ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၀နီးပါး ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အတွက် ကျန်းမာရေး ၊ လူမှုရေး ၊ ကလေးသူငယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို Baptist World Alliance ကမ္ဘာ့နှစ်ခြင်းခရစ်ယာန် ညွှန့်ပေါင်းအဖွဲ့က ၂၀၁၇ ခုအတွက် လူ့အခွင့်အရေးဆု ကို ဇူလိုင်လ ၅ရက်နေ့မှာ ချီးမြှင့်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၃၀နီးပါး ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အတွက် ကျန်းမာရေး နဲ့ လူမူရေးလုပ်ငန်းတွေကိုအဓိကလုပ်ဆောင်နေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ကမ္ဘာ့နှစ်ခြင်းခရစ်ယာန်ညွန့်ပေါင်းအဖွဲ့က ၂၀၁၇ ခုအတွက် လူ့အခွင့်အရေးဆု ချီးမြှင့်ခဲ့တာပါ။ ဒီဆုရရှိတဲ့အတွက် စစ်ပွဲတွေနဲ့ သဘာဝဘေးဒဏ်တွေ၊သဘာဝပတ်ဝန်းကျင်တွေ ဆုံးရှုံးမူတွေ၊ လူမူ့အခက်အခဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် အားတခုဖြစ်ရတယ်လို့ လူအခွင့်ရေးဆုရှင် ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။
“ရွှေ့ပြောင်းအလုပ်သမားတွေ ၊ ဒုက္ခသည်တွေဆိုတာက အထူးသဖြင့်တော့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပြီး မိသားစုတွေလည်း ကွဲကြားသွားတာတွေလည်းရှိကြတယ်လေ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေ စောင့်ရှောက်မှုတွေ ဆိုတာက အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စတွေလည်းဖြစ်တယ်။ နောက်တချက်ကတော့ ကလေးတွေအဟာရဖွံ့ဖြိုးမှုတို့၊ ပညာသင်ကြားခွင့်တွေ ကလည်း သူတို့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေကို အများကြီးထိခိုက်နိုင်ပါတယ်။ လူငယ်လူရွယ်တွေအနေနဲ့ကလည်း လုံခြုံစိတ်ချတဲ့ လုပ်ငန်းခွင်ထဲမှာ ရောက်နေတာမဟုတ်ပဲနဲ့ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ရေရှည် အနာတရဖြစ်စေနိုင်တဲ့ အခြေအနေတွေ ရင်ဆိုင်နိုင်ရတာတွေ၊ နောက် စစ်ပွဲတွေနဲ့ သဘာဝပတ်ဝန်းကျင် ဘေးဒဏ်တွေကြောင့် လူတွေက မိသားစုတွေ တကွဲတပြားဖြစ်ကြရပြီးတော့ တခါ မိသားစုတွေ ပြန်လည်စုစည်းတည်ဆောက်ဖို့ လူမှုအသိုင်းအဝိုင်းတခုပြန်လည်ထူထောင်ဖို့ မှာ အားလုံးက တာဝန်ရှိတယ်ပေါ့နော်။ ဒီလိုဝိုင်းဝန်းပြီးတော့ အားပေးချီးမြှင့်တဲ့အတွက်ကြောင့် ကျမတို့အတွက်လည်း ဂုဏ်ယူစရာဖြစ်တယ်ဆိုတာပြောပါတယ်။”
ဇူလိုင်လ ၃ရက်နေ့ကနေ ၇ ရက်နေ့ ထိလုပ်ဆောင်နေတဲ့ ကမ္ဘာ့နှစ်ခြင်းခရစ်ယာန်ညွန့်ပေါင်းအဖွဲ့ ကြီးရဲ့အစည်းအဝေးကြီးကနေ ဒီဆုကိုပေးဖို့ အတွက်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ ကမ္ဘာ့နှစ်ချင်းခရစ်ယာန် ညွန့်ပေါင်းအဖွဲ့ကြီးဟာ အရင်တုန်းကတော့ ထိုင်းနယ်စပ်ကမြန်မာဒုက္ခသည် တွေကိုသာ အကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုအခါမှာတော့ ထိုင်းနယ်စပ်မှာနေထိုင်နေတဲ့ ရွေပြောင်းအလုပ်သမားတွေအတွက် အာရုံစိုက် စိတ်ဝင်စားမူတွေရှိလာတယ်လို့ ယူဆသလို့ ၂၀၁၇ခုနှစ်အတွက် ပေးတဲ့လူအခွင့်ရေးဆုဟာ ဒေါက်တာစင်သီယာမောင်ရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ဆောင်မူတွေကြောင့် ရရှိခဲ့တဲ့ဆုဖြစ်တဲ့အကြောင်းကိုလည်း ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကလေးအခွင့်ရေးကာကွယ်စောင်ရှောက်မူ ကော်မတီရဲ့ ဒါရိုက်တာဦးအောင်စိုးကလည်း ပြောပါတယ်။
“အဲဒီလောက်ကြီးတဲ့အဖွဲ့အစည်းမှာပေါ့လေ ဆရာမကို ဂုဏ်ပြုတယ်ဆိုတာ ကမ္ဘာ့အတိုင်းအတာနဲ့ကို ထိရောက်တဲ့အားအင်ဖြစ်သွားပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဒီမှာ ခေါင်းခံပြီးတော့ နှစ်နဲ့ချီ ၊ ဇွဲမလျှော့ပဲနဲ့ လုပ်နေတာက ဆရာမတယောက်ပဲ ရှိတယ်လို့ပြောလို့ရမယ်။ မြန်မာထိုင်းနယ်စပ်ဒေသ ဒုက္ခသည် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်နေတာဖြစ်တယ်။”
ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိဘမဲ့ ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ဟာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လူ့အခွင့်အရေး၊ လူသားချင်းစာနာမူတွေ ၊ ဆင်းရဲသားတွေနဲ့ ပစ်ပယ်ခံ လူတန်းစားတွေရဲ့ လူ့ဂုဏ်သိက္ခာအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတဲ့အတွက် နိုင်ငံတကာပေးတဲ့ ဆုပေါင်း၃၀ကျော် ရရှိထားသူဖြစ်ပါတယ်။ကမ္ဘာ့နှစ်ချင်းခရစ်ယာန်ညွန့်ပေါင်းအဖွဲ့က ၂၀၁၇ ခုအတွက် ပေးတဲ့ လူအခွင်ရေးဆုဟာ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက်လည်း အားတခုဖြစ်စေတယ်လို့ လည်း ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေသူတွေကလည်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5