အာဆီယံရဲ့ မိတ်ဆွေအဖြစ် ဆက်ရှိနေကြောင်း ကန်ဝန်ကြီးပြသမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် မေလ ၄ ရက်နေ့ကျရင် ဝါရှင်တန်မြို့တော်မှာ တေ့ွဆုံကြမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ August လကျရင်ကျင်းပမယ့် နိုင်ငံစုံစည်းဝေးပွဲတွေ မတိုင်ခင် ဝါရှင်တန်ကိုလာပြီး ဝန်ကြီး Tillerson နဲ့တေ့ွဆုံဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုတာကို ဝန်ကြီးကလက်ခံခဲ့တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ အစိုးရသစ်ပြောင်းသွားပေမဲ့ အာဆီယံဟာ အမေရိကန်အတွက် မဟာဗြူဟာမြောက်မိတ်ဆွေ အဖြစ်ဆက်ရှိနေပါတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသလိုတဲ့အတွက် ဝန်ကြီး Tillerson နဲ့တေ့ွဆုံဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ သူကပြောပါတယ်။ အရှေ့တောင်အာရှအပေါ် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကို တန်ဖိုးထားတယ်။ ဒေသတွင်း အမေရိကန်တည်ရှိမှုကို လိုလားတယ်ဆိုတာကို အမြဲပြောကြားပြသခဲ့ကြတဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ ဒီဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်ဆက်ရှိနေဖို့ လိုလားတယ်လို့ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ မေလ ၄ ရက်နေ့ကျရင် ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံကြတဲ့အခါ လူကုန်ကူးမှုပြဿနာ၊ အကြမ်းဖက်ဝါဒီတို့ရဲ့ တိုက်ခိုက်ရန်နဲ့ နယ်နိမိတ်အငြင်းပွားနေတဲ့ ကိစ္စတွေအပါအဝင် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးမှာဖြစ်တယ်လို့လည်း အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကြား ဆက်ဆံရေးဆိုင်ရာ တယ်လီဖုန်းပေါ်ကတဆင့် ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Murphy က ပြောကြားသွားပါတယ်။ အမေရိကန်ဆိုင်ရာအာဆီယံသံအမတ်ကြီးတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ ပြီးခဲ့တဲ့လက တေ့ွဆုံခဲ့ကြပါသေးတယ်။

ဝါရှင်တန်မြို့တော်မှာ အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တေ့ွဆုံဆွေးနွေးပွဲလုပ်မယ့်အချိန်ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးနဲ့ အချိန်တိုက်နေတာမို့ ဒေါ်အောင်ဆန်းစုကြည် တက်မတက်ဆိုတာ မသိရသေးပါဘူး။

အခု ၂၀၁၇ ခုနှစ်ဟာ အာဆီယံအဖွဲ့ကြီးတည်ထောင်တာ အနှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်သလို အမေရိကန်နဲ့ အာဆီယံဆက်ဆံရေး အနှစ် ၄၀ ပြည့်တဲ့နှစ်လည်းဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာကျရင် Vietnam နိုင်ငံမှာကျင်းပမယ့် APEC အဖွဲ့ ခေါင်းဆောင်များစည်းဝေးပွဲ၊ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲနဲ့ အမေရိကန် အာဆီယံထိပ်သီးစည်းဝေးပွဲတွေကို သမ္မတ Donald Trump တက်ရောက်မယ်လို့ ကြေညာထားပါတယ်။

Your browser doesn’t support HTML5

အာဆီယံရဲ့ မိတ်ဆွေအဖြစ် ဆက်ရှိနေကြောင်း ကန်ဝန်ကြီးပြသမည်