ကြာအင်းဆိပ်ကြီး မြို့နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်ဆဲ

ကော့ကရိတ်မြို့နယ် အောင်ဖကြီး၊ အောင်ဖလေးကျေးရွာတွေဘက်မှာ ၂၀၂၃၊ ဇန်နဝါရီလ ၁၂ ရက်က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေစီးလာတဲ့ကားကို ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ခံပုံ။ (ဓာတ်ပုံ ပူးပေါင်းတပ်ဖွဲ့)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇန်နဝါရီလ ၁၃ ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့သလို ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဇန်နဝါရီလ ၁၃ ရက်နေ့က အလယ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့သလို တံတားဦးကျေးရွာဘက် ကိုလည်း လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံတွေထိခိုက်မှုတွေလည်း ရှိနေပါတယ်။ ကော့ကရိတ်မြို့နယ် အောင်ဖကြီး၊ အောင်ဖလေးကျေးရွာတွေဘက်မှာတော့ မနေ့က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေစီးလာတဲ့ကား ပစ်ခတ်ခံရကြောင်း ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“၁၀ နာရီနဲ့မိနစ် ၂၀ လောက်မှာ ပစ်တာ။ BGF ကားတွေကိုပစ်တာ။ ကော့ကရိတ် အောင်ဖကြီး၊ အောင်ဖလေးရွာအနီးမှာဖြစ်တာ။ BGF ကားတွေကိုပစ်တာ။ ဘယ်ကိုသွားလဲတော့မသိဘူး။ တိုက်ပွဲတွေဖြစ်တယ်။ ကားကိုလည်းထိတယ်။ တုံးလုံးလဲ ကျန်နေခဲ့တယ်၊ နောက်မှသွားကြည့်ရတယ်။ ချက်ချင်းတော့သွားကြည့်လို့ ဘယ်ရမလဲ၊ ပစ်တာက KNLA နဲ့စုပေါင်းအဖွဲ့တွေ၊ PDF တွေလည်းပါတယ်။”

ပြီးခဲ့တဲ့လဆန်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ပြီး တပတ်ကျော်ကြာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲမှာတော့ စစ်ကောင်စီတပ်စခန်းတချို့ မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီဘက်က တပ်မှူးတပ်သားကျဆုံးတာတွေရှိခဲ့တာပါ။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၁၀ ဦး ခန့်ကျဆုံးခဲ့တယ်လို့ သိရှိခဲ့ပါတယ်။ အဲဒီနေရာက တပ်စခန်းတွေကိုတော့ ပြန်လည်တပ်တည်ဆောက်ရေးတွေလုပ်နေတာ တွေ့ရတယ်လို့ဒေသခံကပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာ ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တို့ကို တိုင်းမှူးကိုယ်တိုင်လာပြီးအားပေးနေတယ်။ စားနပ်ရိက္ခာတွေပေးတယ်။ တပ်တွေလည်းပြန်ဆောက်ရမှာပေါ့။ သူတို့တပ်တွေ မီးရှို့ခံထားရတာကိုး။”

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်ကုန်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်တဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတာ ထောင်နဲ့ချီရှိနေပြီဖြစ်ပါတယ်။ တောတောင်တွေထဲကလူသူဝေးတဲ့နေရာတွေမှာ ပုန်းရှောင်ရတာကြောင့် စားသောက်ရေးအခက်အခဲတွေကြုံနေရပါတယ်။ စစ်ကောင်စီဘက်ကတော့ တပတ်လောက် နေ့စဉ် လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်တပ်တွေကို ကာကွယ်ခဲ့ပေမဲ့ KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ မြို့ပေါ်အထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုအခါမှာလည်းအဲဒီဒေသတွေကမတည်ငြိမ်ဘဲ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်ရှင်။

Your browser doesn’t support HTML5

ကြာအင်းဆိပ်ကြီး မြို့နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်ဆဲ.mp3

====================

[[Unicode]]






