ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကြမ်းကြုတ်ရက်စက်တဲ့ အကြမ်းဖက်မှုတွေကို ကြီးကြပ်ခဲ့ကြသူတွေ အဖြစ် စွပ်စွဲချက်နဲ့ မြန်မာ စစ်တပ် ထိပ်တန်း အရာရှိကြီး ၅ ဦးကို သြစတေးလျက ဒီကနေ့ အင်္ဂါနေ့မှာ ခရီးသွားလာခွင့်နဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။
တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိတဲ့ မြန်မာ စစ်တပ် အရာရှိ ၅ ဥိးကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ခရီးသွားလာခွင့် တားမြစ်မှုတွေကို ချမှတ်ကြောင်း သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး Marise Payne က ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုးတို့ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကြောင်း သီးခြား ထုတ်ပြန်ထားပါတယ်။ ပြစ်ဒဏ်ခတ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ငွေကြေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုလုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ဒေါ်လာ ၁ သန်း ၂သိန်း ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်သလို လူပုဂ္ဂိုလ်တွေ အနေနဲ့တော့ ထောင်ဒဏ် ၁၀ နှစ် ကျခံရမယ်လို့လည်း ဖော်ပြပါထားပါတယ်။
အမေရိကန် ပြည်ထောင်စုဘက်ကလည်း ဒီထိပ်တန်း စစ်တပ် အရာရှိကြီးတွေ အပေါ် ပြီးခဲ့တဲ့ သြဂုတ်လမှာ ပြစ်ဒဏ်ခတ်ထားတာ ဖြစ်သလို ဥရောပ သမဂ္ဂဘက်ကတော့ ပြီးခဲ့တဲ့ ဇွန်လမှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲကနေ လူပေါင်း သိန်းနဲ့ချီပြီး ထွက်ပြေးရမှုဟာဆိုရင် မြန်မာ စစ်တပ်ရဲ့ မျိုးတုံးရှင်းလင်းရေး ရည်ရွယ်ချက်ပါတဲ့ လုပ်ရပ်ကြောင့်လို့ မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က စွပ်စွဲပြီး မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တခြား စစ်တပ် အရာရှိ ၅ ဦးကို နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစွဲဆိုနိုင်ဖို့ တိုက်တွန်းထားတာပါ။
ကုလ အချက်အလက်ရှာ အဖွဲ့က တဖက်သတ် ဆန်တယ်လို့ ပြောဆိုပြီး မြန်မာဘက်ကတော့ ပယ်ချထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်ခံမထားတဲ့ မြန်မာနိုင်ငံက ထွက်ပြေးရသူတွေ ပြန်လက်ခံမယ်လို့တော့ အခိုင်အမာ ပြောဆိုထားတာပါ။
Your browser doesn’t support HTML5