ဘေဂျင်းမြို့တော် လေယာဉ်အဝင်အထွက်အများစု ရပ်ဆိုင်းထား

တရုတ်နိုင်ငံ Beijing မြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခရီးသွားတချို့ လေယာဉ်ပျံလက်မှတ်ကို စစ်ဆေးနေကြတဲ့ မြင်ကွင်း။ (ဇွန် ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အစားအသောက် လက်ကားဈေးကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့ ဒီကနေ့ပဲ လေယာဉ်ခရီးစဉ် ၃ ပုံ ၂ ပုံလောက်ကို ရပ်ဆိုင်းလိုက်သလို ကျောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။

ဘေဂျင်းမြို့တော်မှာ ရောဂါကူးစက်သူ ၃၁ ယောက်ကိုလည်း ဒီကနေ့ပဲ ထပ်မံအတည်ပြုလိုက်တာပါ။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်မှာပဲ ဒုတိယအကြိမ် ကူးစက်မှုတွေ ကြုံရမှာကို စိုးရိမ်နေတဲ့အတွက်လည်း အာဏာပိုင်တွေက မြို့ခံတွေကို ခရီးမသွားကြဖို့ တိုက်တွန်းထားပါတယ်။

SEE ALSO: တရုတ်နဲ့ နိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် မြင့်တက်

လက်ကားဈေးကနေ တကျော့ပြန်ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ထောင်နဲ့ချီတဲ့လူတွေကို ရောဂါပိုးရှိ-မရှိ စစ်ဆေးနေသလို မြို့တွင်းက ရပ်ကွက်ပေါင်း ၃၀ လောက်ကိုလည်း အသွားအလာတွေ ကန့်သတ်တားဆီးထားပါတယ်။

ဘေဂျင်းမြို့တော်မှာရှိတဲ့ အဓိကလေဆိပ်တွေကနေ အဝင်အထွက် ၇၀ ရာခိုင်နှုန်း လောက်ရှိတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၁,၂၅၅ ခုကို ဒီနေ့မနက်မှာပဲ ဖျက်လိုက်ကြောင်းလည်း နိုင်ငံပိုင်သတင်းမှာ ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံ Beijing မြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဝတ်စုံပြည့်ဝတ်ထားတဲ့ ခရီးသွားတဦး။ (ဇွန် ၁၇၊ ၂၀၂၀)

တကျော့ပြန်ကူးစက်မှုကြောင့် အလယ်အလတ်နဲ့ အမြင့်ဆုံးကူးစက်မှု အန္တရာယ်ရှိတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေက မြို့ခံတွေ ခရီးမသွားကြဖို့ အာဏာပိုင်တွေ တားမြစ်ထားသလို တခြားနယ်မြေက မြို့ခံတွေ ခရီးသွားမယ်ဆိုရင်လည်း ဆေးစစ်ခံဖို့ ညွှန်ကြားထားပါတယ်။

ဘေဂျင်းမြို့တော်က ဈေး ၁၁ ခုကို ပိတ်လိုက်သလို ထောင်နဲ့ချီတဲ့ အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းတွေကိုလည်း ပိုးသန့်စင်ရှင်းလင်းနေပါတယ်။ လွန်ခဲ့တဲ့ ၆ ရက်အတွင်း ဘေဂျင်းမြို့တော်မှာ ကူးစက်သူ ၁၃၇ ယောက်ကိုလည်း အတည်ပြုထားပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄,၆၃၄ ယောက် အပါအဝင် ကူးစက်သူ ၈၃,၀၀၀ ကျော် ရှိကြောင်းလည်း အတည်ပြုထားပါတယ်။

Your browser doesn’t support HTML5

ဘေဂျင်းမြို့တော် လေယာဉ်အဝင်အထွက်အများစု ရပ်ဆိုင်းထား

[Unicode Version]





SEE ALSO: တရုတ်လေကြောင်းလိုင်းတွေ ကန် အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တော့မည်


