ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း ပစ်ခတ်မှု ၂ ဦးသေ

ကော့ဇ်ဘဇားမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (နိုဝင်ဘာ ၁၇၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုမှာ စနေနေ့က အပြန်အလှန် ပစ်ခတ်မှုအတွင်း ရိုဟင်ဂျာ ဒုက္ခသည်နှစ်ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဒုက္ခသည်နှစ်ဦးက ဘင်္ဂလားဒေ့ရှ် အာဏာရ ပါတီက တာဝန်ရှိသူတဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး စခန်းတွင်းမှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက Jadimura ဒုက္ခသည်စခန်းမှာ စနေနေ့က ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှု အတွင်း ရိုဟင်ဂျာနှစ်ဦး သေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်က အာာဏာရ Awami League ပါတီက တာဝန်ရှိသူတဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ဖမ်းဆီးဖို့အသွား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ကော့ဇ်ဘဇားခရိုင် ဒုတိယရဲချုပ် Ikbal Hossain က အခုလို ပြောပါတယ်။

“ဒေသခံတဦးကို ရိုဟင်ဂျာ လူငယ်တချို့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အမှုလည်း ဖွင့်ထားပါတယ်။ သံသယရှိသူတွေကို ဖမ်းဖို့ ရဲတွေ သွားတော့ ကုန်းမြင့်တွေပေါ်ကနေ သေနတ်နဲ့ ပစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း ၂ ဦး သေပါတယ်။ ဒီအမှုမှာ အဓိက သံသယ ရှိသူကို မကြာခင် ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်။”

နယ်စပ်မြို့ တက္ကနက်ဖ်အနီးက စခန်းတခုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Awami League ပါတီက လူငယ်ရေးရာ တာဝန်ခံတဦး ဖြစ်တဲ့ Omar Faruk ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဏာရပါတီ တာဝန်ခံ တဦး အသတ်ခံရမှုက လက်နက်ကိုင် ဒုက္ခသည်တွေ လက်ချက်လို့ စွပ်စွဲခံရပြီး သံသယရှိသူတွေကို လိုက်လံ ဖမ်းဆီးတာမှာ ရိုဟင်ဂျာနှစ်ဦး ရဲလက်ချက်နဲ့ သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံပို့တာမှာ သေဆုံးခဲ့တာလို့ ရဲက ပြောပါတယ်။

အာဏာရပါတီရဲ့ လူငယ်တာဝန်ခံတဦး သတ်ဖြတ်ခံရပြီးနောက်မှာ ဒေါသထွက်နေတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေက ဒု္ခကသည်စခန်းကို သွားရာ အဓိက အဝေးပြေး လမ်းမကြီးကို နာရီနဲ့ချီ ပိတ်ဆို့လိုက်ပြီး တာယာတွေကို မီးရှို့၊ ဒုက္ခသည်တွေ ဈေးဝယ်ကြတဲ့ ဈေးဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ ဒေါသထွက်ပြီး ရန်မူနေတဲ့ လူအုပ်ကြီးရဲ့ ရန်ကနေ လွတ်မြောက်လာသူ ရိုဟင်ဂျာဒုက္ခသည် Mohammed Saber က အခုလို ပြောပါတယ်။

“ဒီမှာ အမျိုးသားတဦး အသတ်ခံရတော့ ဒေသခံတွေ အများကြီး ရောက်လာကြပါတယ်။ သူတို့က တွေ့တဲ့ ရိုဟင်ဂျာတွေကို ရိုက်နှက်ပြီး ပစ္စည်းတွေကို စပြီး ဖျက်ဆီးကြပါတယ်။ ကျနော်တို့က ဘာများ ပြောနိုင်မှာလဲ။”

ဒေါသထွက်နေကြတဲ့ ဒေသခံတွေက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ပေးနေတဲ့ ရေပိုက်လိုင်း၊ ဈေးဆိုင်၊ ရုံးခန်းတွေကို ဖျက်ဆီးခဲ့တာကြောင့် စခန်းတွင်းမှာ အားလုံး ပိတ်ထားရတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တဦး ဖြစ်တဲ့ Mohammed Rashid က ပြောပါတယ်။

အခုလို သွေးထွက်သံယို တိုက်ခိုက်မှုတွေကြောင့် စခန်းတွင်းမှာလည်း စိုးရိမ် ထိတ်လန့်နေကြပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားပါတယ်။ အသွားအလာများတဲ့ ဒုက္ခသည်စခန်းမှာ စနေနေ့ နှောင်းပိုင်းထိ တိတ်ဆိတ်နေပြီး လမ်းတွေ ဈေးဆိုင်တွေလည်း ပိတ်ထားပါတယ်။ အကြမ်းဖက်မှုရဲ့ လက်သည် တရားခံတွေကို အရေးယူနိုင်ဖို့ ကြိုးစားမယ်လို့ ကော့ဇ်ဘဇားခရိုင် ဒုတိယရဲချုပ် Ikabl Hossain က ပြောပါတယ်။

“မကောင်းမှုတွေလုပ်ဖို့ ရိုဟင်ဂျာ လူဆိုးအဖွဲ့တချို့ ဖွဲ့ထားတယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ်။ သူတို့ထဲက တချို့ကို ကျနော်တို့ ဖော်ထုတ်ခဲ့ပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ ဖြစ်ပါစေ ဒီအဖွဲ့တွေမရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သူတို့ကို တရားဥပဒေအတိုင်း စီရင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။”

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မအောင်မမြင်ဖြစ်ပြီးနောက် အခုလို ပဋိပက္ခ ပေါ်ပေါက်ခဲ့တာပါ။ ရိုဟင်ဂျာတွေ ပထမအသုတ် အနေနဲ့ ဌာနေပြန်ရေး ဒီသီတင်းပတ် စတင်ခဲ့ပေမယ့် ဒုက္ခသည်တဦးမှ ဌာနေမပြန်ကြပါဘူး။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေးကို မြန်မြန် အကောင်အထည် မဖော်နိုင်ရင် ပိုပြီး အခက်တွေ့မယ်လို့လည်း ဘင်္ဂလားဒေ့ရှ် လူမှုရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ Ayasur Rahman က ပြောပါတယ်။

“မကြာသေးခင်က နိုင်ငံရေးသမားတဦး အသတ်ခံရတာဟာဆိုရင် ရိုဟင်ဂျာတွေ ကြမ်းကြုတ်လာတာကို ပြသနေတာပါ။ ဌာနေပြန်ပို့ရေးကို မြန်မြန် မလုပ်နိုင်ဘူး ဆိုရင်တော့ ရှေ့လျှောက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။”

၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်ရမှု ၂ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပဖို့ ဒုက္ခသည်တွေ ပြင်ဆင်နေချိန် အခုပဋိပက္ခ ထွက်ပေါ်လာတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တချို့ ဆန္ဒအလျောက် ဌာနေပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြား ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြန်လည် စတင်ခဲ့ပေမယ့် ဒုက္ခသည် တဦးမှ ဌာနေမပြန်ခဲ့ကြပါဘူး။ ဒုက္ခသည်တွေဘက်က ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုဖို့၊ နိုင်ငံသားဖြစ်ခွင့် အာမခံချက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပြီး မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒါ့အပြင် နိုင်ငံသား ဖြစ်ခွင့်ကလည်း တည်ဆဲဥပဒေ အရသာ ဆောင်ရွက်ရမယ်လို့ ယတိပြတ် ပြောဆိုထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း ပစ်ခတ်မှု ၂ ဦးသေ