အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသ ရောက်ရှိ

B-52 Stratofortress မဟာဗျုဟာမြောက် ဗုံးကြဲလေယာဉ်

အမေရိကန်က စစ်တပ်ချထားမယ့်အကြောင်း အီရန်နိုင်ငံကို သတိပေးအပြီး နောက်တရက်မှာပဲ B-52 ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။

အမေရိကန် Minot လေတပ်စခန်းက B-52 Stratofortress မဟာဗျုဟာမြောက် ဗုံးကြဲလေယာဉ်တွေ အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာန တာဝန်ယူထားတဲ့ နယ်မြေကို ရောက်ရှိသွားပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းနဲ့ ဒေသတွင်းကို တာဝန်ယူရတဲ့ အမေရိကန်စစ်ဌာနချုပ်က လူမှုကွန်ရက်မှာ စနေနေ့က သတင်းထုတ်ပြန်လိုက်တာပါ။

ဗုံးကြဲလေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ဆီတင်လေယာဉ်တွေနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေ အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်ထားကြောင်း အမေရိကန် စစ်တပ်က ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဒေသတွင်းမှာရှိတဲ့ အမေရိကန်တွေနဲ့ အကျိုးစီးပွားတွေကို အီရန်နဲ့ မိတ်ဖက်တွေ၊ လက်အောက်ခံတွေက ပစ်မှတ်ထားခဲ့မယ်ဆိုရင် အများပြည်သူကို ကာကွယ်ဖို့ လိုအပ်သလို တုံ့ပြန်မှာဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်ချုပ် Pat Ryder က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။