ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ် ရိုဟင်ဂျာ ပြဿနာဖြေရှင်းရေး ခက်ခဲဖို့မြင်

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen က ရိုဟင်ဂျာတွေဝင်လာတာ တကယ့် ပြဿနာကြီး တခုဖြစ်ကြောင်းနဲ့ ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှု ဆိုင်ရာပြဿနာဟာ ဖြေရှင်းဖို့ မလွယ်လှဖူးလို့ တနင်္လာနေ့ က ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ လူမှုရေး၊ စီးပွါးရေးနဲ့ လုံခြုံရေးဆိုင်ရာ ကြုံလာရနိုင်တာတွေကို လေ့လာ ဆန်းစစ်ဖို့ တာဝန်ရှိသူတွေကို သူညွှန်ကြားထားကြောင့် သူ့ရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာအရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဝန်ကြီးချုပ် Sheikh Hasina က အချက် ၅ ချက်ပါ အဆိုပြုချက်ကို တင်သွင်းခဲ့ပေမယ့် ဒီအဆိုပြုချက်တွေ အတွက် ညှိနှိုင်းလို့ မရသေးကြောင်းနဲ့ နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ ဒီရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးမှာ တဆင့်တိုးလုပ်ဆောင်ဖို့ ကိုပါ တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာရေရှည် ဖြစ်နေမယ် ဆိုရင် အိန္ဒိယ၊ ထိုင်း၊ မြန်မာနဲ့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ လည်း ဘင်္ဂလားဒေ့ရှ်နဲ့အတူ သက်ရောက်မှုတွေ ကြုံရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ဖြစ်ပေမယ့် ဒုက္ခသည်တွေ တယောက်မှ မပြန်ကြတဲ့အတွက် အစီအစဉ် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ် ရိုဟင်ဂျာ ပြဿနာဖြေရှင်းရေး ခက်ခဲဖို့မြင်