ဩစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံ ၃ နိုင်ငံ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဒီနေ့ တနင်္ဂနွေနေ့မှာ သဘောတူလိုက်ကြပါတယ်။ အဲဒီ ၃ နိုင်ငံဟာ တရုတ်နိုင်ငံရဲ့စစ်အင်အားကို တန်ပြန်ဖို့အတွက် သူတို့ရဲ့တပ်ဖွဲ့တွေကို လေ့ကျင့်တဲ့နေရာမှာ ပိုပြီးတော့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။
ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Gen Nakatani တို့ ၃ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ဒါဟာ ဩစတြေးလျနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်အသစ်အရ၊ ဂျပန်နိုင်ငံရဲ့ ကမ်းတပ် မရိန်းတပ်ဖွဲ့တွေကို ဩစတြေးလျနဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပုံမှန် အလုပ်အတူ တွဲလုပ်ပြီး စစ်ရေးလေ့ကျင့်ဖို့အတွက် Darwin မြို့မှာ ထားသွားမှာ ဖြစ်ပါတယ်။
ကျနော်တို့ ၃ နိုင်ငံ အတူ ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူလိုက်တာဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံးအတွက် အလွန်ကိုအရေးပါတဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး Marles က ပြောပါတယ်။
အခုလို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုက ၃ နိုင်ငံကြားမှာ ထောက်လှမ်းရေးနဲ့ဆိုင်တဲ့ စောင့်ကြည့် ထောက်လှမ်းတာတွေ တိုးလာစေမှာြဖစ်ပြီး ဒါက အင်ဒို ပစိဖိတ်ဒေသ လုံခြုံစိတ်ချပြီး ငြိမ်းချမ်းဖို့ဆိုတဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ရှေ့ဆက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က ပြောပါတယ်။