ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေး နှိမ်နင်းမှုစီမံချက် ၈၆ ဦးသေ ၇၀၀၀ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေး နှိမ်နင်းရေး ရဲတပ်ဖွဲ့

Bangladesh နိုင်ငံမှာမူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှိမ်နင်းတဲ့ စီမံချက်ကို မေလမှာစတင်ခဲ့ထဲက ရဲတွေရဲ့ လက်ချက်နဲ့သေဆုံးခဲ့သူ ၈၆ ယောက်ထက်မနည်းရှိပြီး ၇ ထောင်ကျော် ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံထဲမှာ ရာဘလို့သိကြတဲ့ Methamphetamine စိတ်ကြွဆေးပြားတွေ ပျံ့နှံ့သုံးစွဲနေတာကို နှိမ်နှင်းဖို့ မေလဆန်းပိုင်းမှာ ဝန်ကြီးချုပ် Sheikh Hasina ကစီမံချက်ကို ခွင့်ပြုခဲ့တာပါ။

မူးယစ်မှောင်ခိုအဖြစ် မသင်္ကာသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ၈၆ ယောက်ကို သတ်ဖြတ်ခဲ့တာလို့ ရဲကပြောပါတယ်။ စီမံချက် တလမပြည့်ခင်အတွင်း ခုလိုအများအပြား အသတ်ခံရတဲ့အတွက် ဖိလစ်ပိုင်မှာလို မူးယစ်ဆေးတိုက်ဖျက်ရေးပုံစံဖြစ်မှာကို အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

ရာဘမူးယစ်ဆေးပြားတွေက မြန်မာနိုင်ငံအရှေ့မြောက်ဖက်ကနေ Bangladesh နိုင်ငံဖက်ကို မှောင်ခိုကူးလာတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့က ၆ ယောက်ကို ဖမ်းဆီးခဲ့တဲ့ထဲမှာ Dhaka မြို့တော်ကို ရာဘဆေးပြား ၃ ထောင့် ၃ ရာကျော် သယ်သွားဖို့ ကြိုးစားတဲ့ ၁၂ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ်တယောက်ပါတယ်လို့ အကြီးတန်းရဲအရာရှိတယောက်က သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံထဲမှာ Methamphetamine စိတ်ကြွဆေးသုံးမှု မြင့်တက်လာရတဲ့ အကြောင်းတွေထဲမှာ ရိုဟင်ဂျာတွေ Bangladesh ဖက် အလုံးအရင်းနဲ့ ပြီးခဲ့တဲ့နှစ်က ရောက်လာကြတဲ့အကြောင်းလည်း တချက်ပါတယ်လို့ Bangladesh အစိုးရက ပြောပါတယ်။ မူးယစ်ဆေးရောင်းဝယ်မှုတွေ လတ်တလောပိုများ လာတဲ့အတွက် နှိမ်နင်းဖို့နဲ့ လူတွေ ပိုသတိရှိကြဖို့လိုတယ်လို့ ရဲအရာရှိကြီးက ပြောပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေး နှိမ်နင်းမှုစီမံချက် ၈၆ ဦးသေ ၇၀၀၀ ဖမ်းဆီး