ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က နိုင်ငံခြားသားတွေ အလာများတဲ့ စားသောက်ဆိုင် တခုမှာ စစ်သွေးကြွတွေက ဓါးစာခံ အယောက် ၂၀ ကို သတ်ပစ်ပြီး၊ လုံခြုံရေး တပ်တွေ နဲ့ ၁၁ နာရီကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးတဲ့နောက် ၊ အာဏာပိုင်တွေ ဘက်က မြို့တော်ဒါကာမှာ စနေနေ့က လုံခြုံရေးတွေ တင်းကြပ်လိုက်ပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေက စားသောက်ဆိုင်ကို ဝင်ရောက်စီးနှင်းခဲ့ ပြီးတဲ့နောက်၊ စစ်သွေးကြွ ၆ ယောက်ကို သုတ်သင်နိုင် ခဲ့သလို၊ တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ ပါတယ်။
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ အများစု ဓါးနဲ့ ခုတ်သတ် ခံခဲ့ရတာဖြစ်ပြီး၊ စစ်သွေးကြွတွေက လုံခြုံရေးတွေ နဲ့ အပြန်အလှန် တိုက်ခိုက်နေစဉ် အတွင်း သူတို့ အစုလိုက်အပြုံလိုက် သတ်ထားတဲ့ သူတွေရဲ့ ဓါတ်ပုံတွေကို IS အဖွဲ့ကို ပို့ပေးခဲ့ပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေက ဓါးစာခံ ၁၃ ယောက် ထက်မနည်း ကယ်တင်နိုင် ခဲ့ပြီး သေဆုံးသွားသူ အများစုကတော့ အီတလီ နဲ့ ဂျပန်နိုင်ငံသား တွေ ဖြစ်ကြပါတယ်။
နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ် ရဲ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။ IS အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း တိုက်ခိုက်သူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ ဓါးစာခံတွေကို ၁၀ နာရီကျော်ကြာ ဖမ်းဆီးထားခဲ့ပြီး တဲ့နောက် ဘင်္ဂလားဒေ့ရှ် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေ စနေနေ့ မနက်အစောပိုင်းက စားသောက်ဆိုင်ကို ဝင်ရောက် စီးနှင်းခဲ့စဉ်အတွင်း သေနတ်သံတွေ ပေါက်ကွဲတဲ့ အသံတွေကို ကြားခဲ့ရပါတယ်။
စားသောက်ဆိုင်နား တဝိုက်မှာ လက်နက် တပ်ဆင်ထားတဲ့ စစ်ကားတွေကို ဝိုင်းရံထားပြီး၊ သတင်းထောက်တွေကိုတော့ အဲဒီအနားကို ပေးမလာခဲ့ပါဘူး။
Your browser doesn’t support HTML5