဖြင့် အဲ့ဒီကျွန်းနိုင်ငံတွေမှာ အမေရိကန် စစ်အခြေစိုက်စခန်းတွေ ထားရှိခွင့်နဲ့ တခြားအထူးအခွင့်အရေးတွေ ရယူသွားဖို့ ဖြစ်ပါတယ်။ အခု အဆိုပြုတဲ့ အကူအညီတွေဟာ ကျွန်းနိုင်ငံသုံးခုအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု ကင်းစင်ရေးနဲ့ အင်ဒို ပစိဖိတ်ဒေသ လက်တွဲဘက် မဟာမိတ်နိုင်ငံတွေ ခိုင်မာ အားကောင်းရေး အတွက် ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောဆိုပါတယ်။ အခု အကူအညီဟာ စစ်ရေးအရ တိုက်ရိုက်သုံးစွဲတဲ့ အစိုးရ အသုံးရစရိတ်ပြင်ပမှာ အများဆုံး အသုံးပြုဖို့ အဆိုပြုတဲ့ အသုံးစရိတ် ငွေပမာဏ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပိစိဖိတ်ကျွန်း ၃ နိုင်ငံအတွက် ဒေါ်လာ ၇ ဘီလျံကျော်ဖိုးသုံးဖို့ ဘိုင်ဒန်အစိုးရအဆိုပြု