အချိန်ပိုင်း အစာမစားဘဲနေခြင်း ပုံစံနဲ့ အကျိုးရှိပုံ 

  • ဝင်းမင်း

ရန်ကုန်မြို့လမ်းဘေး ဆူရှီအရောင်းဆိုင်တခုကိုတွေ့ရစဉ် (မေ ၂၉၊ ၂၀၂၀)

အချိန်ပိုင်း မစားဘဲနေတာအတွက် အဓိက ဘယ်လို ပုံစံတွေရှိပြီး၊ ဘယ်လိုပုံ ကောင်းကျိုး ဖြစ်စေတာပါလဲ။ ဒီအချိန်ပိုင်းမစားဘဲနေတာက ပုံစံမျိုးစုံရှိပြီး၊ အဝလွန်တာ၊ ဆီးချိုနဲ့ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အချိန်ပိုင်း အစာရှောင်တဲ့ပုံစံ အဓိက ၃ မျိုးရှိပြီး၊ တစ်ခုက မြန်မာအများစု သိထားတဲ့ ဥပုဒ်စောင့်တာမျိုး နာရီပိုင်း (ညစာ) မစားတာနဲ့၊ ကျန်တာကတော့ တစ်ရက်ခြားမစားတာနဲ့ တစ်ပတ် ၂ ရက် လျော့စားတာပါ။ ဥပုဒ်စောင့်တာမျိုး ညစာမစားတာက မွန်းလွဲကနေ နာရီစုစုပေါင်း ၁၈ နာရီခန့်အထိ မစားဘဲနေတာဖြစ်ပြီး၊ မနက်ပိုင်း ၆ နာရီကျော်လောက်သာ စားတာပါ။ နောက် တစ်ရက်ခြားမစားတာကတော့ ဒီနေ့စားပြီး နောက်တနေ့ မစားကာ နောက်တနေ့ပြန်စားပြီး ဆက်လုပ်သွားတာပါ။ ဒါပေမဲ့ ဒီတစ်ရက်ခြားမစားတာကို တစ်ပတ်မှာ အများဆုံး ၃ ရက်ပဲလုပ်ပြီး၊ ၃ ရက်ထက် ပိုမလုပ်သင့်ပါဘူး။ နောက်ဆုံး တစ်ပတ်မှာ ၂ ရက်လျော့စားတာကတော့၊ တစ်ပတ်မှာ ၅ ရက်စားပြီး ဒီ ၂ ရက်မှာ ပုံမှန်စားလေ့ရှိတဲ့ ပမာဏထက် ၂၅% ကနေ ၃၀% အထိ လျော့စားတာပါ။

အခုလို နာရီပိုင်း ရက်ပိုင်း အစာရှောင်တာက သွေးထဲသကြားဓာတ်လျော့ချပေးပြီး၊ ပိုနေတဲ့ အဆီဓာတ်ကိုပါ ထုတ်သုံးကာ အဝလွန်တာနဲ့ ဆီးချိုကို ကာကွယ်ပေးပါတယ်။ ပုံမှန်အားဖြင့် နေ့စဉ် အစာစားတာကြောင့်ရလာတဲ့ သကြားဓာတ် (ကဆီဓာတ်) ကို မိမိလှုပ်ရှားတဲ့ စွမ်းအင်အတွက် ချက်ချင်းအသုံးပြုကာ၊ ကျန်တာကို အဆီအဖြစ် သိုလှောင်ပေးထားပါတယ်။ ဒါပေမဲ့ အစာရှောင်လိုက်တဲ့ အချိန်ပိုင်းအတွင်းမှာ ဒီသကြားဓာတ် ထပ်မတိုးစေတာအပြင် အပိုသိမ်းထားတဲ့ အဆီတွေကိုပါ လိုအပ်တဲ့ စွမ်းအင်အတွက် ထုတ်သုံးရတာပါ။ အကျိုးဆက်အနေနဲ့ ဒီ အဆီရော သကြားဓာတ်ပါ ပြန်လျော့ချထိန်းညှိုလိုက်ပြီး၊ ကိုယ်ခန္တာထဲ အဆီများ အဝလွန်နဲ့ သွေးထဲသကြားများ ဆီးချိုဖြစ်တာကနေ ကာကွယ်ပေးတာပါ။ ဒီ အချိုနဲ့အဆီများတာကို ထိန်းညှိုပေးလိုက်တာကြောင့် သွေးပေါင်ချိန်၊ နှလုံးခုန်တာနဲ့ ဦးနှောက်အာရုံကြောဆဲလ်ကျန်းမာဖို့ပါ ထိန်းညှိပေးလိုက်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ အဖြစ်ပိုများလာတဲ့ ရင်သားကင်ဆာကိုလည်း ဒီအစာရှောင်တာကြောင့် ပိုမဆိုးစေဘဲ၊ ကာကွယ်ပေးနိုင်တာကိုပါ သုတေသန တွေ့ရှိထားပါတယ်။ ရင်သားကင်ဆာဖြစ်ပြီးသား အမျိုးသမီး ထောင်ဂဏန်းတွေချီကို ၁၆ နာရီ (သို့မဟုတ်) ၁၈ နာရီ မစားဘဲနေစေကာ၊ စားချိန်မှာလည်း ပုံမှန်ထက် ၃၀ % (သို့မဟတ်) ၅၀% အထိ လျော့စားစေတာ ၆ လ လုပ်အပြီးမှာ၊ ဒီကင်ဆာဖြစ်စေတဲ့ ဆဲလ်နဲ့တစ်ရှုးတွေဆက်ပွားတာ လျော့ကျပြီး၊ ပြန်ကျုံ.ကျသွားတာကို အများစုမှာ တွေ့ရှိထားပါတယ်။ ဒါ့အပြင် ကြွက်တွေနဲ့ စမ်းသပ်တာမှာလည်း အစာပမာဏကန့်သတ်ပြီး အချိန်ပိုင်း (တစ်ရက် ၂၄ နာရီ သို့မဟုတ် တစ်ပတ်မှာ ၃ ရက်) မစားဘဲနေတာကြောင့်၊ ရင်သားကင်ဆာ စဖြစ်စေတဲ့ ဆဲလ်နဲ့တစ်ရှုးတွေ မပေါ်ထွန်းတော့တာကိုပါ တွေ့ရှိထားကာ၊ ဒီ ကင်ဆာကနေ ကာကွယ်ပေးနိုင်တာပါ။

ဒီအကြောင်း နယူးယောက်မြို.၊ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာ ခင်မာချိုကို ကိုဝင်းမင်းက မေးထားပါတယ်။

Your browser doesn’t support HTML5

အချိန်ပိုင်း အစာမစားဘဲနေခြင်း ပုံစံနဲ့ အကျိုးရှိပုံ