အာရှ-ပစိဖိတ်မှာ ကလေးလုပ်သား ၇၇ သန်း အသုံးပြု

မြန်မာနိုင်ငံက ကလေးလုပ်သား ခိုင်းစေမှုမြင်ကွင်း။

ကလေးငယ်တွေကို တရားမဝင် ခိုင်းစေမှုနဲ့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ ခိုင်းစေမှု စတဲ့ ပြဿနာတွေကို အစိုးရတွေက ထုတ်ဖော်ပြောဆိုလာတဲ့အတွက် ကလေးငယ်ခိုင်းစေမှု အရေအတွက် လျော့နည်းလာခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ILO က ကြေညာပါတယ်။ ကမ္ဘာတဝှမ်းမှာ ကလေးလုပ်သားပေါင်း ၁၆၈ သန်း ရှိတဲ့အထဲက တဝက်ခန့်ဟာ အာရှနိုင်ငံတွေမှာ အများဆုံးဖြစ်တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို မမေစန္ဒီက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ အစီရင်ခံစာအရ ကမ္ဘာတဝှမ်းမှာ ကလေးလုပ်သားပေါင်း ၁၆၈ သန်းရှိတဲ့အနက် ၇၇ သန်းဟာ အာရှ-ပစိဖိတ် နိုင်ငံတွေမှာ အများဆုံး တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲက ၃၄ သန်းဟာ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှု အပိုင်းတွေကိုပါ တိုက်ရိုက် ထိခိုက်စေခဲ့ပါတယ်။

စိုက်ပျိုးရေးကဏ္ဍဟာ အဓိက တရားခံဖြစ်ပြီး ကလေးငယ်တွေဟာ လယ်ကွင်းထဲမှာ အလုပ်လုပ်ကိုင်တဲ့အခါမှာ လူကို အန္တရာယ် ရှိစေတဲ့ ဓာတုပိုးသတ်ဆေးဝါးနဲ့ ဓာတ်မြေသြဇာတို့နဲ့ ထိတွေ့နေရတယ်လို့ အာရှ-ပစိဖိတ် ဒေသတွင်းဆိုင်ရာ ကလေးလုပ်သားအရေး ကျွမ်းကျင်သူ Simrin Singh က ပြောပါတယ်။ ဒါပေမဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့ တိုင်းပြည်တွေမှာလည်း ကလေးငယ်တွေ လုံခြုံမှုမရှိတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေတာ ပိုများလာတယ်လို့ သူက ပြောပါတယ်။

“အန္တရာယ်များတဲ့ အလုပ်တွေ တွေ့နိုင်တာကတော့ စိုက်ပျိုးရေးလုပ်ငန်းက အဓိက တရားခံပါပဲ။ ဒါပေမဲ့ တချို့ စက်ရုံလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကလေးလုပ်သားခိုင်းစေမှု အရေအတွက်က အကြီးမားဆုံး ဖြစ်ပါတယ်။”

လာအိုနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော ကလေးလုပ်သားတွေကို စိုက်ပျိုးရေး လုပ်ငန်းတွေမှာ တွေ့ရပြီး အလယ်အလတ် ဝင်ငွေရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ၅၅ ရာခိုင်နှုန်းကို စိုက်ပျိုးရေး လုပ်ငန်းတွေမှာ တွေ့ရပြီး ၃၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှုလုပ်ငန်းတွေမှာ တွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုးတက်မှုတချို့တော့ ရှိပါတယ်။

၂၀၀၀ ခုနှစ် လေ့လာသူတွေ စပြီး စစ်ဆေးခဲ့တဲ့ အချိန်ကစပြီး ၂၀၁၂ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းမှာ ကလေးလုပ်သားပေါင်း ၇၈ သန်း လျော့သွားခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီး ကလေးလုပ်သားဦးရေလည်း အဲဒီအချိန်ထက်စာရင် ၄၀ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။ အမျိုးသား ကလေးလုပ်သားကတော့ ၂၅ ရာခိုင်နှုန်း ကျသွားပါတယ်။

ဒါပေမဲ့ တချို့အိမ်တွေမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်တဲ့သူတွေ အများကြီး ရှိသေးတာကြောင့် အာရှ-ပစိဖိတ် နိုင်ငံတွေမှာ ကလေးငယ် ခိုင်းစေမှု ပပျောက်ရေး သတ်မှတ်ချက်ကို ရောက်နိုင်ဖို့ လိုသေးတယ်လို့ Singh က ဆက်ပြောပါတယ်။

“အာရှမှာ တချို့ ပုန်းကွယ်နေတဲ့ ကလေးလုပ်သားတွေ ကျန်နေပါသေးတယ်။ တချို့ နေရာတွေမှာကျတော့ ဖမ်းလို့မရဘူး။ ဥပမာ ကလေးအိမ်ဖော်တွေ လိုမျိုးပေါ့။ သူတို့တွေကျတော့ အများပြည်သူရဲ့ မျက်စိနဲ့ မမြင်နိုင်ပါဘူး။”

မြန်မာနိုင်ငံမှာတော့ အသက် ၁၃ နှစ်နဲ့အထက် ကလေးငယ်တွေကိုလည်း ဆရာဝန်လက်မှတ်နဲ့သာ ခိုင်းစေနိုင်ပေမဲ့ ပင်ပန်းတဲ့အလုပ်တွေမှာ မခိုင်းစေရဘူးလို့ ဆိုပေမဲ့ ကလေးငယ်အများစုကို စားသောက်ဆိုင်လုပ်ငန်းတွေမှာ ခိုင်းစေတာ တွေ့ရတယ်လို့ အလုပ်သမားရေးရာ အငြင်းပွားမှု ခုံသမာဓိကောင်စီ က အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်း က အခုလို ပြောပါတယ်။

“၁၈ နှစ်ကနေစပြီး ၁၃ နှစ်လောက်ရှိတဲ့ ကလေးငယ်တွေဟာ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ အများဆုံး လုပ်ကိုင်တာတွေ့တယ်။ အလုပ်ချိန်နဲ့ပြောရင်လည်း သိပ်ပြီးတော့ များပါတယ်။ တနေ့ကို မနက် ၅ နာရီ လောက်ကနေ ည ၁၀ နာရီ၊ ၁၁ နာရီလောက်အထိ လုပ်နေရတာ။ ဒါ မြန်မာပြည် အနှံ့အပြားမှာ ဖြစ်နေတာ။ ရန်ကုန်မြို့တမြို့ထဲမှာဆို ၅ သောင်း လောက်ရှိနိုင်တယ်။ တဖက်ကတော့ ဥပဒေအရ ဖမ်းလို့မရဘူးဆိုပေမဲ့ ကလေးတွေရဲ့ လူမှုဘဝအခြေအနေအရကိုက မိသားစုရဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် အဲလိုလုပ်ငန်းတွေမှာ လုပ်နေရတဲ့ ကလေးတွေက အများကြီးပဲ”

“နောက်ဆိုးတဲ့အချက်က ဘာလဲဆိုတော့ ဒီကလေးတွေနဲ့ ပတ်သက်ရင် မှတ်ပုံတင်ထားတာလည်း မရှိဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ စနစ်တကျ အုပ်ချုပ်ထားတာလည်း မရှိတဲ့အခါကျတော့ လုပ်ငန်းရှင်တွေဘက်က၊ အလုပ်ရှင်တွေဘက်က၊ ဆိုးရင် ဆိုးသလို ဒီကလေးတွေက နှိပ်စက်တဲ့ဒဏ်ကို ခံရတယ်။ နောက်တခါ ဒီကလေးသူငယ်တွေက ပညာသင်ကြားခွင့်လို အခွင့်အလမ်းတွေ ဆုံးရှုံးတယ်။ အဲဒီတော့ ဒီကလေးတွေရဲ့ အနာဂတ်က ဒီလို ငယ်ငယ်ကတည်းက အညွန့်ချိုးခံရသလို ဖြစ်နေတာ။ ဒါက ကျနော်တို့ တိုင်းပြည်ရဲ့ ကလေးလုပ်သားနဲ့ ပတ်သက်လို့ တကယ့် ပကတိအခြေအနေပါပဲ။”

ပိုမိုကောင်းမွန်တဲ့ အစိုးရ ပေါ်လစီနဲ့ အသိပညာပေးမှုတွေကလည်း ကလေးလုပ်သား အခြေအနေတိုးတက်မှုအပိုင်းမှာ ကောင်းတဲ့ အချက်တွေပဲလို့ Singh က ပြောပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ လူ့အသိုင်းအဝန်းကို အကာအကွယ်ပြုတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်လာကြပြီလို့ သူကပြောပါတယ်။ ဒါပေမဲ့ အစိုးရတွေသူတို့ လုပ်ဆောင်နေတာတွေကို အားရကျေနပ်နေတဲ့အတွက် အနာဂတ်မှာ တိုးတက်မှု မရှိမှာ စိုးရိမ်မိတယ်လို့ သူကအခုလိုပြောပါတယ်။

“အစိုးရက သူတို့လုပ်တာ ဟုတ်နေပြီဆိုပြီး ထင်နေမှာကို ကျမ အရမ်းစိတ်ပူမိပါတယ်။ အဲဒါဆိုရင် ၂၀၁၆ ခုနှစ်အတွက် ကျမတိုရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှု ရည်မှန်းချက် ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် နောက် ၄ နှစ် ၂၀၂၀ ခုနှစ်ကျရင်တောင် ရောက်မှာမဟုတ်ပါဘူး။”

ကလေးလုပ်သား ပပျောက်ဖို့အတွက် ကလေးသူငယ်တွေ ပညာသင်ကြားနိုင်ရေး၊ အားနည်းချက်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကာအကွယ်ပေးရေးနဲ့ အလုပ်သမား ဈေးကွက်ထဲမှာ ကောင်းမွန်တဲ့ လုပ်အားခနဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးရေးတို့ လိုအပ်တဲ့အကြောင်း ILO ထည့်သွင်း ပြောဆိုထားပါတယ်။