ARSA အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အလိုရှိသူပြည်ခိုင်ဖြိုး အမတ်ဟောင်းကို ဖမ်းဆီး

အောင်ဇော်ဝင်း (ရဲဇာနည်)

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို ARSA အကြမ်းဖက် အဖွဲ့က တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး အစိုးရက အလိုရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာဖမ်းမိခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ငါးခူရရွာမှာရှိတဲ့ ရဲကင်းစခန်းတွေ တိုက်ခိုက်ဖို့အတွက် သူ့အနေနဲ့ ငွေကြေးထောက်ပံ့ပေးတယ်ဆိုပြီး အစိုးရက ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးခဲ့လို့ တရားခံပြေး သတ်မှတ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို (ခေါ်) ဇော်ကိရ်အာမက် ဟာ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးတဲ့ ARSA အကြမ်းဖက်သမား နှစ်ဦးကို ရုံးတင် စစ်ဆေးတဲ့အခါ ရဲကင်းစခန်းတွေကို တိုက်ခိုက်ဖို့အတွက် အောင်ဇော်ဝင်းက ငွေးကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုတဲ့အတွက် တရားခံပြေးအဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဟုတ်တယ်။ ၂၈ ရက်နေ့က ဖမ်းပါတယ်။ လေဆိပ်မှာ ထိုင်းကိုထွက်ဖို့အထွက်မှာ ဖမ်းတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့အဲ့ဒီ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ဆေးရုံပေါ့နော်။ ဆေးရုံမှာသွားပြီးတော့ကုတဲ့ ဆေးရုံသွားပြီးကုသတဲ့ ARSA အကြမ်းဖက်သမား နှစ်ယောက်ရှိတယ်။ အဲ့ ၂ ယောက်ကို ဘင်္ဂလားဒေ့ရှ်က ဖမ်းပြီးတော့ မြန်မာဘက်ကိုလွှဲတယ်။ လွှဲလိုက်တဲ့ ၂ ယောက်ကို ကျွန်တော်တို့က တရားရုံးမှာ ရုံးတင်တယ်။ ရုံးတင်စစ်ဆေးတဲ့အခါ သူတို့ရဲ့ထွက်ဆိုချက်အရ ဒီအောင်ဇော်ဝင်းက ဒီဟာတွေကို ငွေကြေးထောက်ပံ့စီမံတယ်ဆိုတဲ့ တရားရုံးမှာထွက်ဆိုတယ်။ သူ့ကိုဖမ်းဝရမ်းထုတ်တယ်။ ဖမ်းဝရမ်းထုတ်ထားတဲ့ဟာမှာ ထွက်ပြေးတယ်။ အဲ့တော့တရားခံပြေးအနေနဲ့ မောင်တောတရားရုံးကနေပြီးတော့ ထုတ်ပြန်ထားတာ။ ဟိုလေဆိပ်ကို လေဆိပ်ကနေတဆင့် ထိုင်းကို ထွက်မယ်ဆိုတဲ့အချိန်မှာ ဖမ်းမိတာဖြစ်တာ။"

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ARSA အကြမ်းဖက်အဖွဲ့ဟာ မောင်တောတဝိုက်က နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လကုန်မှာလည်း နယ်ခြားစောင့် ရဲကင်းစခန်း နေရာ ၃၀ ကျော်ကို တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပါတယ်။ အခုလို တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ အစိုးရအနေနဲ့ လုံခြုံရေး အကြမ်းဖက်တိုက်ဖျက်မှုတွေကို အလေးထား ဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

"နံပတ် ၁ အချက်က အကြမ်းဖက်တိုက်ဖျက်ရေးပေါ့နော်။ အကြမ်းဖက်ထိန်းချုပ်ရေးနဲ့ အမျိုးသားလုံခြုံရေး ဒါကတော့ ကျွန်တော်တို့အစိုးရတိုင်း အစိုးရတိုင်း ဦးစားပေးလုပ်ငန်းတာဝန်တွေဖြစ်တယ်။ အဲ့ဒါနဲ့ပတ်သက်လို့လည်း အမြဲတမ်းကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ အသေးစိတ်ကတော့ ကျွန်တော်တို့ပြောဖို့မရှိဘူး။ အဲ့လုံခြုံရေးနဲ့ အဲ့အကြမ်းဖက်တိုက်ဖျက်ရေးကတော့ ကျွန်တော်တို့နိုင်ငံအတွက် အထူးအလေးထား ကိစ္စဖြစ်တဲ့အတွက် အလေးထားပြီးဆောင်ရွက်နေတယ်။"

တရားခံပြေးအောင်ဇော်ဝင်းကို ငါးခူရနယ်မြေရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁) ၊ လက်နက်များအက် ဥပဒေပုဒ်မ ၁၉ (က) မတရားအသင်းအက်ပုဒ်မ ၁၇(၁) စတာတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

သူ့ကို မောင်တောတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်တဲ့အတွက် မောင်တော တရားရုံးမှာပဲ အမှုဖွင့်စစ်ဆေးမယ့် သဘောရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် တိကျတဲ့အဖြေ မရရှိခဲ့ပါဘူး။

မြန်မာအစိုးရက အလိုရှိနေတဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်မှာပါဝင်သူ ARSA အကြမ်းဖက်အဖွဲ့ဝင် ၁,၃၀၀ ကျော်ရဲ့ အမည်စာရင်းနဲ့ ဓာတ်ပုံတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရကို ပေးခဲ့ပါသေးတယ်။

Your browser doesn’t support HTML5

ARSA အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အလိုရှိသူပြည်ခိုင်ဖြိုး အမတ်ဟောင်းကို ဖမ်းဆီး