Bahamas ကျွန်းမှာ Dorian ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နေဆဲ

Dorian ဟာရီကိန်းမုန်တိုင်းဟာ Grand Bahama Island ကျွန်းမြောက်ဖျားမှာ အင်အားကောင်းကောင်းနဲ့ ဆက်ပြီး တိုက်ခတ်နေတာကြောင့် ဘဟားမားကျွန်းစုမှာ နေထိုင်သူတွေဟာ ဒီမုန်တိုင်း ဒဏ်ကို အပြင်းအထန်ခံနေရပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတွေတိုက်ခတ်ပြီး မိုးအကြီးအကျယ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာတွေလည်း ဖြစ်နေပါတယ်။ ကျွန်းစုတွေမှာ တနင်္ဂနွေနေ့ညဘက် စတင်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ တနင်းလာနေ့တနေ့လုံးထိ ခပ်ဖြေးဖြေးသာ ရွေးလျားတိုက်ခတ်နေတာပါ။ ဒီကနေ့ အင်္ဂါနေ့မှာတော့ မုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ဘက်စီ ရွေးလျားတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဘဟားမားဝန်ကြီးချုပ် Hubert Minnis က မြောက်ပိုင်း ဗဟားမားစ်မှာ ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ မုန်တိုင်းကို ရင်ဆိုင်နေရပါတယ်။ အခုအခါမှာတော့ ရှာဖွေရေး ကယ်ဆယ်ရေးနဲ့ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ အဓိကထား ဆောင်ရွက်မှာပါ။ ဒီဒေသမှာ နေထိုင်ကြသူတွေ၊ ကယ်ဆယ်ရေးသမားတွေအတွက်လည်း ဆုတောင်းပေးပါဆိုပြီး ပြောပါတယ်။ တနင်းလာနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ Abaco Island မှာ လူ ၅ ဦးသေဆုံးကြောင်းလည်း သူက အတည်ပြု ပြောပါတယ်။ Grand Bahama ကျွန်းကဒေသခံတွေ မုန်တိုင်းဆဲသွားတဲ့အထိ အိမ်ထဲမှာ နေကြဖို့လည်း တိုက်တွန်းပါတယ်။

အမေရိကန်ဟာရီကိန်းမုန်းတိုင်းစင်တာ ကတော့ Dorian မုန်တိုင်းဟာ ပြင်းအား အဆင့် ၅ အားအကောင်းဆုံးအနေအထားကနေ အဆင့် ၄ ထိ လျော့ကျသွားပေမယ့် အင်္ဂါနေ့ မနက်ပိုင်းအထိ လေတိုက်နှုန်းပြင်းအား တနာရီကို ၁၉၅ ကီလိုမီတာနှုန်းအထိ တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ ဖလော်ရီဒါအရှေ့ဖက် ကမ်းရိုးတန်းကို တိုက်ခတ်နိုင်ပြီး ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာတော့ ဂျော်ဂျီယာနဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် အဲဒီဒေသခံတွေကို အာဏာပိုင်တွေက ပြောင်းရွှေ့ပေးနေပါတယ်။ အမေရိကန်သမ္မတ Donald Trump ကလည်း မုန်တိုင်း သတိပေးချက်တွေကို Twitter မှာ ရေးသားနေသလို မုန်တိုင်းဝင်ရောက်မယ့် ဂျော်ဂျီယာ၊ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီး ကယ်ဆယ်ရေးအစီအစဉ်တွေအတွက် တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

Your browser doesn’t support HTML5

Bahamas ကျွန်းမှာ Dorian ဟာရီကိန်းမုန်တိုင်း တိုက်ခတ်နေဆဲ