မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထွက်ပြေးလာနေတဲ့ အခြေအနေအပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့က ပြောဆိုပါတယ်။ တချိန်တည်းမှာ ဘာသာရေး လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ကြီးထွားလာမှာ စိုးရိမ်တဲ့အတွက် သူတို့ လုံခြုံရေးအတွက် စိုးရိမ်တဲ့အကြောင်း ပြောဆိုကြပါတယ်။ Reuters သတင်းဆောင်းပါးတပုဒ်ကို ကိုငြိမ်းချမ်းက ပြောပြပါလိမ့်မယ်။
ဘာသာရေး လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေတင် သာမကပဲ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင် သတင်းသုံးတဲ့ မြန်မာ ဗုဒ္ဓဘာသာ တပါးဖြစ်တဲ့ အရှင် Praghna Bodhi က မိန့်ကြားပါတယ်။
“ ဦးပဉ္စင်းတို့ နေရာမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘုန်းကြီးတို့ အသိုင်းအဝိုင်းက အထူးစိုးရိမ်ပါတယ်။ မြန်မာပြည်ဘက်က လူတွေ အများကြီးရောက်လာနေကြတယ်။ အကြမ်းဖက်မှုတွေ အတွက် ဦးပဉ္စင်း တို့က စိတ်မကောင်းဖြစ်မိတာပါ။ ဦးပဉ္စင်း တို့က သတ်တာ၊ မီးရှို့တာ၊ တိုက်ခိုက်တာတွေကို မကြိုက်တဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရပါတယ်။”
မူဆလင်အများစု နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းအကျဉ်းသားရှိပြီး အများစုက Cox's Bazar ခရိုင်အတွင်းမှာ ဖြစ်ပါတယ်။
“ ဒီမှာ ဦးပဉ္စင်းတို့နဲ့ အသိုင်းအဝိုင်း အားလုံးက လူနည်းစုတွေပါ။ နည်းနည်းလေးပဲ ဒါကြောင့်လည်း စိုးရိမ်နေရတယ်။ လောလောဆယ် မှာ ရှင်းမပြနိုင်ပေမဲ့ ရှေ့အနာဂတ်မှာ ဖြစ်လာနိုင်တာတွေအတွက် စိုးရိမ်တာပါ။”
၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ကောက်ဇ်ဘဇားခရိုင် ရာမူး ဒေသမှာ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းကို မူဆလင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ခံခဲ့ရတဲ့ ကျောင်းတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက နောက်ပိုင်းမှာ ပြန်ဆောက်ပေးခဲ့ပေမယ့် ရှေးဟောင်း ဘုရားတွေနဲ့ အဆောက်အအုံတွေ ဆုံးရှုံးခဲ့ဖူး ပါတယ်။
Your browser doesn’t support HTML5