ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း စစ်သွေးကြွနှိမ်နင်းရေး ဖမ်းဆီးမှု ဆက်လုပ်

ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှာ အသတ်ခံရသူ ရိုဟင်ဂျာအရေးခေါင်းဆောင် Mohib Ullah ရဲ့ဈာပန။ (စက်တင်ဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်တဲ့ Mohib Ullah ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အသတ်ခံခဲ့ရပြီးနောက်ပိုင်း ဒီဒုက္ခသည်စခန်းတွေမှာ ရဲတွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပြီး အခုချိန်ထိ ရဲကဖမ်းထားသူ အနည်းဆုံး ၁၆ ဦးရှိပြီလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာတွေ အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Mohib Ullah ဟာ ကုတုပလောင် ဒုက္ခသည်စခန်းက သူ့ရုံးခန်းအပြင်ဘက်မှာ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ် သတ်ဖြတ်တာကို ခံခဲ့ရတာပါ။

ပစ်ခတ်သူဟာ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့က ဖြစ်ကြောင်း သူ့မိသားစုနဲ့ တခြား ရိုဟင်ဂျာခေါင်းဆောင်တွေက ပြောပါတယ်။ ARSA အဖွဲ့ကတော့ ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရတာအတွက် တုန်လှုပ်ဝမ်းနည်းကြောင်းနဲ့ သူတို့အပေါ် စွပ်စွဲမှုဟာ အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်က နယ်ခြားစောင့် ကင်းစခန်းတချို့ကို ၂၀၁၇ တုန်းက ARSA အဖွဲ့က တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောထားပေမယ့် အခုချိန်အထိတော့ ဘာမှ မလုပ်ဆောင်နိုင်သေးပါဘူး။

ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ်ဖြတ်ခံခဲ့ရတဲ့ နောက်ပိုင်း အထူးစစ်ဆင်ရေး အစိတ်အပိုင်းတခု အနေနဲ့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဒီစခန်းတွေမှာ စီးနင်းမှုတွေကနေ ဖမ်းဆီးထားသူ ၁၆ ယောက်ရှိကြောင်း ဒီအထူးစစ်ဆင်ရေးကို ကြီးကြပ်တဲ့ ရဲအရာရှိ Naimul Huq က ပြောပါတယ်။ ဒါပေမယ့် အခု ဖမ်းဆီးထားသူတွေဟာ ဦး Ullah အသတ်ခံရမှုနဲ့ ပတ်သက်မှုမရှိသလို ဒီ ဒုက္ခသည်စခန်းတွေမှာလည်း ARSA အဖွဲ့ လှုပ်ရှားမှုမရှိဘူးလို့လည်း ပြောပါတယ်။

ဦး Ullah အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖမ်းဆီးထားသူ ၅ ဦးထဲက တဦးက ကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ ဒေသသတင်းတွေမှာ ဖော်ပြပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း စစ်သွေးကြွနှိမ်နင်းရေး ဖမ်းဆီးမှု ဆက်လုပ်

--------------------------

(Unicode)






