ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ပို့ရေး ပထမဆုံးနေ့ လုပ်ငန်းစဉ် မအောင်မမြင် ဖြစ်ရတာဟာ ဘင်္ဂလားဒေ့ရှ်ကြောင့်ဖြစ်တယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက အပြစ်တင်ခဲ့ ပေမယ့် မြန်မာဘက်ကို ကိုယ့် သဘောနဲ့ကိုယ်ပြန်ချင်တဲ့ ရိုဟင်ဂျာတွေ ရောက်မလာတာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီးက ပြောပါ တယ်။ ရိုဟင်ဂျာတွေဘက်ကတော့ သူ့တို့ ရသင့်တဲ့ အခွင့်အရေး မရဘဲနဲ့တော့ မြန်မာဘက်ကို မပြန်လိုဘူးလို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။ အပြည့်စုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာတွေထဲက ပထမဆုံးအသုတ်ကို နိုဝင်ဘာ ၁၅ ကြာသပတေးနေ့က မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် ပြန်လာသူ တယောက်မှ မရှိခဲ့ပါဘူး။ ဒုက္ခသည်တွေ ဒီလို ပြန်မလာတာဟာ INGO နိုင်ငံတကာအဖွဲ့အစည်းတွေကြောင့်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ ဒီနေ့စပြီး လက်ခံဖို့သဘောတူထားတဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်ပြီး Stand-by စောင့်နေမှာ ဖြစ်ပါတယ်။ ဒါကတော့ တဘက်က စည်းရုံးထားတာလည်း ပါနိုင်ပါတယ်။ နောက် INGO တွေရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ ဒုက္ခသည်တွေအိမ်ပြန်ရေးအတွက် လိုအပ်တာမှန်သမျှ စီစဉ်ဆောင်ရွက် ထားပေမဲ့ တဦးတယောက်မှ ရောက်မလာဘူးလို့ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာ မင်းကြီး Abul Kalam က သတင်းထောက်တွေကို ပြောပါတယ်။
“အရင်က စီစဉ်ထားတဲ့အတိုင်းပဲ ပြန်ပို့ရေးလုပ်ငန်းစဉ်ကို ကျနော်တို့ဘက်က အဆင်သင့် လုပ်ထား ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် ပြန်ဖို့ လာတယ်ဆိုတာနဲ့ လိုအပ်တာတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ကို Camp ၂၂ မှာ အသင့်ပြင်ထားတာပါ။ ကိုယ့်သဘောဆန္ဒနဲ့ ပြန်ချင်တဲ့သူ ပေါ်လာရင်တော့ အဲလိုလူမျိုးကို ကျနော်တို့က ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစားနဲ့ နယ်စပ် လွှဲပြောင်းရေးစခန်းကို ခေါ်သွားပြီး ပို့ပေးမှာပါ။ ကျနော်တို့ဘက် ကတော့ အတင်းအကြပ် ပြန်မပို့ဘူးဆိုတဲ့ မူကို လိုက်နာသွားမှာပါ။”
Unchiprang ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ကိုယူဆွတ်ကတော့ -သူ့တို့ရသင့်တဲ့ အခွင့်အရေး မရဘဲနဲ့တော့ မြန်မာဘက်ကို မပြန်လိုဘူးလို့ ငြင်းဆန်ပါတယ်။
“ဘင်္ဂလားအစိုးရက ပြန်မယ့်လူစာရင်းကို အသေချာ ပြုစုထားပြီးသားပါ။ မြန်မာနိုင်ငံဘက် ပြန်မယ့် လူတွေ အတွက်ကားတွေလည်း အဆင်သင့် ပြင်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့လူတွေ ပြောနေတာက သူတို့ တောင်းဆိုတာတွေကို မြန်မာဘက်က မလိုက်လျောဘူးဆိုရင် သူတို့ ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျနော်တို့ကတော့ နိုင်ငံသားဖြစ်ခွင့်ရရင် ပြန်မှာပါ။ ယာယီ စခန်းတွေမှာ မနေလိုပါဘူး။ ကျနော်တို့ ပိုင်တဲ့ မူလနေရာကို တန်းပြီးသွားချင်ပါတယ်။ ဒါတွေကို လိုက်လျောမယ် ဆိုရင် ကျနော်တို့ ပြန်ကြမှာပါ။”
ဒုက္ခသည်တွေအနေနဲ့ သူတို့ကိုယ်ပိုင်ဆုံးဖြတ်က အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာ ရှိနေတဲ့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် Mr. Chris Melzer ကပြောပါတယ်။
“နေရပ်ကို ပြန်ရေး/မပြန်ရေးဆိုပြီး ဒုက္ခသည်ကိုယ်တိုင်က ဆုံးဖြတ်တာဟာ သိပ်ကိုအရေးကြီး ပါတယ်။ ဒါက သူ့ရဲ့လုံခြုံရေး၊ သူမိသားစု အတွက် လုံခြုံရေးနဲ့လည်း သက်ဆိုင်သလို သူတို့ ပြန်သွားရင် ဘယ်မှာအခြေချ ရမလဲဆိုတဲ့ သတင်းအချက်အလက်တွေ တောင်းဆိုနေတဲ့ ကိစ္စကိုလည်း ကျနော်တို့ထောက်ခံပါတယ်။”
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ဘက် အာဏာပိုင်တွေကတော့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်လို့ ပြောနေ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က နိုဝင်ဘာ ၁၅ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြား သွားပါတယ်။
ဘင်္ဂလားဒေ့ရှိ အစိုးရအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးနဲ့ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲတွေရဲ့ တိုက်တွန်းချက်တွေကို လေးစားလိုက်နာပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်ကို လောလောဆယ်မှာ ရပ်ဆိုင်းထားသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း နိုဝင်ဘာ ၁၅ ရက်နေ့က ထပ်မံတိုက်တွန်းပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေး သူတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို အာမခံချက် မပေးမချင်း အခြေအနေတွေဟာ လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ IA အဖွဲ့က ပြောကြားခဲ့ပါတယ်ခင်ဗျာ။
Your browser doesn’t support HTML5