မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ရွေးကောက်ပွဲအမှု ထောင်ဒဏ် ၁ နှစ်ချ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးတယ်ဆိုပြီး ပုဒ်မ ၁၇၁-စနဲ့ စွဲထားတဲ့အမှုအတွက် ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပါတယ်။ မကွေးအကျဉ်းထောင်ထဲ အကျဉ်းကျခံခဲ့နေရတဲ့ ဒေါက်တာအောင်မိုးညိုဟာ အခုအချိန်အထိ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချခံထားရပြီးဖြစ်သလို နောက်ထပ်လည်း စွဲချက်တွေနဲ့လည်း တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မကွေးအကျဉ်းထောင်အထူးတရားရုံးတွင်း တရားရင်ဆိုင်နေရတဲ့ ဒေါက်တာအောင်မိုးညိုရဲ့ အမှုနောက်ဆုံးအခြေအနေ ရန်ကုန်က လာတဲ့သတင်း မဆုမွန် တင်ပြပေးထားပါတယ်။

မကွေးအကျဉ်းထောင်တွင်းမှာရှိတဲ့ အထူးတရားရုံးကနေ NLD အစိုးရလက်ထက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ရွေးကောက်ပွဲမှာ မလျော် ဩဇာ သုံးတယ်ဆိုပြီး ပုဒ်မ ၁၇၁-စနဲ့ စွဲထားတဲ့ အမှုအတွက် ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပါတယ်။ မကွေးတိုင်း အထူးတရားရုံးကနေ သူ့ကို ဒီထောင်ဒဏ်ချမှတ်တဲ့အပေါ် မကွေးတိုင်းဝန်ကြီးချုပ်အနေနဲ့ သူ့မှာ အပြစ်မရှိတဲ့အတွက် အယူခံဝင်မှာမဟုတ်ဘူးလို့ ဒေါက်တာအောင်မိုးညိုရှေ့နေက အခုလိုပြောပါတယ်။

"ချဖြစ်တယ်။ ၁၇၁-စနဲ့ အလုပ်နဲ့ထောင်ဒဏ် ၁နှစ်ချပါတယ်။ ထောင်ဒဏ်တနှစ် ထိအောင် ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေချနိုင်တယ် လို့ ဥပဒေအရပြဌာန်းထားပါတယ်။ ဒါပေမယ့် ချနိုင်တဲ့ပြစ်ဒဏ်အကုန်ထိအောင် ချတာပေါ့ ၁ နှစ်။ ဒဏ်ငွေမရိုက်ဘဲနဲ့ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်ချလိုက်တာပေါ့။ ကာယကံရှင် ဆရာအောင်မိုးညိုက သူတို့ချချင်လို့ချတာ၊ အယူခံမဝင်ပါဘူး-ပြောပါတယ်။ စွဲဆိုထားတာအသီးသီးတွေအတွက် သူ့မှာအပြစ်မရှိဘူးလို့သူပြောတယ်။”

ဒီနေ့အမိန့်ချလိုက်တဲ့ အမှုကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က တရားလိုအနေနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒေါက်တာအောင်မိုးညိုဟာ တခြားအမှုတွေအတွက် ထောင်ဒဏ် အနှစ် ၂၀ နှစ်ချခံထားရပြီး အခု နောက်ထပ် ထောင်ဒဏ် ၁ နှစ်တိုးသွားတာဖြစ်ပြီး အခုဆိုရင် ထောင်ဒဏ်စုစုပေါင်း ၂၁ နှစ်အထိ ချမှတ်ခံနေ ရတာဖြစ်ပါတယ်။

စစ်ကောင်စီက မကွေးတိုင်းဝန်ကြီးချုပ် တဦးတည်းအပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၃ မှု၊ တခြားတိုင်းဝန်ကြီးတွေနဲ့ သူ့ကို ပူးတွဲစွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၃ မှု၊ စုစုပေါင်း ၆ မှုအတွက် တမှုကို ၃ နှစ်စီ နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ထောင်ဒဏ် ၁၈ နှစ်၊ အများပြည်သူတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု (ဒါမှမဟုတ်) လုပ်ဆောင်မှု ပုဒ်မ ၅၀၅ -ခ နဲ့ ၂၀၂၁ ခုနှစ် ဇွန်လက ထောင်ဒဏ် ၂ နှစ် ချခံခဲ့ရပါတယ်။

အခုအချိန်အထိ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချခံထားရတဲ့ ဒေါက်တာ အောင်မိုးညိုဟာ သဘာဝဘေး အန္တရာယ်ဆိုင်ရာဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပွင့်ဖြူမြို့နယ်မှာ တရားစွဲဆိုထားတဲ့ အမှုတခုကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒီအမှုကိုလည်း မေလအတွင်း အပြီးသတ် အမိန့်ချမှတ်ဖွယ်ရှိတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖေါ်ဝါရီ (၁) နေ့တုန်းကတည်းက NLDအစိုးရအဖွဲ့ရဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုလည်း အဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို မကွေးမြို့ မြို့သစ်နားက က-ပ-စ တပ်စခန်းထဲမှာ ချုပ်နှောင်ထားခဲ့ပြီး ၃ ရက်အကြာမှာ သူနေထိုင်တဲ့ ဝန်ကြီးချုပ်အိမ်ယာကို ပြန်ပို့ပေးခဲ့ပါတယ်။ နောက် တပတ်လောက်အကြာမှာ ဒုတိယတကြိမ် ဖမ်းဆီးခေါ်ဆောင် သွားပြီးချိန်ကစလို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ အဂတိပုဒ်မ ၅၅၊ ပုဒ်မ ၅၀၅-ခ ၊ သဘာဝဘေးပုဒ်မတို့ အပြင် အခုထောင်ဒဏ်ချမှတ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာပုဒ်မတို့နဲ့ တရားစွဲခံခဲ့ပြီး ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေ ချမှတ်နေတာဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ရွေးကောက်ပွဲအမှု ထောင်ဒဏ် ၁ နှစ်ချ

===============

[[Unicode]]








===============