သဘာဝဘေးအန္တရာယ် အများဆုံး နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံပါ

သဘာဝဘေးအန္တရာယ် အများဆုံး နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံပါ

ဒီနှစ်အတွက် ကမ္ဘာတဝန်း သဘာဝဘေးဒဏ် ခံရဖို့ အန္တာရာယ်ရှိနေတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့အကြောင်း လေ့လာဆန်းစစ်ချက်တရပ်က ဖော်ပြလိုက်ပါတယ်။

ဗြိတိန်နိုင်ငံက Maplecroft အဖွဲ့ကြီးရဲ့ ဘေးအန္တရာယ်လေ့လာရေး အစီရင်ခံစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ကပ်ဘေးဒဏ်ခံခဲ့ရတဲ့ အခြေအနေတွေအပေါ် မူတည်တွက်ချက်ထားတဲ့ အညွှန်းကိန်းမှာဆိုရင် အန္တာရာယ်ကျရောက်နိုင်တဲ့ အမြင့်ဆုံးအခြေအနေမှာ ရှိနေတဲ့ နိုင်ငံတွေအနက် အာရှနိုင်ငံတွေ အများစုပါဝင်ပြီး ဒီအထဲမှာ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ထိပ်ဆုံးနေရာ၊ မြန်မာနိုင်ငံကတော့ အဆင့် ၁၄ မှာ ရှိနေကြောင်း ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံဟာ ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄၀,၀၀၀ လောက်အထိ သေဆုံးမှုတွေနဲ့ ကြုံခဲ့ရတာမို့ ၂၀၀၄ ခုနှစ်က အာရှဆူနာမီပြီးရင် ဒုတိယအဆိုးရွားဆုံး သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ ဒေသအဖြစ်နဲ့ အခုလိုသတ်မှတ်ခဲ့တာလဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခုအခါ ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ဒဏ်ကို သိသိသာသာ ခံစားနေကြရတာ ဖြစ်ပြီး ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်းလဲ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

သစ်တောပြုန်းတီးမှုတွေလို ပတ်ဝန်းကျင် ပျက်စီးမှုတွေဟာ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ဆက်နွယ်မှုတွေရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဦးထွန်းလွင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောဆိုခဲ့ပါတယ်။