အစိုးရသစ်မှာ ဒေါ်စုရဲ့ အခန်းကဏ္ဍ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့မှာ ဝင်လုပ်ရင် ပါတီကနေ ထွက်ရမှာမို့ အပြင်ကနေ အားလုံးကို လွတ်လွတ်လပ်ဦးဆောင်နိုင်အောင်လို့ ပါတီမှာ ပြန်လုပ်မယ်လို့ သုံးသပ်ထားကြောင်း ပြောခွင့်ရ ဦးညဏ်ဝင်းက အခုလို ထုတ်ပြောလိုက်ပါတယ်။

”ကျွန်တော်တို့ အခု ဥပေဒပြဒါန်းချက်တွေ၊ လက်ရှိနိုင်ငံရေး အခြေအနေအ ရ သုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိပါတီမှာပဲရှိနေပြီးတော့ ထိမ်းချုပ်ဆော်င်ရွက်သွားမယ်လို့ အဲဒီလိုပဲ မြင်တယ်လေ။”

ဒါပေမယ့် သုံးသပ်သူ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်ကတော့ အခုလို ဦးညဏ်ဝင်း ပြောတာထက်စာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့ နေရာတစ်ခုကနေ ဦးဆောင်သွားနိုင်တယ်လို့ ဆိုပါတယ်။

”တိုင်းပြည်ကို အပြောင်းအလဲလုပ်ဖို့ အကုန်လုံးဟာ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှ ဖြစ်မယ်။ နောက်တစ်ခုက သမ္မတတွေ ဒုသမ္မတတွေ ရွေးခြယ်ထားပုံက သမ္မတတွေ ဒုသမ္မတတွေက တိုင်းပြည်ကို ဦးဆောင်သွားဖို့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့ ဆိုတဲ့ ပုံစံနဲ့ ရွေးခြယ်ထားတာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကို ဦးဆောင်လိမ့်မယ်လို့ပဲနားလည်ထားတယ်။ ဦးဆောင်တဲ့အခါမှာလဲ အစိုးရအဖွဲ့မှာပဲ ရာထူးယူလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”

အဲဒီတော့ ဘာလို့အခုလို ထင်ရပါလဲလို့ မေးရာမှာ ဒေါ်အောင်ဆန်းစုူကြည်က အဲဒီလို ပြောခဲ့လို့ပါလို့ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

”ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့အနေနဲ့က အစိုးရ အဖွဲ့ကို သူဦးဆောင်မယ်လို့ ပြောတာက တစ်ကြိမ် မက သူပြောထားတယ်။

သမ္မတ သူလုပ်ခွင့်မရဘူး ဆိုတော့လည်း ရတယ် ကိစ္စမရှိဘူး။ သမ္မတကို သူ ညွှန်ကြားမယ် ပြောထားတဲ့ အခါကျတော့ ကျွန်တော်တို့က အဲဒါကိုပဲ အတည်လို့ မှတ်ထားတယ်။”

ဒီနေရာမှာ ဘယ်လို အရေးပါတဲ့ ရာထူးမျိုး ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ပါသလဲလို့ မေးတဲ့အခါမှာတော့ တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ အဓိက ဆက်ဆံမှုရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကို ဝင်ချင်ရင်တော့ နိုင်ငံခြားရေး ဝန်ကြီး လုပ်ဖို့ ဖြစ်နိုင်တယ်လို့ ဦးစည်သူ အောင်မြင့်က ဆက်ပြောပါတယ်။

”ကျွန်တော့် တစ်ဦးတည်း ထင်မြင်ချက်ကို ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝန်ကြီး တစ်နေရာရာ၊ အဲဒီ ဝန်ကြီး က ဌာနတော်တော်များများကို ကိုင်တွယ်လို့ရတဲ့ ဝန်ကြီး ဖြစ်လိမ့်မယ်။ ပြီးရင် နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့လည်း ခံယူလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”

ဒါပေမယ့်လည်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးညဏ်ဝင်းကတော့

“ပါတီ ကနေ မလုပ်လို့ရှိရင် ပါတီ အလုပ်ကို လုပ်ခွင့် မရှိတော့ဘူး။ ဥပမာ သူတို့ ပြောနေတဲ့ နိုင်ငံခြားရေး ဝန်ကြီး လုပ်မယ်ဆိုရင် ပါတီလှုပ်ရှားမှုမှာ ပါဝင်ခွင့် မရှိတော့ဘူး။ ဥပဒေက တစ်ခါတည်း ကန့်သတ်ထားတယ်။ အဲဒါထက် စာရင် ပါတီမှာ ရှိနေတာ၊ ရိုးရိုးရှိနေတာက ပိုပြီးတော့ ဆောင်ရွက်ခွင့် လွတ်လပ်တာယ်လို့ ကျွန်တော်တော့ အဲဒီလို မြင်ပါတယ်။ ”

အဲဒီတော့ ဦးညဏ်ဝင်း ခုလို ပြောတာ လက်တွေ့ ဖြစ်လာနိုင်ဖို့ ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ပက်သက်လို့ မေးရာမှာတော့ ဦးညဏ်ဝင်းက

”ကျွန်တော်ကတော့ ကျွန်တော့် အမြင်အတိုင်း ဖြစ်လာမယ်လို့ပဲ တွက်ပါတယ်။ ကျွန်တော်တို့ ဒီကြားထဲမှာကလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ခွင့်လဲ မရှိပါဘူး။ ”

တကယ်တော့ အခုလို ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်အောက်မှာ ဘာဆက်လုပ်မလဲလို့ စိတ်ဝင်စားလာတာကတော့ မြန်မာ့နိုင်ငံရေး အာဏာအလွှဲအပြောင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်ထားတာကြောင့် သူမနဲ့ နီးစပ် သစ္စာရှိသူ နှစ်ဦးကို သမ္မတနဲ့ ဒုသမ္မတဖြစ်ရေး အဆိုပြုအပြီးမှာ သမ္မတလောင်း စီစစ်ရေးအဆိုပြုအပြီးမှာ တပ်မတော်ဘက်က ထောက်ခံမှုမပေးပဲ ကြားနေခဲ့တာ ကန့်ကွက်ခဲ့တာတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။