၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မကြာမီနာရီပိုင်းအတွင်းမှာပဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ ဧပြီလ (၆)ရက် စနေနေ့ ဒေသစံတော်ချိန် ၄ နာရီကနေ ၇ နာရီအတွင်း ကျင်းပမှာပါ။
ဆု ချီးမြှင့်ပွဲမှာ ၂၀၁၉ ခုနှစ်အတွက် (၁၀) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်တဲ့ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ၄ ဆုကိုလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကိုတော့ အမေရိကန်ဒေါ်လာ တစ်သောင်း ချီးမြှင့်မှာဖြစ်ပြီး အထူးဆုတွေကိုတော့ ဒေါ်လာ တစ်ထောင်စီ ချီးမြှင့်မှာပါ။
ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုခံထားရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် အမည်စာရင်းထဲက ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ မူတွေအတိုင်းစိစစ်ပြီး ဆုရွေးချယ်တာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပြုခံရတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းတာပြီး အဆင့်ဆင့် ရွေးချယ်ပြီးမှ နောက်ဆုံးအဆင့် ရွေးချယ်မှုကို မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တာပါ။
၂၀၁၈ ခုနှစ်တုန်းက ၉ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့က မူဆလင်ကုသိုလ်ဖြစ်ဆေးရုံက ရရှိခဲ့ပြီး ၈ ကြိမ်မြောက်တုန်းက ဆုရှင်ကိုတော့ မန္တလေးမြို့က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်းက ရရှိပါတယ်။
ပြည်သူ့ဂုဏ်ရည် ပထမဆုံးအကြိမ်ဆုကို ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရရှိခဲ့ပြီး၊ နောက်ပိုင်းမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ပင်းတယမြို့က ဖန်မီးအိမ်ရှင် ဆေးရုံအုပ်ကြီး၊ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်တို့လည်း ရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို အထူးဧည့်သည်တော်အဖြစ် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်နဲ့ အဆိုတော် ဆောင်းဦးလှိုင်တို့ တက်ရောက်ခဲ့ပါတယ်။
Your browser doesn’t support HTML5